Pages

Saturday, January 7, 2012

“ ထလော့မိုးကုတ်သား၊ အို…..မိုးကုတ်သားတို့ ”


           “ ထလော့မိုးကုတ်သား၊ အို….မိုးကုတ်သားတို့ ” ဟိုစဉ်အခါက ဆရာဇော်ဂျီက မြန်မာနိုင်ငံသားတို့ကို ဤသို့ နိုးခဲ့ဖူးသည်။ ဆရာက “သင်သေသွားသော်” ကဗျာအားလည်း ရေးခဲ့သည်။ ကျွန်တော်သည် ဆရာ့မျိုးချစ်စိတ်နှင့်ယှဉ်သော် ကောင်းကင်နှင့် မြူမှုန်မျှသာ ရှိချေမည်။ သို့သော် ဆရာ့၏ “သင်သေသွားသော်” ကဗျာနောက်သို့တော့ လိုက်လိုသည်။ အဘယ့်ကြောင့်ဆိုသော် မိုးကုတ်ဘိုးဘေဘီဘင်က ဆင်းသက်သော မိုးကုတ်သားစစ်စစ်ကြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။
“ ထလော့မိုးကုတ်သား၊ အို…မိုးကုတ်သားတို့ ” ဟု ခင်ဗျားက ဘာကြောင့် နိုးနေရတာလဲဆိုလျှင် ကျွန်တော်တို့ ဇာတိသားတွေ ကာလအတိုင်းအတာ တစ်ခုထိ အိပ်ပျော်နေခဲ့ကြသည်။ မအိပ်ပျော်ခင်ကတော့ အသွက်လက်ဆုံး အနှိုးကြားဆုံး သူများသာ ဖြစ်ခဲ့ကြသည်။ မည်မျှ သွက်လက်နှိုးကြားခဲ့ပါသနည်း ဆိုလျှင် ဆရာသော်တာဆွေက တစ်ခုပ်တစ်ရ ပြောပြခဲ့ဖူးသော ဦးမြမောင်(မန္တလေးဒါးတန်းရေခဲစက်တည်ထောင်လုပ်ကိုင်ခဲ့သူ)အကြောင်းကို ဆရာ့စာတွေထဲ ပြန်ဖတ်ရလျှင် သိနိုင်ချေမည်။  ယခုအချိန်တွင် ကျွန်တော်တို့ မိုးကုတ်သားတွေ နှိုးထ ရပါတော့မည်။ သမ္မတကြီး လက်ထက်ရောက်နေပါပြီ။ မြန်မာ့ရေမြေ သဘာဝနှင့်ကိုက်မည့် ဒီမိုကရေစီကို ဖော်ဆောင်မည်ဖြစ်ကြောင်း သမ္မတကြီးတို့ပြောနေသော အချိန်လည်း ဖြစ်ပါသည်။ သမိုင်းဘီးတစ်ရစ် စတင်လှိမ့်ရတော့မည် အချိန်ကာလလည်း ဖြစ်ပါသည်။
            သမိုင်းဘီးတစ်ရစ် မစတင်ခင် နောက်သို့တစ်ရစ်ဆုတ်ပြလိုပါသည်။ ကျွန်တော်တို့သည် အခါကာလတစ်ခုက အလွန်အင်မတန် ကောင်းစားခဲ့ဖူးပြီး ရွှေထီးဆောင်သောကာလများကို ပိုင်ဆိုင်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံကို သူ့ကျွန် ပြု့ခဲ့သည့် အင်္ဂလိပ်အစိုးရပင် ကျွန်တော်တို့ကို အသိအမှတ် ပြုပေးခဲ့ပါသည်။ မိုးကုတ်ဒေသခံ ဇာတိသားစစ်စစ် ဖြစ်သူကိုမှ ကျောက်တွင်းတူးခွင့် လိုင်စင်တွေ ချမှတ်ပေးခဲ့သည်။ ခါး၌ လိုင်စင် ကြေးခါးပတ်ခေါင်းကို ပတ်ထားလျှင် ကြိုက်နှစ်သက်ရာ နေရာတွင် ကျောက်တွင်းတူးခွင့် ရှိခဲ့ဖူးသည်။ သည်အခွင့်အရေးတွေက ရတနာရှိမည့်နေရာကို တပ်အပ်သိနိုင်သော သွေးထဲမှ ပါသည့်ဗီဇကို ပြဌာန်း ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။
