Pages

Sunday, March 4, 2012

“ချစ်သောမိုးကုတ်(၁)”


   
          ကျွန်တော် စာမရေးဖူးခဲ့ပါ။ စာရေးရမှာ ကြောက်သောကြောင့်လည်း ဖြစ်ပါသည်။ စာလုံးပေါင်း မှားမှာ ကြောက်သည်။ ၀ိုင်းဟားမှာ ကြောက်သည်။ မဖော်ပြမှာ ကြောက်သည်။ ဖော်ပြခွင့်မရမှာလည်း ကြောက်သည်။ သည်ကြောက်စိတ်တို့သည်ပင် သမ္မတကြီးက စတုတ္ထမဏ္ဍိုင်ဟု ဆိုလိုက်သောအခါမယ် လွင့်ပြယ်လျှက် ပြည်သူ့ခေတ်ဂျာနယ်၌ “ထလော့မိုးကုတ်သား အိုမိုးကုတ်သားတို့” စာမူဖြင့် အလင်းတစ်ချက် လက်ခွင့်ရလိုက် သည်။ ထိုမှစီးသော အတိုင်းမသိနိုင်သည့် ပီတိတို့ဖြင့် “ချစ်သောမိုးကုတ်”ကို ဆက်ရေးမိခြင်းဖြစ်ပါသည်။
          ကျွန်တော်မိုးကုတ်ကို ချစ်ပါသည်။ ဇာတိမြေဖြစ်ခြင်းထက် တကယ်လည်း ချစ်စရာကောင်းသောဌာနေ လေးဖြစ်ပါသည်။ သည်ချစ်စရာမြေလေးကို ကျွန်တော်မှချစ်သည်မဟုတ် ကျွန်တော်တို့ဇာတိသား မဟုတ် သည့် ဆရာဦးလှဝင်း(လေသူရဲတစ်ဦး)ကလည်း မည်မျှချစ်စရာကောင်းကြောင်းတွေ ရေးနေပါသည်။
မြန်မာသက္ကရာဇ်-၅၇၉ခုနှစ် မိုးမိတ်စော်ဘွားကြီးသိုးဟန်ဖတ်လက်ထက်တွင် ရှမ်းမုဆိုးသုံးဦး တော လည်ထွက်ရင်း ကျီးများ စွန်များ ၀ဲသည့်နေရာတွင် ရတနာဖြစ်လာမည့် အနီရောင်ကျောက်အတုံးအတစ်များ တွေ့ရှိရာမှအစပြုခဲ့သည့် မိုးကုတ်သည် သမိုင်းနှင့်ရတနာအပြင် ချစ်စရာအမူအကျင့်တွေကို ထမ်းပိုးသယ် ဆောင်ခရီးနှင်ရှာရင်း ယခုအချိန်တွင် သက်ပြင်းတွေ တစ်ဟူးဟူး မှုတ်ထုတ်နေရသဖြင့် သူ့အတွက် ရင်အေးစရာလေးတစ်ခုတော့ ဖန်တီးပေးသင့်ပါပြီ။
မိုးကုတ်သည် ခရီးသွားမြို့လေး ဖြစ်သင့်သည်
          ကျွန်တော်တို့ ငယ်ငယ် အလွန်အေးသော မိုးကုတ်ညနေခင်းများ၌ အဘွားအိမ်က ထင်းမီးဖိုကြီး၏ ပတ်ပတ်လည်တွင်ထိုင်ကာ မောင်နှမသားချင်းတစ်တွေ ဆုံဆည်းတတ်ကြပါသည်။ ထိုအခါ လူကြီးမိဘများက မိုးကုတ်ပုံပြင်တွေ ပြောကြသည်။ အပြင်တွင် ရေခဲတစ်မျှ အေးနေသော်လည်း စကားဝိုင်းတွင်း တွင်မတော့ ချစ်စရာဓလေ့တွေနဲ့ နွေးလို့။
          မောင်ပေါက်ကျိုင်း ရာဇ၀င်လည်း မိုးကုတ်ကစသည်။ မောင်ပေါက်ကျိုင်း၏ ငှက်ပျောတုံးနှင့် မိတ်ဆက်သွားရရှာသော နဂါးသည် မိုးကုတ်ကခုတ်သည့်နန်းတိုင်ဖြင့် ပါတော်မူသွားခြင်းဖြစ်သည်။ နန်းတိုင် ခုတ်သောအရပ်ကို တကောင်းနန်းတိုင်။ ထိုတိုင်ကြီးကို သယ်ဆောင်ရာတွင် နဂါးကြီးပါနေ၍ လူးလူးပြီးထသော အရပ်ကိုလူးထ၊ ထိုးထိုးပြီးကျသော အရပ်ကိုထိုးကျ၊ နတ်တို့က ပင့်ကူ တင်ပေးရသောတောင်ကို ပင့်ကူတောင် ဟုခေါ်ကြောင်း မီးပုံဘေးပုံပြင်များက မှတ်သားရဖူးသည်။
          အဖိုးကတော့ လေယာဉ်ပျံတွေ မီးမှိတ်တုတ်မှိတ်တုတ်နှင့် ပျံသွားတိုင်း ဟိုးကောင်းကင်ကပျံတဲ့ လေယာဉ်ပျံတွေဟာ နိုင်ငံခြားကိုသွားတာပေါ့။ အဲ့ဒီလေယာဉ်ပျံတွေ ဒို့မြို့ပေါ်ကဖြတ်ရင် မိုးကုတ်လို့မီးနီလေး နဲ့ စာတန်းထိုးတယ်တဲ့။ ကျွန်တော့်အဖိုးက လေယာဉ်မစီးခဲ့ဖူးပါ။ နိုင်ငံခြားလည်း မသွားခဲ့ဖူးပါ။ ကျွန်တော် ကိုယ်တိုင်လည်း အခုထိ နိုင်ငံခြားလေယာဉ်မစီးဘူးသေးတော့ ထိုကိစ္စကို အတည်မပြုနိုင်ပါ။ အဖိုးလည်း မည်သည်က ကြားခဲ့ရသည် မသိပါ။
          သို့ရာတွင် Internet ပေါ်၌ မိုးကုတ်ဟုရှာကြည့်ရာတွင် www.allmyanmar.com ၌ “မြန်မာနိုင်ငံ မိုင်းတွင်းများမှထွက်သော တွင်းထွက်ရတနာများသည် ထိုင်းနိုင်ငံ၌အဆုံးသတ်ရပါသည်။ ဘန်ကောက် (သို့မဟုတ်) ချန်တာဘူရီ ပတ္တယားတောင်ပိုင်းဒေသမှာ မိုင်းတွင်းများမရှိသော်လည်း အာရှတွင် ကျောက်မျက် ရတနာရောင်းဝယ်ရာ အကြီးဆုံးသောဈေးကွက်ဖြစ်ပါသည်။ ကျောက်မျက်ဈေးမှာ စနေ၊ တနင်္ဂနွေနေ့များတွင် ဖြစ်သော်လည်း ဆိုင်ငယ်များ၊ စာသောက်ဆိုင်များရှိရာ မြို့တွင်းရှိလမ်းတစ်လမ်းပေါ်တွင်တော့ ရောင်းသူ ၀ယ်သူများအနေဖြင့် စာပွဲတစ်လုံးငှားရမ်းကာ တွေ့ဆုံညှိနှိုင်းဝယ်ယူနိုင်သည်မှာ နေ့တိုင်းပင်ဖြစ်ပါသည်” ဟုဖော်ပြထားသည့်ပြင် “မိုးကုတ်မှထွက်သော ဂေါ်ကြိုး(Star Ruby)ကဲ့သို့သော ပတ္တမြားများအပါအ၀င် မြန်မာ့ပတ္တမြားများသည် လှပသော ကျောက်မျက်ရတနာများအဖြစ် ဘန်ကောက်တွင် ချန်တာဘူရီတွင် အဆုံးသတ်ပြုလုပ်ပါသည်” ဟုတွေ့မိပါသည်။ မိုင်းတွင်းများကိုယ်ပိုင်မရှိပါဘဲ အငှားကိုယ်ဝန်နှင့်နာမည် ကျော်ကြားနေသော ယိုးဒယားဟု တွေ့မိသောအခါမယ် အဖိုးစကားမှာ သံသယများစရာ ဖြစ်လာပါတော့သည်။
          သည်လိုဘာလို့ဖြစ်ရပါသနည်း။ မိုးကုတ်သည် နိုင်ငံခြားသားခရီးသွားများကို စွဲညို့ဖမ်းစားစေနိုင်သော နေရာတစ်ခုဖြစ်ပါသည်။ ခြေခြေမြစ်မြစ် သမိုင်းအနှစ်တွေနှင့်လည်း ဖွဲ့သီထားပါလျှက်။
၁၈၈၉ခုနှစ်မှစ၍ အင်္ဂလိပ်တို့၏မြန်မာပတ္တမြားတွင်းကုမ္ပဏီ Burma Ruby Mines(B.R.M)သည် မိုးကုတ်မှာ ကျောက်စတူးခဲ့ပါသည်။ ပထမဆုံးခေတ်မီမီ စက်ဖြင့်တူးခြင်းဖြစ်ပြီး ကုမ္ပဏီ၏နာမည်ကြီး အင်ဂျင်နီယာ မော်ဂန်(A.H MORGAN)က ကျောက်တွင်းမှ ရေတွေလွှတ်ထုတ်ရန်အတွက် ဂန္တ၀င်မြောက်သော ရေလွှတ်ဥမင်လှိုဏ်ကို တူးခဲ့ဖူး သည်။ ၁၉၂၅ခုနှစ်မှာ မိုးကြီးရွာပြီး ဥမင်ပြိုကျကာ ရေလွှတ်မရတော့သောကြောင့် ကျောက်တွင်းဟောင်းနေရာ သည် မြို့လယ်အလှအပအင်းကြီးအဖြစ် ယနေ့ထိ ကျန်ရှိနေပါသည်။ သည်နေရာမှာ အင်္ဂလိပ်လူမျိုးများအပါအ၀င် နိုင်ငံခြားသားခရီးသွားတို့ လေ့လာနိုင်သောသမိုင်းတွေရှိသည်။ ခေတ်တခေတ်ကို သည်အင်းကြီးက ထင်ဟပ်ပြ နိုင်သည်။
ကမ္ဘာတွင် တစ်ပွင့်မှတစ်ပွင့်ဆိုသလောက်ရှားသော ကျောက်မျက်ပညာရှင်များ တစ်ကောက်ကောက် လိုက်နေကြသည့် ပိန်းနိုက်(Painite)ခေါ်ရတနာတစ်မျိုးကို မစ္စတာပိန်း(မိုးကုတ်သားတို့အခေါ်ဗိုလ်ပိန်း)က British Museum of Natural History in London ၌လှူဒါန်းပြသထားသည်။ သည်ကမ္ဘာကျော်ရတနာမှာ မိုးကုတ်မြို့နယ်အတွင်း အုန်းကိုင်းရွာအနီးရှိတွင်းများမှ မစ္စတာပိန်းက ရသွားခြင်းဖြစ်သည်။ သည်ရတနာကို ယခင်က ကမ္ဘာမှာရှာမတွေ့ဖူးသေးလို့ Mr. A.C.D Painအား ဂုဏ်ပြုကာ ပိန်းနိုက်(Painite)ဟုအမည်ပေးရ လေသည်။
