Pages

Sunday, November 25, 2012

မြနန္ဒဂျာနယ် အတွဲ-၁၊ အမှတ်-၄၅မှာပါတဲ့လက်ရာလေးပါ။ ကျော်ငွေနေတဲ့ အေးစေတီမြောက်ကျောင်းနဲ့တောင်ကျောင်းလွဲတာလေးခွင့်လွတ်ပေးကြပါ

“ဟင့်တင့်ကြီးငလျင်”
ကျွန်တော့်မွေးရပ်ချက်မြုပ်ဇာတိမြေတွင် အေးစေတီကျောင်းဆိုတာရှိပါသည်။ အတိအကျပြောရ လျှင်တော့ ရတနာမြေလို့နာမည်ကြီးသောမိုးကုတ်မြို့ မရောက်မီ(၇)မိုင်ခန့်အကွာက မိုးကုတ်အနောက်ပိုင်း ဟုလည်းခေါ်ကြသော ကျပ်ပြင်ရွာလေး၏အရှေ့ဘက် တောင်တန်းငယ်လေးတစ်ခုပေါ်တွင် အေးစေတီ ကျောင်းရှိသည်။ အေးစေတီလေးတစ်ဆူတည်ထားသော တောင်ကုန်းပေါ်တွင်ရှိသောကြောင့်လည်း အေးစေတီကျောင်းဟုခေါ်ကြခြင်းဖြစ်ပါသည်။ အေးစေတီ၏တောင်ဘက်တွင်ရှိသော ကျောင်းက အေးစေတီတောင်ကျောင်း။ အေးစေတီ၏မြောက်ဘက်တွင်ရှိသောကျောင်းက အေးစေတီမြောက်ကျောင်း ဟု နှစ်ကျောင်းခွဲကာ ကိုးကွယ်ကြတော့ ကျောင်းထိုင်ဆရာတော်ကလည်း တစ်ပါးစီဖြစ်သည်။
          အေးစေတီတောင်ကျောင်းတွင် ကျော်ငွေဆိုသော ဘုန်းကြီးကျောင်းသားဆိုမလား။ ကပ္ပိယ ဆိုမလား။ လူကြီးတစ်ယောက်ရှိပါသည်။ သူကား စိတ်မပြည့်တပြည့်။ လုံးလုံးလျားလျားကြီး ဦးနှောက်ဖောက်သွားတာမျိုးတော့မဟုတ်။ ကျောင်းမှဆရာတော်ဆွမ်းခံကြွလျှင် ကြေးစည်ကြိုးကို လက်တွင်ပတ်ခါ ကြေးစည်ရိုက်တံဖြင့် “ဒေါင် ဒင် ဒေါင် ဒင်” မြည်အောင်ခတ်ပြီး ရှေ့ဆုံးမှထွက်လေ့ ရှိတာကကျော်ငွေ။ ကျွန်တော်အရပ်ရပ်သို့ရောက်ရသော်လည်း ကြားဖူးသမျှသောကြေးစည်းသံတို့တွင် ကျော်ငွေ၏ကြေးစည်ခတ်သံ “ဒေါင် ဒင် ဒေါင် ဒင်” လောက် နားမစွဲပါ။ နားထောင်ကောင်းသည်ဟုမထင်ပါ။ ကျော်ငွေနှင့်သူ၏ ကြေးစည်သံ“ဒေါင် ဒင် ဒေါင် ဒင်”သည် အေးစေတီတောင်ကျောင်း၏ ဆွမ်းခံနိဗ္ဗာန်ဆော် မူပိုင်ဖြစ်ပါသည်။ 
ကျော်ငွေသည် ဆရာတော်ဆွမ်းခံကြွသည့်အချိန် ကြေးစည်တီးခတ်ဖော်ရသည်မှလွှဲ၍  အခြား ကျောင်း၏ဝေယျဝစ္စအလုပ်များ သိပ်ခိုင်းရတာကို မတွေ့ရပါ။ ထိုကြောင့်ကပ္ပိယလည်းမဆိုသာ။ ဘုန်းကြီး ကျောင်းသားဟုလည်း မဆိုနိုင်ခြင်းဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော်တို့ရွာတွင်တော့ ကျော်ငွေနှင့် ပတ်သက်သော ပြောစမှတ်တစ်ခုတော့ပေါ်ခဲ့ဖူးပါလေသည်။ 
အေးစေတီတောင်ကျောင်းဆရာတော်မှာ ကျောင်းတွင် အအားနေနေတတ်သော ကျော်ငွေအား အကျိုးလေးတစ်စုံတစ်ရာရှိစေရန် စာတတ်စေချင်သည်။ ထို့ကြောင့်စာသင်ပေးရန်လည်း ကြိုးစားဖူး ပါသည်။ ဦးနှောက်က မပြည့်တပြည့်လေးမို့ ၀လုံးတစ်မျိုးတည်းကိုပင်ရအောင်သင်ရန် ကြိုးစားရပါသည်။ သည်မှာ ကျော်ငွေ၏ဒုက္ခက “၀” ရွတ်မရခြင်းဖြစ်ပါသည်။ စကားကိုကျတော့ ထစ်ထစ်ဖြစ်သည်မှအပ ပြောရနေပါလျှက် “၀” ကိုကလုံးဝရွတ်ခိုင်း၍မရ။ ဆရာတော်က ကြိမ်တစ်လှည့် လေပြေတစ်လှည့်ဖြင့် ၀လုံးရွတ်ခိုင်းသော်လည်း ကျော်ငွေမှာကား “၀” ကို မရ ရေးချမရ လုံးဝရွတ်မရရှာပါ။