            ဒါ့ကြောင့် ကျွန်တော်တို့ ဇာတိသားတွေ မော်ကြွားခဲ့ကြသည်။ ပိုက်ဆံလိုမှ ခနွှဲးလေးပြေးဆေးသည်။ သားသမီး အရွယ်ရောက်လို့ လှူချင်မှ တွင်းလေးပြေး တူးသည်။  ရတနာကြွယ်သော မိခင်မြေကြီးပေါ်ဝယ် ရေပေါ်ဆီ ထနိုင်ခဲ့ကြသည်။ မြေရှိလျှင်ရတနာရှိတယ်။ ရတနာရှိလျှင်ငါတို့သိတယ်။ ငါတို့ သည်မြေပေါ်မှာ အသက်ရှင်သရွေ့ ငွေဆိုတာရှိတယ်လို့  အသွေး အသားထဲ သံမှိုစွဲနေသည်။ (ကျွန်တော့်အဖေဆိုလျှင် မိုးကုတ်မှပြောင်းသောနေ့တွင် ဒီမိုကရေစီရလျှင် ပြန်လာမည်ဟု ဥဒါန်းကြူး ခဲ့သေးသည်) ရတနာဆိုတာကလည်း သေးသေးမွှားမွှား လောက်တော့ လူတိုင်းအိမ်တံစက်မြိတ် အောက်တွင် ကောက်၍ရနေသည်။ မြောင်းကျိုမြောင်းကြားဆိုတာ အမှိုက်ရှိတာနည်းလို့ ဇကာတစ်ချပ်နှင့် ထမင်းစား ကျောက်ရှာသော နေရာများ ပင်ဖြစ်သည်။
ငွေဆိုတာ ပိုနေသောအရာလည်း ဖြစ်ခဲ့ဖူးသည်။ သည်ငွေပိုတွေ သုံးနိုင်ဘို့အရေး အနုပညာ ထွန်းကားရာ မန္တလာမြေမှ တီးတတ်မှုတ်တတ်သူ ဂီတပညာရှင်များအား စုဆောင်း ခေါ်ဆောင်၍ ကျွန်တော်တို့ မိုးကုတ်သားတစ်တွေ အနုပညာ သင်ခဲ့ကြသည်။ ထိုပညာရှင်များ ပြန်ကုန်မည်စိုး၍ အရင်းအနှီးထုတ် အလုပ်တောင် ထောင်ပေးခဲ့ကြသည်။ နောင်အခါ ထိုသူများ လည်း အိမ်ယာ ထူထောင်ကာ မိုးကုတ်သားဟုပင် စိတ်ကြီးဝင် ကုန်တော့သည်။ ကိုယ့်တူရိယာ ကိုယ်ပိုင် ၀ယ်တီးမှုတ်သည့်ပြင် တီးဝိုင်ထောင်လို့ ရန်ကုန်ဆင်း မြန်မာ့အသံတွင် ဓါတ်ပြား သွင်းနိုင်ရေး လူအစိတ်ငါးဆယ်ကို အလွယ်တစ်ကူ ကျွေးမွေး ခေါ်ဆောင်ကာ ငွေကို ဖြုန်းနိုင်ကြသည်။ ဆိုက်ကားသမားကို ရာတန်ပေး၊ ဆီးစားများသော Patrol Nissan ကိုမှ ကားလုပ်စီး ခေတ်ကြီး တစ်ခေတ်ရခဲ့ကြသည်။
ထိုကာလ လွန်မြောက်သော အခါဝယ် မိုးကုတ်ဆရာတော် ဟောသော မမြဲသည့် သဘောတွေ ဆက်တိုက်ထင် လာပါတော့ သည်။ ကိုယ့်မြေကိုယ် ယက်စားသည့် စီးပွားရေးမှာ အန္တရာယ်ကြား ကျရောက် သွားပါသည်။ တွင်းတူးကိရိယာ သံတူရွင်း ပေါက်ပြား ဇကာများ၊ ကျောက်သွေးကိရိယာ ညှပ်မှတ် ကျောက်တံ မီးပုံးများနှင့် အရောင်းအ၀ယ်တွင် သုံးသော ချိန်ခွင် အလေးတင်တောင်း များသည် ရာဇ၀တ်မှု၏ သက်သေခံပစ္စည်းများ ဖြစ်လာပါတော့သည်။ ယခင်က ငွေရှာသော ရတနာသည် ဒုတ်ထိုး ရသော ရာဇ၀တ်အိုး အဖြစ်သို့ အသွင်ကူးပြောင်း သွားပါတော့သည်။ “၈၈”လွန် နောက်ပိုင်း ကာလများတွင် ဖျက်သိမ်း လိုက်ရသော လုံထိန်းတပ်ဖွဲ့များ၏ သေနတ်ဖျားတွင် ဟိုမှသည် ပြေးလွှားကာ ထမင်းတစ်လုတ် အတွက် အသက်ရင်း ရှာစားသော ပညာများ သင်ကြား တတ်မြောက် ကုန်ကြရသည်။ “မိုးကုတ်သား မှန်လျှင် မိုးနှင့်လုံထိန်း မကြောက်” ဆိုသော စကားပုံပေါ်လာသည်အထိပင်။
ထိုအခါ မှစ၍ ကျွန်တော်တို့ တစ်တွေ အိပ်ငိုက်လာကာ ပြီးခဲ့သော ဈေးကွက် စီးပွားရေးခေတ် တွင်တော့ တစ်ခေါခေါ အိပ်ပျော် ကုန်ပါသည်။ အဘယ့်ကြောင့် ဆိုသော် မိုးကုတ်ဇာတိသားများသည် ရတနာကျောက် ဖြစ်တည်ရာ အရပ်ကို ကောင်စွာ သိပါသည်။ ရတနာဖွဲ့ရာ အသိုင်းဝန်းကို ကြည့်တတ်ပါသည်။ ရတနာ လှဲလျောင်းရာ မြေလွှာကို ရှာတတ်ပါသည်။ ရှာလည်း ရှာခဲ့ကြပါသည်။ ထိုနေရာ တို့လည်း ပွင့်ပေါ်လာပါသည်။ သို့ရာတွင် ခေတ်အရ ပါရာဒိုင်း ပြောင်းကုန်ပါသည်။ ရတနာရှိသော နေရာသို့ အရပ်ရပ်မှ ဈေးကွက်စီးပွားရေးစနစ်အရ စီးမျှော ၀င်ရောက်လာသော အုပ်စုဖွဲ့ ဓနအင်အားများနှင့် ဈေးပြိုင် လေလံစနစ် အောက်တွင် ကိုယ်ရှာဖွေထားသော လက်ငုတ်လက်ရင်းများကို နယ်ရုပ်များသဖွယ် ထိုးကျွေးရ ပါတော့သည်။
အခုပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကျွန်တော်တို့ မိုးကုတ်သားတစ်တွေ နှိုးထဖို့သင့်ပြီ။ အဖေတို့ မျှော်ခဲ့သော ဒီမိုကရေစီခေတ် ရောက်ပြီ။ ပြည်သူ့ဆန္ဒနှင့်အညီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို သမ္မတကြီးက ရပ်ဆိုင်းပေးပြီ။ ပြည်သူ့အသံကို နားထောင်သော ပြည်သူ့ဆန္ဒကို အလေးထားသော ပြည်သူ့ရွှေခေတ် လမ်းပေါ်ရောက် နေပါပြီ။ မန္တလေးတိုင်း ဒေသကြီးအတွင်း စဉ့်ကူးမြို့နယ်ဒေသခံများ စားဝတ်နေရေး ပြေလည်စေရန်နှင့် အလုပ်အကိုင်များ ရရှိစေရန် ရွှေသတ္တု တူးဖော်ရေး လက်လုပ်လက်စား လုပ်ကွက်များ ခွင့်ပြုတော့မည်ဖြစ်ကြောင်း သတင်းများလည်း ကြားနေရပြီး။ ကျွန်တော်တို့ တစ်တွေလည်း လက်လုပ်လက်စား လုပ်ကွက်များအပေါ် ဆန္ဒထုတ်ဖော်သင့်ပြီ။