မစ္စတာပိန်း၏အကြောင်းတွေက မိုးကုတ်သားတို့ ပါးစပ်ဖျားမှာ အများကြီးကျန်ပါသည်။ ဗိုလ်ပိန်းနှင့် မိုးကုတ်သားတို့က ဆွေမျိုးရင်းချာတွေလို နေခဲ့ကြသည်။ မိုးကုတ်သားတစ်တွေကလည်း အဖိုးကြီးပိန်းကို သူတို့လိုမိုးကုတ်သားဟုပင် သဘောထား၍ ပေါင်းခဲ့ကြသည်။ ဗိုလ်ပိန်းက ဘောလုံးသင်းလည်းထောင်ပေး ဖူးသည်။ ငှက်မြန်အသင်းဟုခေါ်ပါသည်။ အောင်ဆန်းကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်းဖြင့်ပင် သွားကစားဖူး သောအသင်းဖြစ်ခဲ့ဖူးပါသည်။ သို့ရာတွင် မိုးကုတ်သားတို့ သတိမထားလိုက်မိတာက သူတို့ ချစ်သောအဖိုးကြီးပိန်း သည် အမှန်စစ်စစ်ကမ္ဘာ့ထိပ်ဆုံးမှာရှိသော ကျောက်မျက်ပညာရှင်၊ အင်္ဂလန်က သူဌေးတစ်ဦးဆိုတာကိုပင်ဖြစ် သည်။ သည် ကျောက်မျက်ပညာရှင် မစ္စတာပိန်း၏ နေအိမ်မှာ အမှတ်ရစရာ ယခုထိမိုးကုတ်မှာရှိပါသည်။
          မစ္စတာပိန်းကဲ့သို့ပင် မိုးကုတ်သားတို့က စစ်မင်းကြီးခေါ်သည့် သိယိုဖိးလစ်(Theophilus) ကမ္ဘာမှာ ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ တစ်ဦးလည်းနေသွားဖူးသေးသည်ဟု ဆရာဦးလှဝင်းရေးသော စာတွေထဲ ဖတ်ရသည်။ ဒါကို ကျွန်တော်တို့ပင် မသိခဲ့ပေ။
          အမြဲစိမ်းညို့သောတောတို့အုပ်နေသည့် တောင်ပေါ်ဒေသ တိမ်တိုက်တွေကို ထိကစားလို့ရနိုင်သော ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၈၀၀ကျော်တွင်ရှိသောမိုးကုတ်သည် အေးတာကအလွန်။ Tour Season ဟုခေါ်သော အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများဆိုလျှင် နံနက်လင်းပါက မြက်ဖျားနှင်းစက်လေးတွေ ခဲနေတာတွေ့နိုင်သောမြို့ဖြစ်သည်။ ပြင်ဦးလွင်၊ ကလောတို့နှင့်ယှဉ်နိုင်သော တောင်ပေါ်သဘာဝအလှက နေသားတစ်ကျရှိနေသည်။ စိမ့်စမ်း၊ ထုံးကျောက်လှိုဏ်ဂူတွေဆိုတာ အထူးအဆန်းပင် မဟုတ်တော့။ သောက်ရေကိုပင် ထိုကျောက်လှိုဏ်ဂူတွေ၊ စိမ့်စမ်းတွေမှ သွယ်တန်းသောက်ကြပါသည်။ မထုမဆစ်ရဘဲ သဘာဝကျကျ သဏ္ဍန်အမျိုးမျိုးသော ကျောက်စက်ပန်းဆွဲတွေကို သည်လှိုဏ်တွေမှာ ဂန္တ၀င်မြောက်လောက် အောင်တွေ့နိုင်သည်။ အရင်က ကျောက်တွင်းလုပ်ခဲ့သောအလံတစ်ရာလူးခေါ် ကျောက်တွင်းနက်ကြီးကလည်း စိတ်ဝင်စားစရာ လေ့လာစရာဖြစ်လာနိုင်သည်။ ဖိလစ်ပိုင်နိုင်ငံမှ မြေအောက်မြစ်ပူအာတိုပရင့်ဆာကို ကမ္ဘာ့အံဖွယ်ခုနှစ်ခုတွင်ပါဝင်ကြောင်း ဆွစ်ဇာလန်ဖောင်ဒေရှင်း New 7 Wonders ကကြေညာသည်ဟု သတင်း တစ်ပုဒ်ဖတ်လိုက်ရရာတွင် ကျွန်တော်မိုးကုတ်သား မချင့်မရဲ ဖြစ်မိသည်။
သစ်တောသစ်ပင်ထူထူထဲထဲကို အမြဲခြုံနေလေ့ရှိသော တောင်မဲတောင်က ၇၅၄၄ပေအမြင့်ရှိပြီး လျှို့ဝှက် နက်နဲသော သဘာဝအလှတွေပိုက်ထွေးလို့။ Natural Tourism အတွက်လည်းအသင့်။ တောင်မဲတောင်မှာ ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ်ရှိ Swamp Way လို မျိုးရွှံနွံတောတွေက တစ်တောင်လုံးဖုံးနေသည်။ Insectကြည့်မလားနှင့်ငှက် ကြည့်မလား။ သစ်ခွရှာမလား။ ရုက္ခဗေဒဆိုင်ရာတွေ လေ့လာမလား။ မြို့နဲ့လည်းအရမ်းမဝေးသော သဘာဝပြတိုက် ဖြစ်ပါသည်။ နေရောင်မခ၊ မိုးစက်မကျဘဲ အုံ့မဲညို့ဆိုင်းတတ်လို့ တောင်မဲတောင်ဟု ခေါ်ခဲ့ကြသည်။
အင်္ဂလိပ်လက်ထက်ကပင် မိုးကုတ်နယ်တွင် စတုရန်း၇၂မိုင်ကိုတောတောင်ကြိုးဝိုင်းနယ် သတ်မှတ်ကာ ဘေးမဲ့တောပေးဖူးသည်။ ကျွန်တော်တို့ငယ်ငယ်က ကျားဟိန်းသံပင်ကြားနိုင်သေးသည်။ ချေ၊ ဆတ်တို့ရှိ သည်။ ရှားပါးသတ္တ၀ါ တောင်ဆိတ်တို့လည်း တွေ့နိုင်သည်။
          မိုးကုတ်မြို့မှမိုးမိတ်သို့ ထွက်သောလမ်းရှိ ကြေးနီတောင်(၆၇၃၃)ပေမှာလည်း ဟိုတယ်ဆောက်လျှင် ကျောက်သားကျောက်ဆောင်တွေနှင့် သဘာဝကျကျဆင်သနိုင်သောနေရာ ဖြစ်သည်။ ကျောက်ဆောင်များကို မှီး၍ ဆောက်ထားသော အဆောက်အုံတစ်ခုရှိနေခဲ့ရာ လာရောက်လည်ပတ်သူများ ထူးထူးဆန်းဆန်းဓါတ်ပုံ ရိုက်စရာ နေရာတစ်ခုအဖြစ် တခုတ်တရ ပြနေရကြ ဖြစ်သည်။
          ပင့်ကူတောင်ကို အင်္ဂလိပ်တွေက မြန်မာမင်းထံ ရွှေဒင်္ဂါးနှင့်ဆက်ဝယ်တာသားရဲ့ဟု မေမေက ခဏခဏ ပြောဖူးသည်။ ဟုတ်သည်မဟုတ်သည်ထက် သေချာတာတော့ သည်တောင်တော်က ကျောက်တော်တော် ထွက်သည်။ ပြိုလဲသွားမှာစိုး၍ အမျှော်အမြင်ရှိသောလူကြီးတွေက ဘုရားတည်ကာ ဘုရားတောင်အဖြစ် ထိန်းသိမ်းထားရသည်။
မိုးကုတ်သို့အညာဒေသမှတက်လာလျှင် တောင်တက်တွေဆုံးသော ရှု့ခင်းသာနေရာက လှမ်းကြည့် လျှင် ကျောက်သားကျောက်စွန်းတွေ ထောင်ထားသလိုမြင်ရမည့် ကျောက်ပြဿဒ်ဘုရားတောင်တစ်ဝှိုက်မှာ ကျောက်လှလှထွက်သောအရပ်အဖြစ် နာမည်ကြီးသည်။ ကျောက်ပြဿဒ်မှ ထွက်သောနီလာမှာလှရာတွင် ပြိုင်စံရှားလေသည်။ ကျောက်ပြဿဒ်တောင်သည် မြွေလိမ်မြွေကောက်လှေကားထစ်ကလေးများမှ တက်သွား ရသော သိပ်လှသည့် ထူးခြားဆန်းပြား သဘာဝကျောက်တောင်တစ်ခုဖြစ်ပါသည်။ မိုးကုတ်အလည်လာသူများ ကို လိုက်မပို့လျှင်မဖြစ်သော နေရာအဖြစ်လည်း ကျော်ကြားပြန်သဖြင့် ကမ္ဘာလှည့်ခရီးသွားများရောဟု ဆိုချင်စရာ ရှိပါသည်။ အစိုးရ၏ နိုင်ငံကျော်မိုင်းတစ်ခုဖြစ်သော ကုဋေကဋာကလည်း သည်ကျောက်ပြဿဒ် အရပ်မှာရှိပါသည်။
Mr. Edward Gubelin, president of Gubelin’s of Switzerland နှင့်အဖွဲ့များက ၁၉၉၃ခုနှစ်တွင် လင်းရောင်ခြည်ရူဘီမိုင်းကို လာရောက်လေ့လာလည်ပတ်ဖူးသဖြင့် မိုးကုတ်ရှိကျောက်တွင်းမိုင်းများမှာ နိုင်ငံခြား သားခရီးသွားများခွင့်ပြုလျှင် ကျောက်မျက်ပညာရှင်၊ ဘူမိဗေဒပညာရှင်၊ သမိုင်းသုတေသီ စသောပညာရှင်များ အတွက်ဖြစ်သလို ဒေသသဘာဝမှာလည်း ဓါတ်ပုံသမား၊ တောတောင်သဘာဝနှစ်ချိုက်သူများ၊ စိတ်ချမ်းမြေ့ စဖွယ် အပန်းဖြေအနားယူလိုသူများအတွက် ထူးထူးခြားခြား ရသစုံအမယ်မယ်ဖြင့် ဧည့်ခံလိုသော ခရီးသွားကြိုက် ဟင်းလေးအိုးကြီး ဖြစ်လာမည်မှာလည်း မလွဲပေ။
ပေးပို့သူ
ပြတ်သား(ရတနာမြေ)
(10.1.2012)

“ချစ်သောမိုးကုတ်(၂)”



ထူးခြားသော ရိုးရာအနေအထားလေးအတိုင်း တွေ့နိုင်သေးသည့်လူမျိုးစုရွာလေးမှာ ၁၈၈၆ခုနှစ်တွင် အင်္ဂလိပ်တို့စစ်အောင်နိုင်ပြီးနောက် မိုးကုတ်ကိုသိမ်းယူသောအခါတွင် မေဂျာချားလ်ဘားနဒ်က ၄င်း၏စစ်တပ် ဖြင့် မိုးကုတ်ဧရိယာသို့ ပြောင်ဂေါင်းခေါ်သောအရပ်မှ ၀င်ရောက်ခဲ့ပြီး ဘားနဒ်ရွာဟုအမည် ပြောင်းခဲ့သော ရွာလေး ဖြစ်ပါသည်။ ထိုဘားနဒ်ရွာတွင် တိုင်းရင်းသားလူမျိုးစုများ၊ တိုင်းရင်းသားရိုးရာများကို ငါးရက်တစ်ခါ ဖြစ်ပေါ်လေ့ရှိသည့် ဈေးနေ့များ၌ ထိတွေ့လေ့လာနိုင်သလို ဒေသခံအစားအသောက်များအပြင် သဘာဝကျကျ ချက်သော ဒေသခံလီရှောအရက်ကိုလည်း ဟိုဆိုင်ဝင်သည်ဆိုင်ထွက် မြည်းစမ်းသောက်နိုင်သေးသည်။ စစ်ငွေ့စစ်ရိပ် သမ်းခဲ့ဖူးသော သမိုင်းရှိသည့် နေရာတစ်ခုဖြစ်ပါသည်။