သည်မှာဆရာတော်ကကြံပါသည်။ ကျော်ငွေအား ဆွမ်းစားကျောင်းဆောင်ခေါ်သွားပြီး ထမင်းအ၀ ကျွေးပါသည်။ ကျော်ငွေဝလောက်သောအခါ “ဟဲ့ကျော်ငွေ ၀ ပလား” မေးတော့ ကျော်ငွေပြန် ဖြေပုံက “ဟင့်တင့်ကြီး (အင့်တင့်ကြီး)ပါဘုရား” ဟုဖြစ်လေသည်။ ဆရာတော်က မကျေနပ် ထပ်ကြိုးစားပြီး ကျော်ငွေကို စားခိုင်းပြန်ပါသည်။ ပြီးတော့ “ကျော်ငွေ ၀ ပလား”လို့ ထပ်မေးပြန်ပါသည်။ ကျော်ငွေကလည်း “ဟင့်တင့်ကြီးပါဘုရား” ပဲဖြေသည်။ ဆရာတော်လက်မလျှော့။ ကျော်ငွေကို ထပ်စားခိုင်းပြန်ပါသည်။       “၀ ပလား” မေးတော့လည်း ကျော်ငွေ၏ဖြေမြဲက “ဟင့်တင့်ကြီး” ပဲဖြစ်ပါသည်။ နောက်ဆုံး ဟင့်တင့်ကြီးဖြင့် ဇွဲကောင်းသော ကျော်ငွေကို စားပိုးမနင့်ခင်ဆရာတော်ဘုရားကပဲ လက်လျော့လိုက်ရပါတော့သည်။ သည်အခါမှစ၍ ကျွန်တော်တို့ရွာလေးတွင်လည်း မထွေးနိုင်မမြိုနိုင် မအီမလည်အဖြစ်များကြုံရလျှင် ကျော်ငွေလိုပဲ ဟင့်တင့်ကြီးလို့ ပြောစမှတ်တွင်ခဲ့ပါတော့သည်။
ကျွန်တော်တစ်ရက်တွင် မြနန္ဒာဂျာနယ်တိုက်၌စာမူခထုတ်တော့ The Nation သတင်းဂျာနယ် တစ်စောင်လက်ဆောင်ရပါသည်။ စာမျက်နှာ-၁၅ ပြည်တွင်းဆောင်းပါးကို ဂရုတစိုက်ဖတ်ဖြစ်ပါသည်။ “တစ်ကယ်ပြောင်းလဲနေရဲ့လား…..... နေဘုန်းလတ်ရေ” ဆိုတဲ့ ဆရာအောင်ချစ်ရဲ့ ဆောင်းပါးဖြစ်ပါသည်။ ကျွန်တော်စိတ်ဝင်စားစွာ ဂရုစိုက်ဖတ်မိခြင်းမှာ ကျွန်တော်က နေဘုန်းလတ်၏ပရိတ်သတ်ဖြစ်ပြီး သူ့စာတွေ ကို တော်တော်သဘောကျခြင်းကြောင့် နေဘုန်းလတ်အားဝေဖန်သောဆောင်းပါးဖြစ်၍ ဂရုထားမိခြင်းလည်း ဖြစ်ပါသည်။
နေဘုန်းလတ်၏ “ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်” စာအုပ်ထဲက “လူနှင့် ခေတ်သစ်ဘီလူး” “ဘီလူးတစ်ကောင်ရဲ့ကကြိုး” “သက်ရှိကွက်လပ်များ” “မင်းသား၊ လက်ခုပ်သံများနဲ့ ကိုယ်ဝင်ကြည့်ခဲ့တဲ့ ဇာတ်ပွဲ” တို့ကိုကျွန်တော်စွဲခဲ့ဖူးသည်။ အနည်းငယ်လောက်ကျွန်တော်စွဲခဲ့တဲ့ နေဘုန်းလတ်စာတွေကို မြည်းကြည့်ကြပါဦး “လူနှင့် ခေတ်သစ်ဘီလူး”မှာ
“ငါ မစားကောင်းတဲ့အသီးကို စားခဲ့မိလို့လား။ ငါ မသောက်ကောင်းတဲ့ရေကို သောက်ခဲ့မိလို့လား။ ဒါမှမဟုတ် ငါ့ရဲ့ ဒုတိယဆုတောင်းကပဲ မှားခဲ့တာလား”.….တဲ့။ နောက်ထပ် “ဘီလူးတစ်ကောင်ရဲ့ ကကြိုး” မှာတော့
“သူသိခဲ့ဖူးတဲ့ ဘီလူးက ကတဲ့အခါမှာတောင် လက်သီးလက်မောင်းတန်း၊ သန်လျက်ကြီးတရမ်းရမ်း နဲ့ လောဘ ဒေါသမာန်မာနတွေကို အထင်းသားမြင်ရနိုင်တဲ့ အကွက်တွေနဲ့ ခြေတဆောင့်ဆောင့် ကတတ်သူ။ အခုတော့ သူကနူးညံပြေပြစ်စွာ ကလို့။ လှပပျော့ပျောင်းစွာ ကလို့။ သူ့အတွေးတွေ ဒွိဟတွေနဲ့ ဖရိုဖရဲဖြစ်နေပေမယ့် ဘီလူးကတော့ ကကောင်းနေတုန်း။ ဘာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတာ ကတော့သေချာတယ်”……လို့ ဖွဲ့ပြခဲ့တဲ့နေဘုန်းလတ်။
စာတွေအော်ကျက်နေရမယ့် မင်းတို့နှုတ်ဖျားက
တူးတီပေါ့ကျတဲ့
တာမွေ တာမွေတစ်ယောက် ၁၅၀ိ/- ပဲတဲ့
ညီလေးရယ် ၀မ်းရေဆိုတဲ့ စကားလုံးအောက်မှာ
မင်းတို့ရဲ့ အနာဂတ်တွေ ပျောက်
မင်းတို့ရဲ့ စိတ်ထဲမှာတော့
ငွေစတွေကသာ မင်းတို့ဘ၀တွေရဲ့ တည်ဆောက်ရာပေါ့လို့……………စခဲ့ပြီ။
စာသင်ကျောင်းတွေက မင်းတို့ကို မျှော်နေတယ်
ကျောင်းတက်ခေါင်းလောင်းသံက မင်းတို့ကိုခေါ်နေတယ်
ဆရာ ဆရာမတွေက မင်းတို့ကိုမျှော်နေတယ်
စာသင်ခုံတွေက မင်းတို့ကိုခေါ်နေတယ်
နိုင်ငံရဲ့အနာဂတ်ကို
မျိုးဆက်သစ်တွေရဲ့ လက်ထဲကိုအပ်ဖို့
လူကြီးသူမတွေခမျာလည်း
မျက်ရည်စို့စို့နဲ့
မင်းတို့ကိုမျှော်လင့်နေကြရဲ့.…….လို့ “သက်ရှိကွက်လပ်များ” ဖြင့် ရင်ထဲနင့်သွားစေတဲ့ နေဘုန်းလတ်။
“မင်းသား၊ လက်ခုပ်သံများနဲ့ ကိုယ်ဝင်ကြည့်ခဲ့တဲ့ ဇာတ်ပွဲ” မှာ “ကိုယ်အားပေးမယ့် မင်းသားဟာ ရုပ်သေးရုပ်မဖြစ်ဖို့တော့ လိုမယ်၊ နို့မို့ဆို လက်ခုပ်သံတွေ နှမြောဖို့ ကောင်းပါတယ်လို့”………ရွှေရောင် အနားလေးတွေ ကွပ်တတ်တဲ့ နေဘုန်းလတ်။