            ကျွန်တော်တို့ တစ်တွေလည်း ကျွန်တော်တို့သိသော ဗြုံးကြောမြေကြောတွေ ရှာခွင့်ရဖို့ အချိန်ရောက်ပြီ။ လက်လုပ် လက်စားကွက်များ လုပ်ကိုင်ခွင့်ရရှိလျှင် လက်ရှိကြုံတွေ့နေရသော စားဝတ်နေရေး အခက်အခဲများ ပြေလည်လာ နိုင်တော့မည်။ ပွေးတွေလို မြေအောက်မှာ ပျော်နိုင်တော့မည်။ ကနယ်နံမွှေးမွှေးကိုလည်း ရှုရှိုက်ခွင့်ရတော့မည်။  အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာမည့်အပြင်  ဆင်းရဲနွမ်းပါးမှုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ရတနာကွက်သစ်များကို ဖော်ထုတ်ကာ နိုင်ငံတော်သို့ သင့်တင့်မျှတသော အခွန်များထမ်းပြီး မိုးကုတ်ရတနာဈေးကွက် တစ်ခေတ်ဆန်းမည့်ကာလ ရောက်ရန်ကြိုးစားသင့်ပြီ။ ကျွန်တော်တို့ ဒေသခံများမှာ မိရိုးဖလာ လုပ်နည်းလုပ်ဟန် တစ်ပိုင်တစ်နိုင်နည်း လမ်းကြွယ်ဝသူများ ဖြစ်သဖြင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြုန်းတီးမှုကို လျှော့ချကာ ထိထိရောက်ရောက် ရတနာထုတ်လုပ်နိုင်မည်မှာလည်း မလွှဲသောအချက်သာ ဖြစ်ပါသည်။
            ကျွန်တော်တို့ မိုးကုတ်သားများသည် သမိုင်းရှိသောသူများ ဖြစ်ပါသည်။ ရတနာကို သိသောသူများ ဖြစ်ပါသည်။ ရတနာအငွေ့ရှုလို့ နူးညံ့တတ်သူများ ဖြစ်ပါသည်။ မဖြစ်တာ ကံကြောင့်လို့ အမှတ်ထားတတ်သူများ ဖြစ်ပါသည်။ သို့ရာတွင် ဒီမိုကရေစီစနစ်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပြဌာန်းပါသည်။ ကျွန်တော်တို့ မိုးကုတ်ဒေသခံ ဇာတိသားများသည် ဘိုးဘွားဘီဘင် ကတည်းက ရတနာရှာဖွေခွင့်ရှိသော မူလဘူတ အခွင့်အရေးများကို သဘာဝက ပြဌာန်းပေးထား ပြီးသာဖြစ် ပါသည်။ လယ်သမားကြီးများ လယ်စိုက်ကြသလို တံငါများငါးဖမ်းကြမှာ ဖြစ်ပါသည်။ တောင်ပေါ်မှာနေလျှင် တောင်ယာခုတ်သလို ဆလုံများ ရေငုတ်ခြင်းသည် ဒေသခံတွေကို သဘာဝက ပြဌာန်းသောမူလဘူတ အခွင့်အရေးများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့လည်း ပြည်သူကို ရှေးရှုသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ခေတ်တွင် ကျွန်တော်ချစ်သော မိုးကုတ်သားတို့ ဆရာဇော်ဂျီ၏ ကဗျာတစ်စနှင့် နှိုးထကြလော့……
ထလော့မြန်မာ ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဥာဏ်များမြောင်၍
စွမ်းဆောင်ကြလေ။
ဤမြေရွာက၊ ဘယ်သူရွာလဲ
ဤယာစပါး၊ ဘယ်သူစပါးလဲ
ထလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ်ညီစေသတည်း။

No comments:

Post a Comment