သည်သမိုင်းတွေပြောလျှင် ကမ္ဘာကျော်ခဲ့သည့် ပတ္တမြားငမောက်ရာဇ၀င်မှာလည်း ဖျောက်ထား၍ မဖြစ်ပေ။ ပတ္တမြားငမောက်ဆက်သရန် ပျက်ကွက်ခဲ့သည့် လူတစ်စုအား ဘုရင်ကကွပ်မျက် လောင်တိုက်သွင်း ရာအရပ်ကို လောင်းစင်ဟုခေါ်သော ရွာငယ်လေးအဖြစ်တွေ့နိုင်သေးသည်။ ထိုလူတစ်စုမှ ထွက်ပြေးလာသူ ဒေါ်နန်းမှာ မိုးကုတ်အနောက်ပိုင်းကျပ်ပြင်အ၀င်ရှိ တောင်ပေါ်အရောက်ဝယ် နောက်ပြန်ကြည့်ရာ ဆွေမျိုးတို့၏ လောင်စင် တိုက်မှ မီးခိုငွေ့ငွေ့များကို မြင်ရ ရင်ကွဲနာကျကာ ကွယ်လွန်ရှာပါသည်။ အဆိုပါတောင်တော်အား ဒေါ်နန်းအရှင်မ စောင့်ရှောက်လို့ ဒေါ်နန်းကြည့်တောင်တော် အဖြစ်ထင်ရှားခဲ့သည်။
ရာဇ၀င်နှင့်ချိန်ညှိ နိုင်စရာ ထူးခြားချက်တစ်ရပ်မှာ ရတနာနှင့်နွယ်ပြီး ကွယ်လွန်ကုန်ရှာသော ဆွေမျိုးတို့ အတွက် ရင်နာရလေသူ တောင်တော်သခင်မ ဒေါ်နန်းစောင့်ရှောက်ရာ တောင်တော်တစ်ဝိုက် ရတနာကြွယ်သော ရတနာနယ်ဖြစ်ပါလျှက် ထူးခြားစွာ ရတနာမထွက်တာ ပဒေသရာဇ်ခေတ်ဆိုးကို စိတ်တော်နာလေလို့ ထင်ရဲ့။
ပတ္တမြားငမောက် အဖိုးကြွယ်ပုံနှင့်ပတ်သက်၍ French Trade Mission မှ မိုးကုတ်ဒေသတစ်ခုလုံးကို ၀ယ်ရန် မြန်မာမင်းထံကမ်းလှမ်းခဲ့သည်တွင် မြန်မာမင်း၏ကိုယ်စားလှယ်က ငမောက်ပတ္တမြားကို ရေထည့်ထား သည့် ဗန်းငယ်အတွင်း ထည့်၍ပြသသည်ဟုဆိုသည်။ ဗန်းငယ်တွင်းရှိ ရေတို့အရောင်မှာပတ္တမြား၏ အရောင် အနီသို့ ပြောင်းသွားသည်တဲ့။ သည်အခါမှ သည်လိုအဖိုးတန်ကျောက်တွေ မရေမတွက်နိုင် လောက်အောင် ထွက်နိုင်သော မိုးကုတ်ရတနာမြေကိုဝယ်ရန် ကမ္ဘာတွင်းရှိ ပိုက်ဆံအားလုံးဖြင့်ပင် မလောက်ဟု အကြောင်းပြ၍ ပြင်သစ်တို့၏ကမ်းလှမ်းချက်ကို ငြင်းခဲ့ရဖူးသည်ဟုမှတ်သားရသည်။
ရတနာဆိုတာ အဖိုးထိုက်တန်ခြင်း၊ ရှားပါးခြင်း၊ လှပတင့်တယ်ခြင်း၊ နန်းသုံးတော်ဝင် လူကြိုက်များ ခြင်းတို့ရှိမှ ရတနာမည်ပါသည်။ ပတ္တမြားငမောက်ကဲ့သို့သော အဖိုးထိုက်ရတနာတွေနှင့်ခင်းထားသော မိုးကုတ် ရတနာမြေကို အဘယ်ခရီးသွားက လွှဲချော်ပြီး သွားနိုင်စရာ အကြောင်းရှိပါမည်နည်း။
ရတနာမြေဟုခေါ်ဆိုနိုင်ခြင်း စံတစ်ခုကို ညွှန်းပြုလိုပါသေးသည်။ ကမ္ဘာတွင်ပင် ရှားမည့်အမျိုးပင်ဟု ဆိုချင်ပါသည်။ သေးသေးကွေးကွေးလေးလည်းမဟုတ်ပါ။ ကျွန်တော့်စိတ်ထင် နှစ်ပေကျော်ကျော်မြင့်၍ သုံးပေ ပတ်ပတ်လည် အကျယ်လောက်ရှိပြီး ရွှေချိန်(၁၅၀)ကျပ်သားပေါ်တွင် မိုးကုတ်ထွက်ရတနာ ပတ္တမြား၊ နီလာ၊ စိန်၊ ဂေါ်မုတ်၊ ဥဿဖယား၊ ပုလဲ၊ မိုးကုတ်မြ၊ ပြောင်ဂေါင်းစိမ်းစသော တွင်းထွက်ရတနာစစ်စစ်တို့ဖြင့် မိုးကုတ် ပန်းတိမ်ဆရာတွေက စီကာခြယ်ခတ်အလှဆင်သထားသည့် ပတ္တမြားပလ္လင်နှင့် ငွေပလ္လင်တို့ဖြစ်ပါသည်။ ပတ္တမြားပလ္လင်တော်မှ ပိုလျှံသောရတနာတို့ဖြင့် စီခြယ်ခတ်လုပ်ထားသော အောက်ခံငွေသားအလေးချိန်(၂)ပိဿာ၊ (၆၁)ကျပ်သားရှိ ငွေပလ္လင်တော်မှာလည်း ကျောက်မျက်ရတနာထည်ထည်ဝါ၀ါနှင့် မိုးကုတ်မြို့လယ်ဖော်တော်ဦး ဘုရားတွင်ထားရှိပါသည်။ ဖောင်တော်ဦးရုပ်ပွားတော် မြတ်နှစ်ဆူစံတော်မူရန်ဖြစ်သည်။
မိုးကုတ်နေသူများက ဖောင်တော်ဦးရုပ်ပွားတော်မြတ်အား ကြည်ညိုမဆုံး၍ မိမိတို့ပိုင်ရတနာများကို ရွှေသားသင်္ကန်လွှာအတွင်း ထိုးသွင်းမြှုပ်နှံပူဇော်သဖြင့် နောင်တွင်ရုပ်ပွားတော်အဆင်းသဏ္ဍန်ကို ပျက်ယွင်း စေမှာစိုးသောကြောင့် လှူဒါန်းလိုသောရတနာများကို လက်ခံသိမ်းဆည်းပြီး စုပေါင်း၍ ပလ္လင်တော်နှစ်ဆူ ပြုလုပ်လှူဒါန်းခဲ့ကြောင်းသိရပါသည်။ သည်ပလ္လင်တော်နှစ်ဆူတွင် မိုးကုတ်သားတို့ဂုဏ်ယူစရာဖြစ်သလို တစ်ခေတ်တစ်ခါက ကြွယ်ခဲ့သောခေတ်အရိပ်တွေ ထင်နေပါသည်။ နိုင်ငံတစ်ကာပြတိုက်တို့၌ ပင်ရှားလောက် သော အဖိုးတန်ပစ္စည်းမျိုးလည်းဖြစ်ပါသည်။ 
မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်အား နိုင်ငံအရပ်ရပ်မှ ဘာသာဝင်မျိုးစုံတို့ ကင်မရာအစုံစုံကို လက်က မချစတမ်း ရိုက်ကူးမှတ်တမ်းယူ လေ့လာနေကြသည်မှာ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်၍ မဟုတ်ပါ။ ရွှေသားတို့အိနေအောင် ရွှေစင်ရွှေလွှာတွေ အထပ်ထပ်ကပ် နေသူများကိုအံသြခြင်းနှင့် ရွှေတုံးရွှေခဲဖြစ်နေသော ရှေးဟောင်းရုပ်ပွားတော် အနုလက်ရာကို အံ့ချီးဘနမ်းဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။ သည်ကဲ့သို့ဆိုလျှင် မိုးကုတ် ဖောင်တော်ဦးဘုရားပေါ်က ရတနာပလ္လင်နှစ်ဆူသည် နိုင်ငံခြားသားခရီးသွားတို့အား  ဂုဏ်ယူဝင့်ကြွားပြသစရာ နေရာတစ်ခုဖြစ်လာနိုင်မည်မှာလည်း အသေအချာပင်ဖြစ်ပါသည်။
ဒေသနှင့်သဘာဝအလှများအပြင်  နှလုံးအလှများကိုလည်း ပြောပြလိုသေးသည်။ ရှေးမိုးကုတ်ကျောက်တွင်း များတွင် နေ၀င်မိုးချုပ်လို့ တွင်းဆေးမပြီးသေးပါက (ကျောက်ရွေးမပြီးသေးပါက) သဲဖတ်ပုံကို သစ်ခက်ငယ်တစ်ခု ထိုးထားတတ်ကြသည်ဟုဆိုသည်။ ဒါက ကျောက်ဆက်ရွေးရန်ရှိ သေးသော သင်္ကေတ။ ဒါဆို ဘယ်သူကမျှ သည်သဲဖတ်ပုံ ၀င်မနှိုက် တတ်ကြသည့်အပြင် ကျောက်ပေါ်နေလျှင်တောင် သဲဖတ်ပုံထဲပြန် ထိုးထည့်သွား တတ်ကြသေးသည်တဲ့။ မိုးတွေရွာလို့ ဗြုံးမြေပုံပေါ်ကျောက်ပေါ်နေလျှင်လည်း အသာထိုးမြှုပ်ပြီး ပိုင်ရှင်ကို အပြေးအကြောင်းကြားရတာလည်း ချစ်စရာဖြစ်သည်။
နောက် တွင်းဆေးလျှင် ကျောက်ကုန်သည်က တွင်းဆေးရပ်ကွက်ထဲ လာသည်။ လမ်းပေါ်ကနေ “ဘယ်သူဘယ်ဝါရေ ဘာရထားပြီးလဲ” အော်မေးတတ်သည်။ တွင်းသားများကရထားသော ကျောက်ထုပ်ကို တွင်းတဲသက်ကယ်မိုးတွင် ထိုးထားလေ့ရှိတတ်သဖြင့် ယူကြည့်သွားရန် ဗြုံးဆေးခွက်ထဲက ပြန်အော်တတ် ကြသည်။ သည်မှာကုန်သည်က ကျောက်ထုပ်ယူကြည့် ရွေးဆယ်ပြီး ဈေးပေးတတ်ကြသည်။ ဈေးတည့်လျှင် ငွေချေ ယူသွား မတည့်လျှင် သက်ကယ်မိုးကြား ပြန်ထားခဲ့။ ဘယ်သူကမျှ မတိုမလျှိုကြပါ။ သိပ်ရိုးစင်းသည့် စရိုက်လက္ခဏါများဖြစ်သည်။