သည်လို ကျွန်တော်နှစ်ခြိုက်ခဲ့ရတဲ့ နေဘုန်လတ်ကို “တကယ်ပြောင်းလဲနေရဲ့လား” လို့ ဆရာအောင်ချစ်ကဆိုလိုက်တော့ ကျွန်တော်ပြူးရပြဲရသည်။ နေဘုန်းလတ်သတ်မှတ်တဲ့ အပြောင်အလဲ (၇)ချက်ကို ကိုင်ထားတဲ့ဝှက်ဖဲချပ်တွေနဲ့ ထုတ်ပြလိုက်ပြီး “ဒီမိုကရေစီဆိုတာပြည်သူ့ဆန္ဒကို အလေးထား အသိအမှတ်ပြုတဲ့ ပြည်သူဆန္ဒနဲ့အညီရွေးကောက် တင်မြောက်ခံရတဲ့အစိုးရတွေကိုသာ ကြိုက်နှစ်သက်တဲ့ နည်းလမ်းပါ။ မနေ့က အာဏာရှင်ဖြစ်ခဲ့ပြီ ဒီနေ့ ဒီမိုကရေစီအရေးကြွေးကြော်နေတာ ဘာကြောင့်ဆိုတာ နှိုင်းနှိုင်းချိန်ချိန် တွေးကြည့်သင့်ပါတယ်။ ဆိုရှယ်လစ်ခေတ်တုန်းကလဲ ဟိုနားဆိုရှယ်လစ် ဒီနားဆိုရှယ်လစ်။ ပြည်သူ့အတွက် နိုင်ငံဆိုတဲ့ ဆိုင်ဘုတ်တွေနဲ့ တစ်မိုးလုံးဖျောက်ဆိပ်ပေါ့။ အခုလဲ ဒီမိုကရေစီ ကြွေးကြော်သံတွေလှိုင်လှိုင်အော်နေကြတော့ ပြည်သူတွေရဲ့ဘ၀ဟာလည်း ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေကြတာပါ”  “ကျူရှင်ကူမှထရတဲ့ ပညာရေးစနစ်နဲ့ ငွေကြေးကူမှလူလိုဆက်ဆံတဲ့ ကျန်းမာရေးစနစ်တို့ ကတော့ အပြောင်းအလဲမရှိသေး” ဆိုပြီး ဆရာအောင်ချစ်လုပ်ချသွားလိုက်တာ ကျွန်တော်ခပ်တုံးတုံးကောင် တောင် အိပ်ငိုက်တုန်း သံပရာသီးစားလိုက်ရသလို မျက်စိလည်တွေပြေချင်ချင်ဖြစ်သွားရတယ်။
(၁၁.၁၁.၂၀၁၂)နေ့ မနက်၇နာရီ ၄၂မိနစ် ၃၇စက္ကန့်တွင် ရွှေဘိုမြို့ကိုဗဟိုပြု၍ ရစ်ခ်ျတာ စကေး(၆.၈)အဆင့်ရှိသော အင်အားပြင်းငလျင်လှုပ်သွားလိုက်တာ ဘုရားတွေပြို၊ ကျောင်းတွေပြို အိမ်တွေပြိုပေါ့။ လှုပ်ခါတဲ့ အားကလည်းပြင်းတာကိုး။ သည်လိုငလျင်တွေလှုပ်ပြီဆိုရင် အမေကတော့ “မင်းပြောင်းမင်းလွှဲရှိတတ်တယ်”လို့ ပြောနေကျ။ အကြာကြီးမပြောင်းလွှဲပဲရှိခဲ့တဲ့ တစ်ခေတ်တစ်ခါကတော့ အမေသည်လိုပြောတိုင်း ကျွန်တော်တို့က လေလှိုင်းသံလူသတ်သမားရဲ့ ပရိသတ်အမေ့ကို “အမေ့ငလျင်က ထိုင်ခုံတွေကိုတော့မလှုပ်ပါဘူးအမေရာ” “အမေ့ရေဒီယိုကြီးကသည်လောက်ရန်တိုက်ပေး၊ သွေးထိုးပေး နေတာတောင်မလှုပ်တာ” လို့ စတော့ အမေက “ဘယ်အရာမှမမြဲပါဘူး သားရယ်” လို့ အေးအေးလေး ပြန်ဖြေနေကျ။ အမေပြောတဲ့ မမြဲခြင်းတရားကတော့ အခုလတ်လတ်ဆတ်ဆတ်ကြီးကို ထထင်တော့သည်။ ၇နာရီ ၄၂မိနစ်မတိုင်ခင်ကအကောင်း။ အခုတော့ အုတ်ပုံတွေ၊ အပြိုအပျက်တွေ၊ မြေအက်ကွဲကြောင်း ကြီးတွေ။ သေသေချာချာခိုင်ခိုင်မာမာ ဆောက်မထားတဲ့ အဆောက်အအုံတွေ အစေးဓါတ်ချို့တဲ့ တဲ့နံရံတွေ ပြိုကျ။ သက်တမ်းရင့်ဖျက်သိမ်းသင့်တာတွေ ဆက်သုံးတော့ ဖရိုဖရဲပြိုလဲပျက်ဆီး။ အန္တရာယ်ရှိ အဆောက်အဦးလို့ သတ်မှတ်ခံရ။ “မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်တို့ဖြင့်တည်ဆောက်အံ့” ဆိုသော်ငြားလည်း အရည်အသွေးကောင်းသော အုတ်သစ်အုတ်စစ်ဖြစ်ဦးမှ။ ဟန်ဆောင်မထားတဲ့ အင်္ဂတေစစ်များများသုံးဦးမှ။ ဆောက်သည့်နည်းပညာ ကြွယ်ဝဖို့ကလည်းရှိသေး။ အင်္ဂတေဖျော် အုတ်စီတတ်တာလောက်နဲ့ အာစီတိုက်တက်ဆောက်လို့ကတော့ ရစ်ခ်ျတာစကေး(၆)(၇)လောက် မပြောနဲ့(၄)(၅)လောက်နဲ့တင် ဘုံးဘုံးလဲတယ်။ ဒီမှာပညာရတာက နှစ်တွေရှည်ကြာ အိပ်ပျော်နေပါတယ် ဆိုတဲ့ မဟာပထ၀ီမြေလွှာကတောင် ငြီးငွေ့လို့အညောင်းဆန့်လှုပ်ခါချရင် အဟောင်းတလယ်လယ်တွေ သာခွေယိုင် ကျတာဆိုတာပါဘဲ။
ပြောသာပြောနေရတာ သံသယဖြစ်မိတာက အခုသည်ရွှေဘိုငလျင်ကြီးက တစ်ရာအစိတ်လောက် ကိုမှထိအောင်လှုပ်နိုင်ပါ့မလားလို့။ အပြင်ကခုနှစ်ဆယ့်ငါးမှာကလည်း ဆေးတို့ထား၊ ဆေးစိမ်ထားတဲ့ အခွံလှသလောက် အတွင်းစိမ်းသီးတွေက ခပ်များများ။ သည်အထဲမှာ မှည့်တဲ့ခေါင်သီးကတော့ ၀င်းဝါပြီး ချိုမြပြနေပြန်တော့ “ရွှေဘိုငလျင်ကြီးရေ ဟင့်တင့်ကြီးဗျနော်” လို့ပဲ ပုဆိုးအောက်နားစလေး အသာမပြီး ငိုချင်းသာချလိုက်ချင်ပါတော့ရဲ့။
                                                                          

Friday, November 23, 2012

မောင်ချောနွယ်ရဲ့ဆတ်သွားကိုဖတ်ရာကလှမ်းဖမ်းထားလိုက်တာ



မောင်ချောနွယ် အတုနဲ့ ပဋိပက္ခ
မောင်ချောနွယ် အတုကပြောတယ်
သန်းလေးဆယ်ကျော်အတွက် ထွန်ယက်ခဲ့ပါတယ်တဲ့
ကိုယ့်အတ္တမှ ကိုယ်မသေချာတဲ့
မောင်ချောနွယ်အတုကလေ…
သူတစ်ပါးချမ်းသာရေးအတွက် ပါဝင်ခဲ့ပါတယ်တဲ့
မောင်ချောနွယ်အတုကလေ
သစ်တန်တွက်နည်းဟာ
သစ်ကုန်သည်အတွက်ဝမ်းမီးစာပေဆိုတာ
မသိရှာသူ မောင်ချောနွယ်အတုကလေ…
          ဆရာမောင်ချောနွယ်ကတော့ ဘယ်လိုရည်ရွယ်ပြီးရေးခဲ့တယ်ဆိုတာ သိပ်သဘောမပေါက်နိုင်တာ ကျွန်တော် ကဗျာဖတ်သက်နုလို့လား အတွေးအခေါ်နိမ့်လို့လားတစ်ခုခုတော့သေချာတာပေါ့။ သို့သော် ကလေ….ကလေနဲ့ပြောနေတဲ့ မောင်ချောနွယ်အတုကိုတော့ ကြိတ်သဘောကျနေတယ်ဗျ။ ကျွန်တော့် ပတ်ဝန်းကျင်မှာက သန်းလေးဆယ်ကျော်အတွက် ထွန်ယက်ခဲ့ပါတယ်ဆိုတဲ့သူတွေ သူတစ်ပါးချမ်းသာရေး အတွက် ပါဝင်ခဲ့တယ်ဆိုတဲ့ မောင်ချောနွယ်အတုတွေကြုံကြုံနေရတာကြောင့်လည်းဖြစ်မယ်။
          အခုတစ်လောလည်းကြည့် ဟိုကဟိုလိုလုပ်ထားပြီ သည်ကသည်လိုလုပ်ထားတာနဲ့ဖွင့်ချ နေလိုက်တာ သန်းလေးဆယ်ကျော်အတွက် ထွန်ယက်နေတာလား သန်းလေးဆယ်ကျော်ကြွယ်ဝရေး အတွက် ကာကွယ်ပေးနေတာလား။ ကိုယ့်အတ္တအတွက်ကိုယ်သေချာအောင် လုပ်နေတာလား စဉ်းစားမရ။ မောင်ချောနွယ်အတုကလေ ထပ်ပြောတယ်ဗျ။
မျက်လှည့်ဆရာရဲ့ ဘင် ကိုမှ ၀ယ်မယ်တဲ့
မောင်ချောနွယ်အတုကလေ
တစ်ဘက်သားကို ဒုက္ခပေးပုံပေါ့
ခမျာမှာ ဒီဘင်ကလေးနဲ့မှ လူစုနေရရှာတာကို
ဒီဘင်ကိုမှ ၀ယ်ဖို့ကြိုးစားနေလေရဲ့….
မောင်ချောနွယ်အတုကပြောတယ်
အလမ္မာယ်ဆရာရဲ့ မြွေကိုဝယ်မယ်တဲ့
ဒီမြွေလေး ပြပြပြီးစားရတဲ့ တစ်ဖက်သားကိုမှလေ။
          ဘင်ကလေးထုပြီးလုစုကြရရှာတဲ့ မျက်လှည့်ဆရာတွေအတွက်တော့ ရင်ကြိုးရကိန်းပေါ့။ မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်ဖို့ဆိုတာ ထားခဲ့တဲ့ဆိုရိုးစကားက ရှိထားပြီးသားဆိုတော့ အလျားသင့်အနံသင့် ကောက်စွပ်ကာ ရယ်ဒီမိတ်လုပ်သုံးရုံပေါ့။ မောင်ချောနွယ်အတုက ဆက်ပြော ပြန်တယ်။
သူများတိုက်တဲ့ ရေခဲစိမ်ဘီယာကို
သူ့ခွက်ထဲအရင်ထည့်ပေး
သူ့ကို အရင်စလိုသောက်စေခြင်းဖြင့် မြှောက်စားရမယ်တဲ့။
          ဟုတ်ပြန်ရောဗျို့။ မြှောက်စားလိုက်ပုံများကတော့။ နွားနို့ဆို(Cow Head)မှတဲ့။ ရောက်ရောက်ခါစမှာ လန်းဆန်းတဲ့။ သင်္ဘော၊ သစ်တော်၊ သခွား ကောင်းတာအကုန်ချထား။ သံပုရာရည် လည်းပါပစေ။ အဆီချေဖျက်ဖို့ဖြစ်မယ်။ စားထားတဲ့မလိုင်အဆီများတက်မှာကြောက်လို့လည်းနေမယ်။ ပြင်ထားတာလည်း လှပ ပစေ့နော။ နှုတ်ကသာသရမ်းတာ စိတ်နဲ့လူကအနုသား မင်းသားလားကြလို့။ သေချာဖြဲရှာခွင့်ရရင်လေ စကင်ကယ်လ်တောင်ပါမယ်။ ဘယ်နေ့မှာ ဘာကိုမြှောက်စားမယ်။ ဘယ်မြို့မှာ ဘယ်လိုချီးမြှောက်မယ်ဆိုတာ ကြိုတင်ဇယားနဲ့ဗျ။ တိုင်းခန်းလှည့်လည်သွားကြတာလေ။ သတ္တ၀ါများကို သူတို့အသားမစားခြင်းဖြင့် မွေးနေ့ရက်မြတ်မှာ ကြင်နာသနား လိုက်ပြန်တော့ ပိုသနားစရာကောင်းတာက ခြေနှစ်ချောင်းသတ္တ၀ါတွေဗျ။ ခမျာတစ်တွေမှာ ဟိုတစ်ခေတ်တစ်ခါက ကျေးတော်မျိုးကျွန်တော်မျိုးတွေကို ကိုယ်ချင်းစာမိလိုက်တာ ပြောမနေပါနဲ့တော့။