ဧည့်သည်လာလျှင် စိမ်းစိမ်းကျက်ကျက် အပြေးအလွှားထမင်းစားခေါ်သည်။ မစားလျှင်စိတ်ဆိုးသည်။ အိမ်လာလည်လျှင် ရေနွေးကြမ်း(လက်ဘက်ရည်)က ဗန်းနှင့်အသင့်။ အိမ်တိုင်းမှာ အပိုဆောင်ထားတာက အိပ်ယာ၊ စောင်၊ ခြင်ထောင်။ ဧည့်သည်ပြန်လျှင် “ဖြေးဖြေးနော်” လို့နှုတ်ဆက်တာကဓလေ့။ လက်ဖက်၊ မက်ခေါက်၊ မက်မန်းတွေကလက်ဆောင်။ အမေမာ ကျွန်တော်တို့ဆိုလျှင် ဖွားဖွားမာခေါ်ရမည့် လူထုဒေါ်အမာ၏ အမေ့ရှေးစကား စာစုတွေထဲ သည်ဖြေးဖြေးနော်ကို ချီးကျူးရေးသားထားတာ တွေ့လိုက်တော့ ကျွန်တော်မိုးကုတ်သား ပီတိဖြာရသည်။ သည်စိတ်ရင်းလေးတွေက အခုအချိန်မှာဆို ဆင်ပိန်လျှင်ကျွဲလောက်တော့ ကျန်သေးသမို့ ခရီးသွားတို့အတွက် စိတ်နွေးစရာ အနေအထားဆိုလည်း မမှားနိုင်သော အရပ်ဖြစ်သည်။
ဒါတွေအပြင် မိုးကုတ်သားတို့၏ ကျောက်ထွက်သော ဗြုံးမြေကြောရောက်အောင် မျောတိုင်၊ ၀ါး၊ သစ်ခက် (မိုးကုတ်အခေါ်မြက်)တွေသုံးပြီး လေးပင်တွင်းနှင့် ဖောက်ဆင်းကာ မြေအောက်က ဗြုံးကြောကို လှိုဏ်ဖောက် လှိုက်စားတတ်သော မိရိုးဖလာ အင်ဂျင်နီယာ အတတ်ကလည်း အံ့မခန်းစရာ။ ဒါတွေက ခရီးသွား တွေအလယ်မှာ မူရင်းအရှိအတိုင်း ပြသလို့ရသည်။ သည်လိုမိုးကုတ် image တွေကို ထိုင်းနိုင်ငံ ပတ္တယားရှိ ကျောက်မျက် ကုန်တိုက်ကြီးတစ်ခုတွင် လူလုပ်အရုပ်များဖြင့် ၄င်းတို့ရင်းမြစ်များ ယောင်ယောင် ပြသထားကြောင်းသိရသည်။
ဤကဲ့သို့သော မိုးကုတ်သည် အဘယ့်အတွက်ကြောင့် ရွက်အုပ်သီးအဖြစ်နှင့်နေရပါသနည်း။ ဘာကြောင့် ကမ္ဘာ့ခရီးသွားစာမျက်နှာပေါ် တက်မပြနိုင်ရရှာပါသနည်း။ လုံခြုံရေးအတွက်လား။ လာရောက်သော နိုင်ငံခြားသား တို့ကို ကျောက်မျက်ခိုးထုတ်ရောင်းချမှာ စိုးကြသည့်အတွက်လား။ ထိုင်းနိုင်ငံသည် ကျွန်တော်တို့မိုးကုတ်မှ ရတနာ နှင့် နိုင်ငံတစ်ကာသို့ ပွဲထုတ်ခဲ့တာ ရာစုချီနေပါပြီ။
ဝမ်းနည်းစရာကောင်းသည့်တစ်ချက်မှာ ကျွန်တော်တို့မိုးကုတ်သားရတနာကုန်သည်များ နိုင်ငံတကာ ကျောက်မျက်ရတနာဈေးကွက်သို့ သွားရောက်လေ့လာသောအခါ ကျောက်မျက်ရတနာဆိုသည်မှာ ထိုင်းခေါ် ယိုးဒယားမှသာထွက်သည်ဟု ကြားသိလာရခြင်းဖြစ်သည်။ ဒါ့ကြောင့် ကျွန်တော်တို့လည်း တံခါးဖွင့်ဝါဒကျင့်သုံး မည့် ဒီမိုကရေစီနိုင်ငံတော်သစ်တွင် သည်ဈေးကွက်ကို ပင်ရင်းမိုးကုတ်သို့ ရွေ့ကြည့်ဖို့တာဝန်ရှိပါပြီ။
မိုးကုတ်တွင် ထိုင်းမှာကဲ့သို့ ခုံတစ်လုံးချ၍ ထိုင်ဝယ်ရနိုင်သော Gem Market ကျောက်မျက်ဈေးတစ်ခု တည်ဆောက်ကြည့်သင့်ပါပြီ။ ထိုဈေးတွင် One Stop Service တွေထားကာ ရောင်းချကြသောရတနာကို ချက်ချင်းအခွန်ဖြတ်၍ ၀ယ်သွားလိုသူတွေ လွတ်လပ်စွာ သယ်ဆောင်သွားနိုင်ရန် စီစဉ်ပေးလိုက်လျှင် မည်သူမျှ အပင်ပန်းခံ ထောင်လက်တစ်ကမ်းလှမ်းမှ ခိုးထုတ်နေကြမည်မဟုတ်ပါ။ ကွန်ချက်ကိုအမည်ဝှက်ခံနေရသော ဘ၀မှ လွတ်ကာ နိုင်ငံတကာဈေးကွက်သို့လည်း မားမားမတ်မတ်တက်နိုင်မည်ဖြစ်ပါသည်။ သယံဇာတယိုဖိတ်မှုကို တားနိုင်မည့်အချက်ဟု ဆိုချင်ပါသည်။ ရှေးယခင်ခေတ်များက ဘုံဘေကုလား ကုန်သည်များသည်  မိုးကုတ်ရတနာ ကုန်သည်တို့၏ ကော်ဇောပေါ်ဝယ် တရိုတသေ၀ယ်ခဲ့ဖူးရသည်ကို သတိတရ ရှိသင့်ပါသည်။ မိုးကုတ်ရတနာ ဈေးကွက် တစ်ခေတ်ဆန်းစေရန် တာဝန်ရှိသူများ စဉ်းစားသင့်ပါပြီ။
ထို့အတူ သည်ဒေသမှာ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းတစ်ခု ဖွံဖြိုးလာလျှင် ဒေသခံတို့အတွက် သယ်ယူပို့ဆောင်ရေး၊ စားသောက်တည်းခိုရေးများအပြင် ဒေသထွက်အမှတ်တရပစ္စည်းလုပ်ငန်များတွင် အချိုး ညီမျှစွာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာနိုင်မှာဖြစ်သည်။ အရာရာကို အလေးအနက်ထား၍ မြန်မာ့ရေမြေ စိတ်ရင်းနှင့်ကိုက်အောင် အသွင်ပြောင်းပေးနေသော သမ္မတကြီးဦးဆောင်သည့် နိုင်ငံတော်တွင် နိုင်ငံခြားဝင်ငွေ စီးဝင်လာမည့်လမ်းတရပ်ကို လက်လွှတ်မခံသင့်ဟု တိုက်တွန်းလိုပါသည်။ ဒါကပတ္တမြားဆန်ကျိုး အဖိုးပြည်တန် တွေထွက်သော မြန်မာ့ရတနာမြေကို ကမ္ဘာကသိစေရန် ထားရှိသင့်သော ဇာတိမာန်အဖြစ်လည်း ဆိုချင်ပါသည်။
ကျွန်တော်တို့နိုင်ငံမှ ပုဂံဒေသသည် နိုင်ငံခြားသားတို့၏ Favorite နေရာဖြစ်သောအခါ ဒေသခံများ အနေဖြင့် ဒေါင့်အမျိုးမျိုမှ အလုပ်အကိုင်တွေ ရလာကြသည်မှာ မြင်သာနေပါသည်။ ကျွန်တော်တို့မြို့လေး လည်း ခရီးသွားမြိုတော်အဖြစ်ရပ်တည်နိုင်လျှင် ပညာတတ်သူများလည်း ပညာတတ်သူများအလိုက် အလုပ် အကိုင်ရကာ ကျန်သူများလည်း မိမိတို့ တတ်ကျွမ်းရာအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ရလာပါက ရတနာကိုမျှော်ပြီးကြီးရသော လူမှုလူတန်းစားဘ၀မှလည်း ဖြန့်ထွက်လာနိုင်တော့မည်ဖြစ်ပါသည်။ သဘာဝ ပတ်ဝန်းကျင်နှင့် နိုင်ငံသယံဇာတကို ကြီးကြီးမားမားမထိခိုက်ဘဲ အပေါ်ယံကိုသာ ပြစားရသည့် ခရီးသွားစီးပွား ရေးလုပ်ငန်းကို ထိန်းသိမ်းလုပ်ကိုင်နိုင်လျှင် ကျွန်တော်တို့ဒေသအတွက် အသက်ရှုချောင်စရာ ဖောက်ထွက် လမ်းတစ်ခုဟုလည်းဆိုချင်ပါသည်။
များမကြာမှီတွင်လည်းမြန်မာနိုင်ငံတော်သည် အာဆီယံရင်ပြင်တွင် ဥက္ကဋ္ဌနေရာဖြင့် ဂုဏ်ယူဝင့်ထယ်စွာ ခြေချတော့မည်။ လာမည့်ဆီးဂိမ်းကစလို့ ဧည့်သည်ကို ပျူပျူငှာငှာကြိုဆိုကာ ဟိုဟိုသည်သည် အလည်ပို့ပေး သော အိမ်ရှင်နိုင်ငံလေးဖြစ်ရပါမည်။ အမေရီကန်အခြေစိုက် CNN ရုပ်သံသတင်းဌာနက မြန်မာနိုင်ငံကို ၂၀၁၂ခုနှစ်အတွက် ကမ္ဘာလှည့် ခရီးသွားများ သွားလာလည်ပတ်ရန် အကောင်းဆုံနေရာကိုးခုတွင် နံပါတ်သုံး အဆင့် ထည့်သွင်းသတ်မှတ်ကြောင်း သတင်းများအဆုံးဝယ် မိုးကုတ်ဆိုတာလည်း ခေါင်းပြူထုတ်ရတော့မည့် ကာလဖြစ်ပါသည်။ ဆရာဦးလှဝင်း(လေသူရဲတစ်ဦး)ကလည်း True News ဂျာနယ်တွင် နှစ်တရာကျော်က အဆောက်အုံများ ဆောင်ပါးဖြင့် မိုးကုတ်၏သမိုင်းဝင်များကိုရေးနေပြီ။ ဆရာက “တစ်နေ့ မြန်မာနိုင်ငံ လုံးဝတံခါးဖွင့်ဝါဒ ကျင့်သုံးတဲ့ခေတ်အခါ ရောက်တဲ့အချိန်မှာ နှစ်စဉ်လူအများ ဆုံးလာရောက်လည်ပတ်မယ့် မြို့ဟာ မိုးကုတ်ပါပဲ” အဆိုပြုထားသည်။ ကျွန်တော်လည်း ကျွန်တော်တို့မြို့လေးကို မိုးကုတ်သည် ခရီးသွားမြို့လေးဖြစ်သင့်သည် ဟုဆရာနှင့်ထပ်တူ ဆန္ဒပြုလိုက်ရပါသည်။ ချစ်သောမိုးကုတ်ရေ အမောတွေ ပြေပါတော့နော်။
                                                                                      ပေးပို့သူ
ပြတ်သား(ရတနာမြေ)
(17.1.2012)

Sunday, January 8, 2012

ဆရာသို့........