          ၁၉၅၃ခုနှစ် အောက်တိုဘာ၁၆ရက်နေ့မှာ သူ့ပြည်သူတွေကို မကြားရစိမ့်သောငှာ ဆေးရုံကြီးရှိ သူနာပြုဆရာမများအပန်းဖြေခန်းထဲမှာ“ကျွန်တော်တို့ ပြည်သူတွေအကြောင်းပြောတဲ့အခါမှာ စည်းစိမ်ခံစား နေရတဲ့ ရွှေမှုန်စာ၊ ငွေဇွန်းကိုက်၊ လူ့မလိုင်တွေကို မဆိုလိုပါဘူး။ ဖောက်ပြန်တဲ့ ခေတ်နောက်ပြန်နေတဲ့ အလွှာကို မဆိုလိုပါဘူး”လို့ ပြောကြားခဲ့တဲ့ဖီဒယ်ကတ်စရိုရဲ့ ရဲရဲတောက်လျှောက်လဲချက်ဟာ မောင်ချောနွယ်အတုအတွက်များဖြစ်လေမလားဆိုပြီး ကျွန်တော်တော်တော် စဉ်းစားနေရတယ်။ တိုက်ဆိုင် တာနေမှာပါနော့။ အဖက်လုပ်စကားပြောတော့ သူကြွယ်သား။ ပန်းကန်ဆိုရွှေနားကွပ်၊ ပုလဲရောင်ထတဲ့ နိုင်ငံကြီးသားဖြစ် ရှယ်အကောင်းစားကြွေသားပေါ်မှ တင်စားတတ်တာဆိုလို့ တစ်မြို့လုံးကိုပြဲပြဲစင်ရော။ သီးသန့်ရှယ်ဝမ်းဆက်တစ်စုံစာကိုတွက်ရင် သိန်းနီးနီး။ ပန်းသွေးရောင်ဝိုင်တစ်ခွက်အတွက်က ငါးပုလင်းနီးနီး။ ဆောင်ထားရတဲ့ပယင်းရောင် အိတ်အိုကပဲပုံးအထက်နား။ သည်အတွက် ဘယ်ခေါင်းစဉ် အောက်မှာမှ ထုတ်မထားတာကို မောင်ချောနွယ်အတုကမသိတာလား။ မောင်ချောနွယ်အတုမြှောက်စားတဲ့ အလိုတော်ရိ တုံးပေါ်ကဖား ပြားပြားတွေကမသိတာလား။ ကဲကြည့်အုန်း။ သည်ဖားတွေ ဘင်ကလေးထုပြီး လူစုထားရတာကို။ မြွေကလေးပြပြပြီးစားထားရတာကို။
          မောင်ချောနွယ်အတုကပြောပြန်ရော
ငါတို့ဟာ
အေသင်မြို့သားတစ်ဦးလို တွေးခေါ်ရမယ်
ဆိုကရေးတီးမဟုတ်ခဲ့တာ သေချာဖို့လိုတယ်တဲ့…..။
မက်ဒေါနားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
ဂေါ်ဘာချော့လည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လန်ဒန်ဒေါင်းနင်းသားလည်း
ဒုလ္လဘတစ်ခုနဲ့ပဲ။
တောမရွာသားလည်း
ဒုလ္လဘတစ်ခုနဲ့ပဲ
လူ့ဘ၀လောက် မှားယွင်းခွင့်ရှိတာ
ဘယ်ရှိမလဲတဲ့….။
မောင်ချောနွယ်အတုကလေ။ ဘာပြောပြောနားထောင်လို့ ကောင်းကောင်းတော့ရှိပေမယ့် “မောင်ချောနွယ် အတုရေ ခင်ဗျားကိုတော့ဘယ်သူမှ မဲမပေးထားဘူးဗျ”လို့ ပြန်ပြောလိုက်ချင်တာ။ ဟုတ်တော့လည်း ဟုတ်တာပေါ့နော်။ သူ ဘယ်သူ့ဆီကမှ မဲရမထားလို့မျက်နှာပြောင်ပြောင်နဲ့ ဆိုကရေတီး မလုပ်ရဲတာပေါ့။ အရှင်းလေးရယ်။ မောင်ချောနွယ်အတုကိုကိုင်ပြခဲ့တဲ့ မောင်ချောနွယ်လေ အဆုံးသတ်တော့ ဘဲ့တိုက်သွား သေးတာ။ ကြည့်အုံး။
တကယ်တော့
မောင်ချောနွယ်အတုဟာ လူဖြစ်ပြီး
မောင်ချောနွယ် အစစ်ဟာ
လူမဟုတ်ဘူးလို့မပြောလိုက်ပါနဲ့……..။
တဲ့။ ကဲကောင်းသေးလား။ ကျွန်တော်က ကဗျာမစပ်တတ်လို့နော်။ နင့်မို့များတော့လား။ “၂၀၁၅ ဂိုးသွင်းသမားများ” ဆိုပြီး ခင်ဗျားထက်ကောင်းအောင် ကဗျာစပ်ပြီး သည်မကျေနပ်စရာ မောင်ချောနွယ် အတုကောင်ကို ပယ်ပယ်နယ်နယ်တွယ်ပြစ်လိုက်တယ်။ မှားတာရှိရင်ခွင့်လွတ်ပါလို့နော် ဆရာမောင်ချောနွယ်ရေ တရားမစွဲနဲ့ဦးဗျ။ ချစ်လို့စတာကို။

မြနန္ဒာဂျာနယ်အတွဲ(၁) အမှတ်(၄၄)မှာပါတဲ့လက်ရာလေးပါ

“မကလည်းတီး၊ ကလည်းတီး”
မကလည်းတီး၊ ကလည်းတီး၊ မတီးလည်းက၊ တီးလည်းကဟေ့။