         ဆရာ အေးချမ်းစွာ ပြန်ရောက်တာသိရလို့ ၀မ်းသာပါတယ်။ Messageတွေလည်းရပါတယ်။ ဆရာ့မေတ္တာနဲ့ ခင်မင်မှုတွေကို တစ်သက်လုံး လေးစားနေမှာပါ။ အမှန်တော့ ဆရာနဲ့ ရက်တော်တော်များများ အေးအေးဆေးဆေး မုန့်စား၊ ထမင်းစားရင်း စကားတွေပြောချင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့အတွက် အားလပ်ချိန်က နည်းပါးလွန်းပါတယ်။ တင်းကြပ်စည်းနှောင်နေတဲ့ ဘ၀အမောတွေ ထဲမှာ သည်လိုအချိန်လေးတွေက တပ်မက်စရာပါ။ ဆရာနဲ့ အတွေးချင်း တူနိုင်မယ်ထင်လို့ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)ရဲ့ “တောတန်းအလွန်” အက်ဆေး တစ်ပိုင်းတစ်စ ကူးရေး ပေးလိုက် ပါတယ်။ ဆရာ့ကို စာအုပ် ပို့ပေးပါ့မယ်။
ညို့ဆိုင်းနက်ရှိုင်းတောတန်းကဖြင့် လှပေရဲ့
ဒါပေမယ့် ငါ့မှာတည်ရမယ့် ကတိတွေနဲ့ပါလား
မအိပ်ခင်သွားရ ဦးမယ့်ခရီးမိုင်တွေနဲ့ပါလား
မအိပ်ခင်သွားရ ဦးမယ့်ခရီးမိုင်တွေနဲ့ပါလား

“ကြည်နူးဆွတ်မြ ခံစားရခွင့်ဆိုသည်ကလည်း ဘ၀မှာ အစဉ်ထာဝရ “ရမြဲရ” တတ်သော အရာမဟုတ်ပါချေ။ သစ်ရိပ်ဝေေ၀၊ တောတန်းအေးအေး၊ ညနေနွေးနွေး၊ ပန်းမြမွှေးမွှေးတို့သာရှိမည့် သီးခြားဖြစ်သော ကမ္ဘာလေးထဲ ကြာတောင့်ကြာရှည် လွင့်မျောမိန်းမူးနေလို့မဖြစ်။ လူသားတစ်ယောက်အနေဖြင့် ထားရှိသောကတိ၊ ထမ်းရမည့်တာဝန်၊ မွေးဖွားလာသည်မှ သေလွန်သည်အထိ တစ်ဘ၀စာ သို့မဟုတ် ဘ၀တို့အဖန်ဖန် ဖြစ်ပြန်ပြောင်းလဲတတ်သော တစ်သံသရာဆုံးသည်အထိ တနုံနုံတနဲ့နဲ့နှင်ရလေဦးမည့် ခရီးတာဆိုသည်တို့ကို မေ့လျှော့ချန်သွား ပစ်ပယ်ထားလို့မဖြစ်။ သားသမီးက အမိအဖအပေါ် တည်ရမယ့်ကတိ၊ မိတ်ဆွေရောင်းရင်းက သူ့အပေါင်းအသင်းရဲဘော်ရဲဘက် အပေါ် တည်ရမယ့်ကတိ၊ အိမ်ဦးနတ်က သူ့မိသားစုအပေါ် တည်ရမယ့်ကတိ၊ ရပ်ရွာလူကြီးက သူ့ရပ်ရွာအပေါ် တည်ရမယ့်ကတိ၊ နိုင်ငံသားတစ်ယောက်က သူ့တိုင်းနိုင်ငံအပေါ် တည်ရမယ့်ကတိတွေကို မေ့လျှော့ပစ်ပယ်၍ တောတန်း နံဘေး၊ မည်မျှကြာရှည် ရပ်ကြည့်ငေးမောလွင့်မျောနေနိုင်ပါမည်နည်း။
     တစ်ချို့သောသူတို့တောတန်းမှာ စာပေ၊  ဂီတ။ တစ်ချို့သောသူတို့တောတန်းမှာ အနုပညာတစ်ခုခု ဖြစ်သည်။ တစ်ချို့သော သူတို့တောတန်းမှာ ယမကာဖြစ်သည်။ တစ်ချို့သော သူတို့ တောတန်းမှာ .....အစရှိသည်ဖြစ်မည်။ ထူးခြားကံကောင်းသောသူတစ်ချို့သာလျှင် သူတို့တည်ရမယ့် ကတိတွေကို သူတို့ ချစ်သော တောတန်းကလေး၌ သိမ်းမြှုပ်ထားနိုင်ကာ တောတန်းကလေးကို အစဉ်ထာဝရ ဖက်ပွေ့ကြည်နူး နေဖို့ အခွင့်ရကြသည်။
တစ်ခုပဲရှိပါသည်။ စိမ်းဖန့်စိုလတ်သောတောတန်းနံဘေး၌ ကြာရှည်ကြာမျော နေလိုဇောဖြင့် တည်ရမယ့် ကတိတွေကို “ထိုးကျွေးမပစ်သင့်ဟုကျွန်တော်ထင်ပါသည်။”   တဲ့ 
            ဆရာရေ
                       ဆရာမောင့်ရင့်မာ(ကျောင်းကုန်း)ရဲ့ တောတန်းအလွန် အက်ဆေးဖတ်ပြီးချိန်မှာ ဆရာ လည်း အတွေးတူနေမယ်ထင်ပါတယ်။ ကျွန်တော်တို့တစ်တွေ တောတန်းလေးဘေးမှာ အေးအေးဆေးဆေး ကျောက်ခုံးလေးချ၊ ငေးမောနေဖို့ အချိန်သိပ်မရကြဘူးနော်။ ကျွန်တော်တို့ မက်မောကြတဲ့ တောတန်းလေး မပျောက်သွားဖို့အရေးတော့ ပြုစုပျိုးထောင်ကြရမယ် ထင်ပါရဲ့။ တကယ့်ရင်ထဲကလာတဲ့ လေးစားခင်မင်မှု ရေစင်တွေ သွန်းလောင်းရင်းနဲ့ပေါ့။ တစ်ခြားတပည့်တူကျွန်တော်တို့ သူငယ်ချင်းတွေကိုလည်း ဒီစာလေးမျှ ဝေပေးပါ။ ဆရာ့အိမ်မှာ အခုလို အေးအေးချမ်းချမ်း ဆောင်းရာသီမှာ တစ်ခါလောက်တော့ ငယ်သူငယ်ချင်း တွေနဲ့ တောတန်းလေး ငေးချင်သေးတယ်။

““ယာဉ်အိုယာဉ်ဟောင်းများဖျက်သိမ်းပြီးနောက်…..””


ကျွန်တော်ထံတွင် ကားအိုလေးတစ်စင်း ပိုင်ဆိုင်ခဲ့ပါသည်။ လွန်ခဲ့သောနှစ်က မိသားစု ကားလေးနှင့် နယ်ဝေး ဘုရားဖူးသွားနိုင်ရန် ကားအိုလေးအား ပြင်ဆင်ကြပါသည်။ အပြင်ဆေးတွေကို ခွာလိုက်သောအခါဝယ် အရိုးတွေ အပြိုင်းပြိုင်းထ ရိဆွေးနေသော ရုပ်ကြွင်းတစ်ခုလို မြင်ရပါတော့သည်။ ဟိုမှာချုပ် သည်မှာတည်းနှင့် ဆက်စပ် ဖာထေးပြီး foundation ပတ်တီးထူထူ ပေါ်တွင် ကွန်ပြူတာဆေးလေး တင်လိုက်သောအခါဝယ် ပြင်တတ် ဆင်တတ်သော လေးဆယ်ကျော် မမရုပ်လောက်တော့ ထွက်လာပါသည်။
ထို့နောက်များမကြာမီ Heart ထိစေသော သတင်းစကား ကြားရပါသည်။
““ယာဉ်အိုယာဉ်ဟောင်းများဖျက်သိမ်းမည်””
 သို့သော် USDollar-3500မကျော်သော ကားဝယ်ခွင့်ရမည် ဆိုသဖြင့် ၃၅၀၀x၈၀၀=၂၈၀၀၀၀၀ိ/- ဟု တွက်ပြီး တော်သေးရဲ့ဟုတွေးကာ ကားသစ်ကို သိန်းသုံးလေးဆယ်နှင့်ဝယ်နိုင်ရေး အပြေးအလွှား ကားအပ်ပြီးချိန် မတော့...
Mark II ရွှေငါးက မြန်မာပြည် အရောက် သိန်း(၂၀၀)ကျော် လောက်ကျမယ်။ အခွန်ရောဆိုတော့ နိုးနိုး အခွန်က မပါသေးဘူးလေ။…...အခွန်က ကားရောက်မှ ခင်ဗျားတို့ ဘာသာဆောင်ရမှာ......ဘုရားရေ။ USDollar-၃၅၀၀ မကျော်ရဘူးဆို။…..နိုးနိုး....Model-2002 မကျော်ရင် ပြီးရော။ Websiteမှာ ဒေါ်လာ၂၀၀၀ ပတ်ဝန်းကျင်တန် ကားတွေ တွေ့တယ်လေ။  ဒါက ခင်ဗျားကိုယ်တိုင် ၀ယ်မှမရဘဲ။……အဟုတ်လား....ဟုတ်တာပေါ့ဗျာ….. ခင်ဗျား ကားဝယ်ဖို့ ပိုက်ဆံ ဘယ်က လွှဲမလဲ။ သင်္ဘော ဘယ်သူက တင်ပေးမှာလဲ။ ခင်ဗျားမှာ နိုင်ငံခြားဝင်ငွေ Account ရှိလား။ ဒါဆိုရင် ကျွန်တော်ဘယ်လို ၀ယ်ရမလဲဗျာ။ဆိုတော့ လွယ်ပါတယ်။ ကျွန်တော်တို့ ၀ယ်ပြီးသား ကားဝယ်လိုက်တဲ့။ အိမ်အရောက် ဆောင်ရွက်ပေးမယ်။.....ဒါဆို ကျွန်တော် ဘယ်လောက် ကုန်မလဲ။ ပြောပြီး ပြီးလေ။ ကားအရောက် သိန်းတစ်ရာ အထက်သုံးရပါမယ်လို့။
ဒီလိုတော့ ဘယ်ရမလဲ။ ငါကလူလည်ဘဲ။ ဂျပန်က ကားဈေးအတိုင်းဝယ်ပေးတဲ့ ကုမ္ပဏီရှာမပေါ့။ အညာ သား အတတ အောင်မေ့လို့…….
ကားက ဂျပန်လေလံ Websiteကအတိုင်း လေလံဆွဲပေးတာပါတဲ့။.ဟုတ်ချေပြီ ဒါမျိုးမှပေါ့။ ဒီနေ့တွေ့ နေရတဲ့ စာရင်းထဲက ကားတွေကို လေလံဆွဲပေးပါတယ်။ ဟိုက ဈေးအတိုင်းဘဲ ရပါမယ်။.....ကြိုက်ပြန်ပြီ။ ဒီလိုမှ မြန်မာချင်း စာနာရာ ရောက်မပေါ့။ လေလံကို ဘယ်လောက်က စတင်ရမလဲ။ အနည်းဆုံး ယန်း-၃၅၀၀၀၀လောက် စထည့် ရပါမယ်။ မြန်မာငွေ ဘယ်လောက်......တွက်ပေးမယ်လေ။ ယန်း၃၅၀၀၀၀x၀.၀၁၃၀၀=၄၅၅၀ကို တစ်ဒေါ်လာ ၈၀၀ နှုန်းနဲ့မြှောက် ၃၆၄၀၀၀၀ိ/-လောက် ရှိမယ်။ ဒါဆိုရင် ကားရ ရောလားဆိုတော့ မပြောနိုင် သေးဘူး။ အဲ့ဒါ စမယ့်ရဈေးတဲ့။ မရရင် ထပ်တိုးရမယ်။……Websiteမှာက ကြမ်းခင်းဈေး ယန်း၃၀၀၀၀ လောက်နဲ့ဘဲ စထားတယ်လေ။ ယန်း၄၀၀၀၀ လောက်နဲ့စလို့ မရဘူးလားလို့ အတွန့်တက်မိရာ.....ခင်ဗျားသဘောဘဲ။ ယန်း၄၀၀၀၀နဲ့ လေလံခလုတ်နှိပ်လို့ မအောင်ရင် ခလုတ်နှိပ်ခမြန်မာငွေ ၃၀၀၀၀ိ/-လောက် ခင်ဗျားပေးရမယ် ဆိုပါလား ဘုရားဘုရား ဒါဆို တဖြည်းဖြည်းချင်းတိုးဖို့ တစ်ကြိမ်ခလုတ်နှိပ်တိုင်း ၃၀၀၀၀ိ/-တိုးလို့ ငါးကြိမ် ခလုတ် နှိပ်ရရင် ၁၅၀၀၀၀ိ/- ကုန်သွားမယ်။ ဒါကြောင့် ကျွန်တော်တို့ ပြောသလောက်နဲ့ စပါတဲ့။
ဟုတ်ပါပြီ။ ကျွန်တော်လည်း သိန်း(၃၀)(၄၀)လောက်ဘဲ တတ်နိုင်တော့လေ.......နိုးနိုး…...နိုးနိုး…...မရ သေးဘူး။......ဘုရားရေ….ဘာများကျန်…..ဒါကကားဈေး သင်္ဘောတင်စရိတ်က (၁၅)သိန်းလောက်ထပ်ပေါင်း။ နောက်ရော.....ကျွန်တော်တို့ဝန်ဆောင်ခ.......၀န်ဆောင်ခကဘယ်လောက်…….(၂၄)သိန်းပါ…....ဘာ…...ဘာလို့(၂၄)သိန်းယူ…....ယူ…....ခင်ဗျားကား ပါမစ်လျှောက်ဖို့ ကျွန်တော်တို့က Accountပြပေး ရတယ်လေ။ (၂)လ(၃)လမှ ငွေပြန်ထုတ်လို့ရတာ။ အတိုးနဲ့တွက်ကြည့်တဲ့။ (ဘာကိုတွက်ရမှာလဲ။ ဘယ်လို တွက်ရမှာလဲ မသိတော့။ ခေါင်းတွေပါ ထူကုန်သည်။)
ဒါဆိုပြီးရောလား။ ကားရပြီနော်။....နိုးနိုး....နိုးနိုး....မရသေးဘူး။ သူ့““နိုး””ကဆက် ““နိုး”” တုန်း။ ဘာတွေများ ဘယ်လောက်တောင် ကျန်သေးတာလဲဗျာဆိုတော့ ကားလေလံကွင်းကနေ.....ကားဆွဲခ၊ ဂျပန်အစိုးရ ကိုအခွန် 5%၊ နံပါတ်ရှိရင် ဖျက်သိမ်းခ၊ ခင်ဗျားမှာ အခွန်ဆောင် မှာနဲ့ဆိုရင် သိန်း(၂၀၀)နီးနီး ကျော်ရှိမှ ကားစီးလို့ ရပါမယ်။ တန်ပါတယ်ဗျာ။ သိန်း(၂၀၀)ကျော်ကျော်လောက်နဲ့ ဂျပန်အောက်ကားလေး စီးရတာပေါ့။ အခုစီးနေရတဲ့ ကားတွေ ထက်တော့ အပုံကြီးသာပါတယ်။
ဘုရားရေ....ကျွန်တော်အပ်လိုက်သောကားက မိသားစုစီးရန်(၄၂)သိန်းနှင့်ဝယ်ပြီး(၁၀)သိန်းဘိုးပြင်စီးသော ကား၊ စုစုဆောင်းဆောင်းပစ္စည်းရောင်းလျှင် သိန်းသုံးလေးဆယ်၊ နောက်မှာရမယ့်ကားက သိန်း(၂၀၀)လောက်ရှိမှ ဆိုရင်......
““ အမျိုးသမီးနှင့်သမီးအား သိန်း(၃၀)လောက်နှင့် ကားသစ်ကြီးစီးရမည်ဟု သွေးဆောင်ကာ အလျင်အမြန် ကားအပ်လိုက် မိပြီးနောက် မည်သို့ ဘာသာပြန်ရမည်ကို တွေးရင်း ထမင်းစား မ၀င်သော ရောဂါဖြင့်””
သို့သော် ကျွန်တော် ဇွဲမလျှော့နိုင်ပါ။ ပညာတတ်မာန် ဓါတ်ခံကလည်း ရှိမဟုတ်လား။ (အမှန်တော့ မရှိပါ ကိုယ့်ကိုယ်ကို ထင်ခြင်းသာ ဖြစ်ပါသည်) Internet ပေါ်က Website များတွင် USDollar-2000ကျော်နှင့် ကားကောင်းကောင်းတွေ တွေ့ပါလျှက်….နည်းတော့ရှိရမည်။ သတင်းWebsite များတွင် Information ရှာသော အခါဝယ် …….
““ ကားအပ်ထားသော စလစ်ရှိလျှင် သိမ်ဖြူငွေလဲစင်တာမှ ဒေါ်လာရောင်းပေးမည်။ အဆိုပါ စလစ်နှင့်အတူ သိမ်ဖြူစင်တာ၏ ငွေရောင်းပြေစာ ပြလျှင် MICB(သို့)MFTBတွင် ကားတင်သွင်းရန် Account ဖွင့်လို့ရမည် ““
ဆိုသော သတင်းရသောအခါ လဲကျနေသော စိတ်ဓါတ်က နလံထ လာနိုင်သည်။ ဒါဆို Account ရမည်။ Accountရှိ လျှင် ကိုယ်တိုင် ကားသွင်းလို့ ရတော့မည်။ ဒါ့ကြောင့် ရန်ကုန်သွားရမည်။ ရန်ကုန်က ဆွေနီးမျိုးချင်းများ၊ မိတ်ဆွေများ အားဖုန်းဆက်ရာ အားလုံးက ကူညီမည် လာခဲ့ပါပေါ့။ အကုန်လိုက် ပို့မည်ပေါ့။ ရန်ကုန်ရောက်တော့ ၀ိုင်းကူညီကြသည်။ နေရာအစုံ စေတနာဗလပွနဲ့ လိုက်ပို့ကြသည်။ သို့သော် ဂျပန်မှာ ကုန်ကျသောကားဆွဲခ၊ အခွန်၊ နံပါတ်ပြား ဖျက်သိမ်းခများ ထည့်မတွက်ပြကြသည်မှအပ ထူးမခြားနားပင်။ တစ်မျိုးထူး၍ ရေဒီယိုသတ္တိ ကြွစစ်ဆေးခ ဆိုတာပါ ပါလာသေးသည်။ ကားဘိုးသက်သာလျှင် သင်္ဘောတင်ခက ဈေးကြီးသည်။ သင်္ဘောတင်ခ သက်သာလျှင် ၀န်ဆောင်ခနှင့် ဂျပန်မှ ကုန်ကျစရိတ်တွေတွင် တင်ထားသည်။ ၀န်ဆောင်ခ သက်သာပြန်တော့ ကားတန်ဘိုး+သင်္ဘောခ(CIF)ဈေးက များပြန်သည်။ နောက်ဆုံးတော့ ဒုံရင်းဒုံရင်းပင် ဖြစ်ပါသည်။ ဒါတောင် ကားရောက်လျှင် ဆိပ်ကမ်းမှ ထုတ်ရန် အတွက် Agentအား အပ်ရမည်(၁)သိန်းခွဲခန့်ကုန်ဦးမည်ဆိုဘဲ။ သည်ထဲမှာ အစ်ကိုက သူ့သူငယ်ချင်း ကားသွင်းသည် ဆိုသောကြောင့် ဖုန်းဆက်ပြီး လှမ်းမေးမိလိုက်သောအခါ.....
ဟယ်လို…...ကျွန်တော်------ညီပါ…...ကျွန်တော် ကားအပ်ထားတော့လေ။ ဂျပန်ကနေ ကားလေးဈေး ပေါပေါနဲ့ သွင်းချင်လို့ပါ။ .....ဘယ်လောက်သုံးမှာလဲ။.......ခင်ဗျာ......ငါပြောတာ မင်းဘယ်လောက် သုံးမှာလဲ …....ဟုတ် သိန်း(၃၀)(၄၀)လောက်တော့စဉ်းစားထား.......မရဘူး….. ခင်ဗျာ.....မရဘူးလို့ .....သင်္ဘောတင်တဲ့ ကုန်ကျစရိတ်တောင်သိန်း(၅၀)လောက် ရှိတယ်။ မင်းပိုက်ဆံလောက်နဲ့ ဘာမှမရဘူး…....ဒါဘဲ......။ တုံးတိတိနဲ့ ချသွားသော ဖုန်းသံအဆုံး ကျွန်တော့်ရင်ထဲတွင်............