ပြီးခဲ့သည့် ကထိန်ကာလက ဖြစ်ပါသည်။ သည်တေးကို သူတို့ လမ်းတွေပေါ်မှာ ဆိုနေကြပါသည်။ လူတိုင်း လက်တွေ လေမှာဝေ့လို့မြှောက်လို့ ကနေကြပါသည်။ အိုးစည်ပုအိုက်အိုက်ကြီး တစ်ဗိုင်းဗိုင်းထုသည့်ဝိုင်းမှာတော့ တိုက်ပုံတွေဝတ် ခမောက်တွေဆောင်းလို့။ သူတို့ ခြေတွေကလည်း မြေပေါ်မှာ စိတ်ချလက်ချဖြင့် ခုန်ကြသည်။ ဆယ်ကျော်သက်အရွယ်ကစလို့ လေးဆယ်ကျော် ငါးနှစ်တွင်းတွေသာမက ပျိုပျိုအိုအို၊ ကိုကိုမမ၊ ဦးကြီးဒေါ်လေး တွေ အကုန်ပါကြသည်။ သည်မြေကို ဧည့်သည်အဖြစ်လာရင်းက ချစ်လို့အခြေချခဲ့ကြသော ဆရာဝန်၊ ဆရာမ၊ စာတိုက်ဗိုလ် စသူတွေပါလိုက်ဆိုကြသေးသည်။ သည်တေးက သူတို့၏ရိုးရာတေး၊ ဘ၀ဒဿနတေး၊ ကာလအလျား ပြတေး၊ သမိုင်းတေးလည်း ဖြစ်ပါသည်။
သူတို့သည်မြေပေါ်မှာ အုပ်လိုက်သင်းလိုက် အခုလိုမထွက်နိုင်ခဲ့တာ လွန်ခဲ့သောနှစ်ဆယ့်သုံးနှစ် အတိတ်ဆိုးနှင့်ကြုံခဲ့ရကတည်းကဖြစ်သည်။ သည်နှစ်ဆယ့်သုံးနှစ်တာမှာ သူတို့ညိုးရော်ခဲ့ကြသည်။ နွမ်းငိုက်ခဲ့ကြ သည်။ အကွက်ကျကျ ထိုးသိပ်တာခံလိုက်ရတာဟုလည်း သဘောပိုက်ခဲ့ကြသည်။ ဘယ်သူ့ဘယ်သူ့မှ အပြစ်မဖို့ သူတို့ မကလည်းတီး၊ ကလည်းတီး၊ မတီးလည်းက၊ တီးလည်းကရင်း နေခဲ့ကြပါသည်။ အရင်တစ်ခေတ် တစ်ခါက သည်မြေမှာလေလိုဝေ့ခွင့်ရခဲ့ဖူးတာ သူတို့ဘဲမဟုတ်ပါလား။ အင်္ဂလိပ်အစိုးရက ၁၈၈၇ခုနှစ် အောက်တိုဘာလမှာ ရူဘီဒရက်ဂူလေးရှင်းထုတ်ပြန်ပြီး ရတနာတူးစားခွင့်ပေးခဲ့ရတာ သူတို့ဂုဏ်မာနဘဲ ဖြစ်သည်။ သူတို့၏သွေးတွေ ထဲတွင် ရတနာပုန်းခိုမည့်နေရာကို တပ်အပ်ဟောနိုင်သည့် ပုဏ္ဏါးတစ်ပါးရှိလေသည်။
သက္ကရာဇ်၅၇၉ခုနှစ် မိုးမိတ်စော်ဘွားကြီးသိုဟန်ဖတ်လက်ထက် မုဆိုးသုံဦးတောလည်သွားရာမှ လမ်း ပျောက်ကာ သဖန်းပင်ကြီးအောက်တွင် အိပ်စက်ခဲ့ရပြီးနောက် နံနက်မိုးသောက်သောအခါ ကျီးများ ၀ဲနေသော နေရာတွင် သွေးညှိနံ့မရှိ ပကတိသန့်စင်နေသော အနီရောင်အတုံးအတစ်များ တွေ့ခြင်းအစသည် သူတို့သမိုင်းဘဲ ဖြစ်သည်။
မိုးမိတ်စော်ဘွားသိုဟန်ဖတ်က သည်နေရာကို ဟိန်းခေါ်အုပ်ချုပ်သူတစ်ဦးနှင့် လွှတ်ကာစောင့်ရှောက် စေသော လူတစ်စုသည် သူတို့၏ဘိုးဘွားများဘဲဖြစ်မည်။ ထို့ကြောင့် သူတို့ရှမ်းစပ်သည်။ ရှမ်းပုံပေါက်သည်။ စကားက၀ဲတဲတဲ။ ပါးအို့ကနီနီရဲရဲ ပတ္တမြားသွေးလေးတွေစို့လို့။ သူတို့ထံတွင် ရှမ်းဓလေ့တွေရှိသည်။ ပဲပုတ်စားသည်။ နှစ်စဉ် မျှစ်ချဉ်တည်သည်။ “အမဲချဉ်ချိုစိုး၊ မိန်းမ၀ါးလုံးစီး၊ ပေါက်စီနှစ်ပြားဖိုး”ဟု ရှမ်းသံလိုလို၊ ဓနုသံလိုလိုနှင့် မြန်မာလိုအော်ကာတိုင်မင်ခေါ်ပြီး ဓနုအိုးစည်၊ တောင်ရိုးအိုးစည်တီးကြသော်လည်း ဓနုလည်းမဟုတ်။ သူတို့ကား မိုးကုတ်သား ဖြစ်ကြပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၈၀၀ကျော်တွင်ရှိသော သူတို့အရပ်က မိုးအလွန်များသည်။ တောက အုပ်သည်။ ခရီးကလှမ်းသည်။ သွားရသောကတ္တရာလမ်းက ကြမ်းသည်။ အင်္ဂလိပ်တို့က သပိတ်ကျင်းမှ မိုးကုတ်သွားနိုင်ရန် ၁၉၁၁ခုနှစ်ရောက်မှငွေ(၁၅)သိန်းခွဲအကုန်ခံကာ ကတ္တရာလမ်းကိုဖောက်သည်ဟု သိရသည်။ နှစ်စဉ်လမ်းပြုပြင်စရိတ် ငွေတစ်သိန်းသတ်မှတ်သည်။ ၁၉၁၁ခုနှစ် လမ်းပြင်စရိတ်ငွေတစ်သိန်းသည် ယခု၂၀၁၂တွင် မည်မျှလောက်ဖြစ်မည်ကိုတော့ ကျွန်တော်လည်းမသိ။ သပိတ်ကျင်းကသင်္ဘောဆိပ်မြို့။ သပိတ်ကျင်းရောက်အောင် ရေကြောင်းကလာရသည်။ ယခုမိုးကုတ်-မန္တလေးကားလမ်းတွင် သပိတ်ကျင်းလမ်းခွဲဖြစ်သောဖော့တောနဲ့လက်ပံလှကို ဆက်သောလမ်းက ၁၉၆၁ခုနှစ်ရောက် မှ ဖောက်ခဲ့ခြင်းဖြစ်သည်ဟု မှတ်သားထားရသည်။
ဆောင်းတွင်းတွင် ရေခဲအောင်အေးသည်။ ဆောင်းနှင့်အတူ လူတွေကလည်း အေးသည်။ စရိုက်ကလည်းအေးသည်။ နွေဆိုတာမရှိ။ အချုပ်ခန်းမှာလူဆိုတာမရှိ။ နတ္ထိအခန်း။ “ဥစ္စာကံပေးမရသေး နှောက်နှေးဗျာပါမရှိရာ”ဟု နှလုံးပိုက်သောသူများလည်းဖြစ်သည်။ သူများနှင့်ယှဉ်မတုသလို ယှဉ်လည်းမလုလိုသူများ ဖြစ်သည်။ ဒါ့ကြောင့် အရာရာ နောက်ကျခဲ့သည်။ ဆက်သွယ်စရာဆိုတာ ကြေးနန်းအပြင် တကျွီကျွီလှည့်ရသော ဖုန်းခေတ်မှလွတ်သည်မှာ မကြာသေး။ ယခုတော့ ဂျီချပြီဟုသိရသည်။

ဆက်သွယ်မှုဧရိယာ ပြင်ပနေရတော့လည်း အေးဆေး။ ဆယ်လူလာကို လိုင်းမိတဲ့တောင်ပေါ်တင် ကြိုးမဲ့ ကော့တလက်ဖြင့် မြို့ထဲချ ဇိမ်နဲ့ပြောခဲ့ကြသည်။ အိမ်တိုင်းက ရေဒီယိုဖွင့်ပြီး ဖမ်းနားထောင်နိုင်သည်။ ရွှေဈေး၊ ဆီဈေး၊ ဆန်ဈေးသာမက မြို့မှာကျန်ခဲ့တဲ့ ပလီပလာတွေနှင့် အီတာ ကြည်တာတွေလည်း ကြားနိုင်သေးသည်။ သတိမထားဘဲ ပြောလိုက်မိလို့ကတော့ ရပ်ကျော်ရွာကျော်။ ပတ္တမြားFMအစစ်ဖြစ်သည်။ ပတ္တမြားမြေ၏ ရသစုံ ကော့တလက်အသံလွှင့်ရုံ ကလေးများသည် ဒေါ်နန်းကြည်တောင်တော်စောင်းတွင် ရတနာပုံ နေပြည်တော်ဘက် မျှော်လို့ အစီအရီ။
(မယုံမရှိလေနှင့် လျှပ်စစ်ဓါတ်အားကို ပထမဆုံးပေးခဲ့ဖူးသောမြို့မှာ ပြတ်သားတို့မိုးကုတ်မြို့ဟု မှတ်သား ထားရသည်။ သို့ရာတွင် ပြတ်သားတို့၁၉၉၅ခု ဆယ်တန်း အောင်တာတော့ အာလာဒင်နှင့် ဖြစ်သည်။)
မဖြစ်သေးတာကံဟု ယုံကြသည်။ တစ်ချိန်ကဖြစ်ခဲ့ပြီးပြီဟု သဘောထားကြသည်။ ငါ့တို့ဆီမယ် ရုပ်ရှင်ရုံ ဆိုတာနှစ်ရုံ။ ဓါတ်ဆီတိုင်ဆိုတာ နှစ်တိုင်။  စာတိုက်၊ ဆေးရုံစုံခဲ့ပါပကောကွယ်လို့ ဖြေသိမ့်ကြသည်။ ဒါကြောင့် ပတ္တမြားမြေအမတ်ကြီးတွေ ယခုတိုင် လွှတ်တော်မှာ အေးအေးဆေးဆေး ထိုင်နေနိုင်တာလည်းဖြစ်မည်။
သို့သော် ၁၉၉၅ခုနှစ်၊ စက်တင်ဘာလတွင် ပြဌာန်းလိုက်သော မြန်မာ့ကျောက်မျက်ရတနာဥပဒေနောက်က ခရိုနီလူတစ်သိုက် ငွေထုပ်တွေပိုက် လိုက်လာသည်ကိုတော့ မျက်စီမှောက်မှား၍ သတိမမူသဖြင့် ဂူဟုမမြင်ခဲ့ကြပေ။ သည်ခရိုနီဂူတွေထဲမှာ လက်ငုတ်တွေ မြှုပ်နှံလိုက်ရတာကိုလည်းကြမ္မာဟု သူတို့ထင်ခဲ့ကြသေးသည်။ သည်ကြမ္မာ တွေကို လက်ဖက်တွေပြေးခူးရင်း တံမြက်စည်းတွေယက်ရင်း အံတုခဲ့ကြသည်။ (မိုးကုတ်တံမြက်စည်းက လူကြီးသုံး သူဌေးသုံးမဟုတ်ပါလား) တယ်သီးတွေထုံးစိမ်သည်။ မက်ခေါက်သီး၊ ချည်စော်ကားသီးတွေ ယိုထိုး။ ကိုးတောင်ဝတ် ကျားတွေက ရမည်းသင်းသွား။ အားကိုးစရာ ယောင်္ကျားဘဲ ခပ်ရှားရှားဖြစ်လာသည်။
တစ်ချိန်တစ်ခါက တွင်းသားလုပ်ရန် အနောက်ဘက်နယ်တွေက အိပ်ယာလိပ်တွေပိုက်ပြီး မိုးကုတ်မန်းကား၊ ဗဟိုစည်ကား၊ ကျားခေါင်းကား ခေါင်မိုးတွေပေါ်မှ  ချီတက်လာသူများအရပ်ထံတစ်ပြန်ကြော့လို့ ဂလဲ့စားချေရန် ကျွန်တော်တို့မိုးကုတ်သားတွေ ချီတက်ရပြန်သည်။ နာရီပြင်၊ ခေါက်ဆွဲလာရောင်းသော ဆွေမျိုးပေါက်ဖော်တို့ ထံလည်း ဟိုတယ်သန့်ရှင်းရေး၊ ထမင်းချက်ပန်းကန်ဆေးရန် ကျွန်တော်တို့အရပ်သမီးတွေ ခြံခုန်ပြေးရပြန်သည်။ ဒါကလည်း ကြမ္မာရဟတ်ပဲဖြစ်မည်။