နောက်ဆုံး ကျွန်တော် တနင်္ဂနွေသား ဂဠုန် ဆားချက်ပါသည်။ ကျွန်တော်၏ နောက်ဆုံးအကြံလည်း ဖြစ်ပါသည်။
      ကျွန်တော်အား ဂျပန်မှ မှန်မှန်ကန်ကန်ဈေးနှင့် ကားဝယ်ပေးပြီး သင်္ဘောတင်ခ မှန်မှန်ကန်ကန်ဖြင့် ရန်ကုန် အရောက် တင်ပေးမည့် အကျိုးဆောင်ကို ရှာမည်။ ကိုယ်တိုင် ကားစလစ်ပြပြီး သိမ်ဖြူစင်တာက ဒေါ်လာဝယ်ကာ Account ဖွင့်မည်။ ပြီးလျှင် ကားပါမစ် လျှောက်ကာ ကားသွင်းမည်။ ရှာကာဖွေကာနှင့် ဂျပန်မှာ ကားဝယ်ပေးပြီး သင်္ဘောတင် ပေးမည့်သူ ကားတွေ့ပါသည်။
Nissan Primera model year2000.sedan 4Door 2000cc. နှင့် Nissan Primera sedan 4door. 2000cc.model year2001အပါအ၀င် အခြားကားတို့ကို ရန်ကုန်အရောက်ဈေး CIF ယန်း၅၀၀၀၀၀ဖြင့် ၀ယ်ပေး မည့် သူများတွေ့ပါသည်။ ယန်း၅၀၀၀၀၀x၀.၀၁၃၀၀=၆၅၀၀ USDollar ဆိုလျှင် မြန်မာငွေမှာ ၆၅၀၀x၈၀၀=၅၂၀၀၀၀၀ိ/-သာ ကျပါသည်။ ထိုအတွက် ၀န်ဆောင်ခ-၃၀၀၀၀၀ိ/-ထက် မပိုသောနှုန်းသာ ယူပါမည်တဲ့။ ကျန်ကိစ္စများကိုယ်တိုင် လုပ်ရန်ဟုဆိုသည်။ 2000Model အောက်ဆိုလျှင် သည့်ထက်သက်သာရန် ရှိသဖြင့် မှန်းချက်နှင့် နှမ်းထွက်ကတော့ ကိုက်နေပြန်သည်။
““ သို့ရာတွင် ”” ထို ““ သို့ရာတွင် ““ က ရှိနေပြန်ပါသည်။
(၁)ကားပါမစ် လျှောက်လျှင် Account ပြရမည်။ ထိုAccount မှ LC လွှတ်ရန်လိုသည်ဟု ပြောကြပြန်သည်။ ထို LCလွှတ်ရန် ကလည်း Singapore ကနေတစ်ဆင့် လွှတ်ရမည်ဟု ပြောကြပြန်သည်။ Singaporeတွင် အခံမရှိ လျှင် အဆင်မပြေ ဖြစ်နိုင်သည်။
(၂)အပြင်မှာ နားလည်မှုဖြင့် ကားဖိုးချေလျှင်တောင် Accountမှငွေကို LC လွှတ်ပြီး Singaporeလိုမျိုးက ပြန်ဝင်မှ Accountတွင် ထည့်ထားသော ပိုက်ဆံပြန်ထုတ်လို့ ရမည်ဟုလည်း ဆိုကြပြန်သေးသည်။
(၃)သင်္ဘောတင်ရန် ပါမစ်မှမည်သည်ကို ပို့ပေးရမည်။ ဥပမာ-ပါမစ်မိတ္တူကို ပို့ပေးရမည်လား ကိုယ့်ကားကို သဘောင်္တင်လာပြီး ရန်ကုန်ဆိပ်ကမ်းရောက်မှ ပါမစ်ပြရွေးရမည်လား ဆိုတာခက်ခဲနေပြန်သည်။ လုပ်နည်းလုပ်ဟန် မမှန်လျှင် ကားရွေးမရမှာ စိုးရပြန်သည်။ ဟိုဘက်ကတော့ ပါမစ်ပါအချက်အလက် အချို့ပေးလျှင် သင်္ဘောတင်၍ ရသည်ဟု ဆိုသည်။ ဤသည်များက ကုမ္ပဏီများ၏ လျှို့ဝှက်ရတနာများ ဖြစ်၍ မည်သူမျှ ရှင်းမပြကြပါ။
ထိုအချက်များ ပေါ်လာသောအခါ ကျွန်တော်ဂဠုန် လက်မှိုင်ချရပါတော့သည်။ ရန်ကုန်တွင် နေရင်း ဟိုသွား သည်သွား......လိုင်းကား  မစီးတတ်သောကြောင့် တက္ကစီခတွေ ပွန်းစားကုန်ပါတော့သည်။ ထမင်းစား၊ တည်းခိုစရိတ် တစ်ထောင်တန်(၂)အုပ် ပြုန်းပြုန်းပြုတ် သွားသောအခါဝယ် ပြန်ရန်ဆုံးဖြတ်ရပါတော့သည်။ ကားပြခန်း ဖွင့်သည်အထိ မစောင့်လိုဘဲ သူများမစီးခင် ဂျပန်ကား လတ်လတ်ဆတ်ဆတ်ကို စီးပြလိုသော ကျွန်တော် ထသွားမှ ကျိုးမှန်းသိရ ပါတော့သည်။ မာန်ကြီးသော ခါချဉ်ကောင်ကို တောင်ကြီးကတော့ ပြုံးပြုံးကြီး လှောင်ပြ နေခဲ့ပါသည်။ နောက်ဆုံးတွင် သမီးအတွက် JDonut တစ်ဗူးဝယ်၍ မီးရထား၏ ဆောင့်တစ်လှည့် အောင့်တစ်လှည့် ခရီးတွင် ငါတို့ပြီးရင် မင်းအလှည့်လည်း လာမှာပါဟု ကျိန်ဆဲရင်း အညာမြေသို့ ကုပ်ကုပ်ကလေး ပြန်လာပါတော့သည်............

Saturday, January 7, 2012

“ ထလော့မိုးကုတ်သား၊ အို…..မိုးကုတ်သားတို့ ”


           “ ထလော့မိုးကုတ်သား၊ အို….မိုးကုတ်သားတို့ ” ဟိုစဉ်အခါက ဆရာဇော်ဂျီက မြန်မာနိုင်ငံသားတို့ကို ဤသို့ နိုးခဲ့ဖူးသည်။ ဆရာက “သင်သေသွားသော်” ကဗျာအားလည်း ရေးခဲ့သည်။ ကျွန်တော်သည် ဆရာ့မျိုးချစ်စိတ်နှင့်ယှဉ်သော် ကောင်းကင်နှင့် မြူမှုန်မျှသာ ရှိချေမည်။ သို့သော် ဆရာ့၏ “သင်သေသွားသော်” ကဗျာနောက်သို့တော့ လိုက်လိုသည်။ အဘယ့်ကြောင့်ဆိုသော် မိုးကုတ်ဘိုးဘေဘီဘင်က ဆင်းသက်သော မိုးကုတ်သားစစ်စစ်ကြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။
“ ထလော့မိုးကုတ်သား၊ အို…မိုးကုတ်သားတို့ ” ဟု ခင်ဗျားက ဘာကြောင့် နိုးနေရတာလဲဆိုလျှင် ကျွန်တော်တို့ ဇာတိသားတွေ ကာလအတိုင်းအတာ တစ်ခုထိ အိပ်ပျော်နေခဲ့ကြသည်။ မအိပ်ပျော်ခင်ကတော့ အသွက်လက်ဆုံး အနှိုးကြားဆုံး သူများသာ ဖြစ်ခဲ့ကြသည်။ မည်မျှ သွက်လက်နှိုးကြားခဲ့ပါသနည်း ဆိုလျှင် ဆရာသော်တာဆွေက တစ်ခုပ်တစ်ရ ပြောပြခဲ့ဖူးသော ဦးမြမောင်(မန္တလေးဒါးတန်းရေခဲစက်တည်ထောင်လုပ်ကိုင်ခဲ့သူ)အကြောင်းကို ဆရာ့စာတွေထဲ ပြန်ဖတ်ရလျှင် သိနိုင်ချေမည်။  ယခုအချိန်တွင် ကျွန်တော်တို့ မိုးကုတ်သားတွေ နှိုးထ ရပါတော့မည်။ သမ္မတကြီး လက်ထက်ရောက်နေပါပြီ။ မြန်မာ့ရေမြေ သဘာဝနှင့်ကိုက်မည့် ဒီမိုကရေစီကို ဖော်ဆောင်မည်ဖြစ်ကြောင်း သမ္မတကြီးတို့ပြောနေသော အချိန်လည်း ဖြစ်ပါသည်။ သမိုင်းဘီးတစ်ရစ် စတင်လှိမ့်ရတော့မည် အချိန်ကာလလည်း ဖြစ်ပါသည်။
            သမိုင်းဘီးတစ်ရစ် မစတင်ခင် နောက်သို့တစ်ရစ်ဆုတ်ပြလိုပါသည်။ ကျွန်တော်တို့သည် အခါကာလတစ်ခုက အလွန်အင်မတန် ကောင်းစားခဲ့ဖူးပြီး ရွှေထီးဆောင်သောကာလများကို ပိုင်ဆိုင်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံကို သူ့ကျွန် ပြု့ခဲ့သည့် အင်္ဂလိပ်အစိုးရပင် ကျွန်တော်တို့ကို အသိအမှတ် ပြုပေးခဲ့ပါသည်။ မိုးကုတ်ဒေသခံ ဇာတိသားစစ်စစ် ဖြစ်သူကိုမှ ကျောက်တွင်းတူးခွင့် လိုင်စင်တွေ ချမှတ်ပေးခဲ့သည်။ ခါး၌ လိုင်စင် ကြေးခါးပတ်ခေါင်းကို ပတ်ထားလျှင် ကြိုက်နှစ်သက်ရာ နေရာတွင် ကျောက်တွင်းတူးခွင့် ရှိခဲ့ဖူးသည်။ သည်အခွင့်အရေးတွေက ရတနာရှိမည့်နေရာကို တပ်အပ်သိနိုင်သော သွေးထဲမှ ပါသည့်ဗီဇကို ပြဌာန်း ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။
            ဒါ့ကြောင့် ကျွန်တော်တို့ ဇာတိသားတွေ မော်ကြွားခဲ့ကြသည်။ ပိုက်ဆံလိုမှ ခနွှဲးလေးပြေးဆေးသည်။ သားသမီး အရွယ်ရောက်လို့ လှူချင်မှ တွင်းလေးပြေး တူးသည်။  ရတနာကြွယ်သော မိခင်မြေကြီးပေါ်ဝယ် ရေပေါ်ဆီ ထနိုင်ခဲ့ကြသည်။ မြေရှိလျှင်ရတနာရှိတယ်။ ရတနာရှိလျှင်ငါတို့သိတယ်။ ငါတို့ သည်မြေပေါ်မှာ အသက်ရှင်သရွေ့ ငွေဆိုတာရှိတယ်လို့  အသွေး အသားထဲ သံမှိုစွဲနေသည်။ (ကျွန်တော့်အဖေဆိုလျှင် မိုးကုတ်မှပြောင်းသောနေ့တွင် ဒီမိုကရေစီရလျှင် ပြန်လာမည်ဟု ဥဒါန်းကြူး ခဲ့သေးသည်) ရတနာဆိုတာကလည်း သေးသေးမွှားမွှား လောက်တော့ လူတိုင်းအိမ်တံစက်မြိတ် အောက်တွင် ကောက်၍ရနေသည်။ မြောင်းကျိုမြောင်းကြားဆိုတာ အမှိုက်ရှိတာနည်းလို့ ဇကာတစ်ချပ်နှင့် ထမင်းစား ကျောက်ရှာသော နေရာများ ပင်ဖြစ်သည်။
ငွေဆိုတာ ပိုနေသောအရာလည်း ဖြစ်ခဲ့ဖူးသည်။ သည်ငွေပိုတွေ သုံးနိုင်ဘို့အရေး အနုပညာ ထွန်းကားရာ မန္တလာမြေမှ တီးတတ်မှုတ်တတ်သူ ဂီတပညာရှင်များအား စုဆောင်း ခေါ်ဆောင်၍ ကျွန်တော်တို့ မိုးကုတ်သားတစ်တွေ အနုပညာ သင်ခဲ့ကြသည်။ ထိုပညာရှင်များ ပြန်ကုန်မည်စိုး၍ အရင်းအနှီးထုတ် အလုပ်တောင် ထောင်ပေးခဲ့ကြသည်။ နောင်အခါ ထိုသူများ လည်း အိမ်ယာ ထူထောင်ကာ မိုးကုတ်သားဟုပင် စိတ်ကြီးဝင် ကုန်တော့သည်။ ကိုယ့်တူရိယာ ကိုယ်ပိုင် ၀ယ်တီးမှုတ်သည့်ပြင် တီးဝိုင်ထောင်လို့ ရန်ကုန်ဆင်း မြန်မာ့အသံတွင် ဓါတ်ပြား သွင်းနိုင်ရေး လူအစိတ်ငါးဆယ်ကို အလွယ်တစ်ကူ ကျွေးမွေး ခေါ်ဆောင်ကာ ငွေကို ဖြုန်းနိုင်ကြသည်။ ဆိုက်ကားသမားကို ရာတန်ပေး၊ ဆီးစားများသော Patrol Nissan ကိုမှ ကားလုပ်စီး ခေတ်ကြီး တစ်ခေတ်ရခဲ့ကြသည်။
ထိုကာလ လွန်မြောက်သော အခါဝယ် မိုးကုတ်ဆရာတော် ဟောသော မမြဲသည့် သဘောတွေ ဆက်တိုက်ထင် လာပါတော့ သည်။ ကိုယ့်မြေကိုယ် ယက်စားသည့် စီးပွားရေးမှာ အန္တရာယ်ကြား ကျရောက် သွားပါသည်။ တွင်းတူးကိရိယာ သံတူရွင်း ပေါက်ပြား ဇကာများ၊ ကျောက်သွေးကိရိယာ ညှပ်မှတ် ကျောက်တံ မီးပုံးများနှင့် အရောင်းအ၀ယ်တွင် သုံးသော ချိန်ခွင် အလေးတင်တောင်း များသည် ရာဇ၀တ်မှု၏ သက်သေခံပစ္စည်းများ ဖြစ်လာပါတော့သည်။ ယခင်က ငွေရှာသော ရတနာသည် ဒုတ်ထိုး ရသော ရာဇ၀တ်အိုး အဖြစ်သို့ အသွင်ကူးပြောင်း သွားပါတော့သည်။ “၈၈”လွန် နောက်ပိုင်း ကာလများတွင် ဖျက်သိမ်း လိုက်ရသော လုံထိန်းတပ်ဖွဲ့များ၏ သေနတ်ဖျားတွင် ဟိုမှသည် ပြေးလွှားကာ ထမင်းတစ်လုတ် အတွက် အသက်ရင်း ရှာစားသော ပညာများ သင်ကြား တတ်မြောက် ကုန်ကြရသည်။ “မိုးကုတ်သား မှန်လျှင် မိုးနှင့်လုံထိန်း မကြောက်” ဆိုသော စကားပုံပေါ်လာသည်အထိပင်။
ထိုအခါ မှစ၍ ကျွန်တော်တို့ တစ်တွေ အိပ်ငိုက်လာကာ ပြီးခဲ့သော ဈေးကွက် စီးပွားရေးခေတ် တွင်တော့ တစ်ခေါခေါ အိပ်ပျော် ကုန်ပါသည်။ အဘယ့်ကြောင့် ဆိုသော် မိုးကုတ်ဇာတိသားများသည် ရတနာကျောက် ဖြစ်တည်ရာ အရပ်ကို ကောင်စွာ သိပါသည်။ ရတနာဖွဲ့ရာ အသိုင်းဝန်းကို ကြည့်တတ်ပါသည်။ ရတနာ လှဲလျောင်းရာ မြေလွှာကို ရှာတတ်ပါသည်။ ရှာလည်း ရှာခဲ့ကြပါသည်။ ထိုနေရာ တို့လည်း ပွင့်ပေါ်လာပါသည်။ သို့ရာတွင် ခေတ်အရ ပါရာဒိုင်း ပြောင်းကုန်ပါသည်။ ရတနာရှိသော နေရာသို့ အရပ်ရပ်မှ ဈေးကွက်စီးပွားရေးစနစ်အရ စီးမျှော ၀င်ရောက်လာသော အုပ်စုဖွဲ့ ဓနအင်အားများနှင့် ဈေးပြိုင် လေလံစနစ် အောက်တွင် ကိုယ်ရှာဖွေထားသော လက်ငုတ်လက်ရင်းများကို နယ်ရုပ်များသဖွယ် ထိုးကျွေးရ ပါတော့သည်။
အခုပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကျွန်တော်တို့ မိုးကုတ်သားတစ်တွေ နှိုးထဖို့သင့်ပြီ။ အဖေတို့ မျှော်ခဲ့သော ဒီမိုကရေစီခေတ် ရောက်ပြီ။ ပြည်သူ့ဆန္ဒနှင့်အညီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို သမ္မတကြီးက ရပ်ဆိုင်းပေးပြီ။ ပြည်သူ့အသံကို နားထောင်သော ပြည်သူ့ဆန္ဒကို အလေးထားသော ပြည်သူ့ရွှေခေတ် လမ်းပေါ်ရောက် နေပါပြီ။ မန္တလေးတိုင်း ဒေသကြီးအတွင်း စဉ့်ကူးမြို့နယ်ဒေသခံများ စားဝတ်နေရေး ပြေလည်စေရန်နှင့် အလုပ်အကိုင်များ ရရှိစေရန် ရွှေသတ္တု တူးဖော်ရေး လက်လုပ်လက်စား လုပ်ကွက်များ ခွင့်ပြုတော့မည်ဖြစ်ကြောင်း သတင်းများလည်း ကြားနေရပြီး။ ကျွန်တော်တို့ တစ်တွေလည်း လက်လုပ်လက်စား လုပ်ကွက်များအပေါ် ဆန္ဒထုတ်ဖော်သင့်ပြီ။
            ကျွန်တော်တို့ တစ်တွေလည်း ကျွန်တော်တို့သိသော ဗြုံးကြောမြေကြောတွေ ရှာခွင့်ရဖို့ အချိန်ရောက်ပြီ။ လက်လုပ် လက်စားကွက်များ လုပ်ကိုင်ခွင့်ရရှိလျှင် လက်ရှိကြုံတွေ့နေရသော စားဝတ်နေရေး အခက်အခဲများ ပြေလည်လာ နိုင်တော့မည်။ ပွေးတွေလို မြေအောက်မှာ ပျော်နိုင်တော့မည်။ ကနယ်နံမွှေးမွှေးကိုလည်း ရှုရှိုက်ခွင့်ရတော့မည်။  အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာမည့်အပြင်  ဆင်းရဲနွမ်းပါးမှုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ရတနာကွက်သစ်များကို ဖော်ထုတ်ကာ နိုင်ငံတော်သို့ သင့်တင့်မျှတသော အခွန်များထမ်းပြီး မိုးကုတ်ရတနာဈေးကွက် တစ်ခေတ်ဆန်းမည့်ကာလ ရောက်ရန်ကြိုးစားသင့်ပြီ။ ကျွန်တော်တို့ ဒေသခံများမှာ မိရိုးဖလာ လုပ်နည်းလုပ်ဟန် တစ်ပိုင်တစ်နိုင်နည်း လမ်းကြွယ်ဝသူများ ဖြစ်သဖြင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြုန်းတီးမှုကို လျှော့ချကာ ထိထိရောက်ရောက် ရတနာထုတ်လုပ်နိုင်မည်မှာလည်း မလွှဲသောအချက်သာ ဖြစ်ပါသည်။
            ကျွန်တော်တို့ မိုးကုတ်သားများသည် သမိုင်းရှိသောသူများ ဖြစ်ပါသည်။ ရတနာကို သိသောသူများ ဖြစ်ပါသည်။ ရတနာအငွေ့ရှုလို့ နူးညံ့တတ်သူများ ဖြစ်ပါသည်။ မဖြစ်တာ ကံကြောင့်လို့ အမှတ်ထားတတ်သူများ ဖြစ်ပါသည်။ သို့ရာတွင် ဒီမိုကရေစီစနစ်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပြဌာန်းပါသည်။ ကျွန်တော်တို့ မိုးကုတ်ဒေသခံ ဇာတိသားများသည် ဘိုးဘွားဘီဘင် ကတည်းက ရတနာရှာဖွေခွင့်ရှိသော မူလဘူတ အခွင့်အရေးများကို သဘာဝက ပြဌာန်းပေးထား ပြီးသာဖြစ် ပါသည်။ လယ်သမားကြီးများ လယ်စိုက်ကြသလို တံငါများငါးဖမ်းကြမှာ ဖြစ်ပါသည်။ တောင်ပေါ်မှာနေလျှင် တောင်ယာခုတ်သလို ဆလုံများ ရေငုတ်ခြင်းသည် ဒေသခံတွေကို သဘာဝက ပြဌာန်းသောမူလဘူတ အခွင့်အရေးများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့လည်း ပြည်သူကို ရှေးရှုသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ခေတ်တွင် ကျွန်တော်ချစ်သော မိုးကုတ်သားတို့ ဆရာဇော်ဂျီ၏ ကဗျာတစ်စနှင့် နှိုးထကြလော့……
ထလော့မြန်မာ ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဥာဏ်များမြောင်၍
စွမ်းဆောင်ကြလေ။
ဤမြေရွာက၊ ဘယ်သူရွာလဲ
ဤယာစပါး၊ ဘယ်သူစပါးလဲ
ထလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ်ညီစေသတည်း။