ပေါက်ပြားတစ်လက် ဆန်ခါတစ်ချပ်ရှိလျှင် ဘယ်နေရာမဆို ကျောက်ရှာစာလို့ရတယ်ကွ။ ထာတစ်ချပ်ရှိလျှင် ကုန်သည်ပွဲစားလုပ်စားလို့ရတယ်။ မှတ်တစ်ချပ်၊ ကျောက်သွေးခုံတစ်လုံးရှိရင် မီးပုံးနှင့်ကျောက်တံ ကျွဲချိုညှပ် ကိုင်ထားနိုင်သေးရင် အသွေးအပ်မယ့်သူကမရှားဘူးကွဆိုတဲ့ မာန်တွေကို ခရိုနီမြှားတွေမှန်ကုန်သည်။ နောက်ပိုင်း ဗလက်ကင်ဝှိုက်တီဗွီမှန်တွေကို ကျောက်တံမှာတပ်လို့ စိတ်ဖြေသွေးလေးသွေးရတာကိုပင် သွေးစရာရှိတာ ဟုတ်သေးတာပဆိုဘဲ။ အင်္ဂလိပ်အစိုးရလက်ထက်က လစဉ်နယ်ပယ်ရုံးတွေမှာ ရတနာရောင်းပွဲတွေ ကျင်းပ ပေးခဲ့တာ အမှတ်ရဖို့ကောင်းသည်။ အဲ့ဒီအခါက စထရိတာ(Streeter&Co)က လက်ဝါးကြီးအုပ်သည်ထားတော့ မိုးကုတ်သားတွေ ပြုံးပြုံးနဲ့ လစဉ်ငွေတွေအိတ်ထဲ ထည့်ထည့်ပြန်ကြမှာ သေချာနေသည်။ ရတနာက သူတို့ဘဲ ထုတ်လို့ရတာကိုး။
နယ်ချဲ့အင်္ဂလိပ်ကို တောင်းတနေခြင်းမဟုတ်ပါ။ နယ်ချဲ့အင်္ဂလိပ်က နယ်သူနယ်သားတွေကို အသိအမှတ် ပြုတာကို အမှတ်ရနေခြင်းဖြစ်ပါသည်။ ဒီလိုရတနာရောင်းပွဲတွေက နယ်ချဲ့အင်္ဂလိပ်ပြန်တော့ လိုက်ပြန်သွားကြတာ အယုဒ္ဓယရောက်မှဆင်းနေခဲ့တော့ ယခုထက်တိုင် မိုးကုတ်ရတနာတွေကို အလောင်းဘုရားရဲ့ကိုလိုနီတွေက သူတို့တွင်းထွက်တွေလို့ ခပ်တည်တည်ဖြီးပြီးရောင်းစားနေကြတာ များကြားရတော့ ရင်နာစရာ။
အခုခါ သူတို့မှာ တူးစရာမြေတွေ ပျောက်ပြီ။ ငွေကိုလေလိုသုံးတာဟာ မိုးကုတ်သားလို့ ဆရာသော်တာဆွေကသာ မှတ်တမ်းတင်မထားရင် ဟာသစကားဘဲ ဖြစ်တော့မည်။ မြေတွေကို ဇောက်ထိုးမိုးလှန် သွန်မှောက်ကုန်ပြီ။ စက်ကြီးတွေက မှုတ်တင်လိုက်သောရေပိုက်ထိပ်မှ ရေပန်းဝါ၀ါကြီးတွေ တဖွားဖွားကျတာ အဝေးကသာငေးခွင့်ရတော့သည်။ လက်တံရှည်ရှည်ကြီးတွေနှင့် အကောင်ဝါ၀ါကြီးတွေက သူတို့အသဲတွေ၊ သူတို့နှလုံးတွေ၊ သူတို့အသားတွေကို ကုတ်ခြစ်နေပြီ။ လွတ်လပ်ရေးကျောက်တိုင်က အကျိုးတူတွင်းကို ဦးညွတ်နေပြီ။ ဘောလုံးကွင်းက ရေအင်းဖြစ်ပြီ။ အရင်က သူတို့ဒါတွေမမြင်ဖူးခဲ့။ ၀ါးဖိုနဲ့ရေစုပ်မယ်။ သစ်သားရေမုံခွက်မှာပေါက်ပြားခုတ်ရင်းဗြုံးဆေးတယ်။ ပုတ်တောနဲ့ခနွှဲဆေးမယ်။ လေးပင်ကျင်းနဲ့တွင်းဖောက်မယ်။ ဒါလောက်ပါဘဲ။ သူတို့ချစ်သောမြေထဲက ရတနာထုတ်ကြတာ အသားထဲကဆူးထွင်တာလို တကယ့်ကိုမှ တယုတယလေးဖြစ်သည်။ သူတို့ဘိုးဘွားပိုင်မြေ အရေပြားတွေ ပွန်းကုန်မှာမကြည့်ရက်ကြတာလည်းဖြစ်မည်။
ကျွန်တော် သေချာပြောနိုင်တာကတော့ တွင်းဆိုတာမျိုးက မြေကိုဘယ်လို သွန်လို့မှောက်လို့လှန်လှန် လေးပင်ခေါ် လေးပေကျယ်တွင်းလေးလောက်နှင့် တစ်တောင်တစ်ဆုတ် ဗြုံးအုပ်ကလေးနောက်သို့ လှိုင်ဖောက် လိုက်တတ်မှသာ ရတနာပါ ပါမည်။ ဒါကအနုပညာဆန်ချင်လည်း ဆန်နေမည်။ ဒါကို မိုးကုတ်တွင်းဆရာတွေက ဗြုံးကျောမြေကျောရောက်အောင် အုန်း၊ ထုပ်၊ တိုင်ခံဆိုတဲ့ မျှောသားတိုင်များ သုံးကာဖောက်ပြီး တွင်းမြေသား၊ ရေအနေ အထားတွေအရမြက်သပ် (မြက်ကို ၀ါးနှင့်သပ်)၍ လေးပင်တွင်းဆင်းကြခြင်းဖြစ်သည်။ ဒါတွေအပြင် ဗြုံးမြေလွှာအောက်မှာ အခံဆိုတာရှိသည်။ မိုးကုတ်အခေါ်အခံပေါက်လျှင် ရတနာရှိရာ မြေလွှာကုန်လေပြီ။ တစ်ခါတစ်ခါ အခံက ပေရာချီနက်တတ်သော်လည်း တစ်ခါတစ်ခါ ခါးလောက် ရင်ဆုတ်လောက်မှာပင် အခံပေါက် တတ်သည်။ အခံရောက်တာကိုမှ ဇွတ်တွန်းဖောက်လျှင် စရိတ်ကုန်လူပန်း အကျိုးနတ္ထိပဲဖြစ်မည်။ ခေတ်မီသော အမြင်ဖြင့်ပြောရလျှင် သဘာဝပတ်ဝန်းကျင်ဖြုန်းတီးနေမှု သက်သက်ပဲဖြစ်သည်။
လူကြီးတွေကတော့ အခုခေတ်ကောင်တွေက ငတို့လောက် ကျောက်မရကြပါဘူးကွာတဲ့။ သူတို့ပြောလည်း ပြောချင်စရာ ရတနာဆိုတာမျိုးကလည်း ရှာတတ်သူကိုပင် တူတူပုန်းတတ်သည့်အမျိုး။ တွင်းသားထဲမှာ စည်းဖောက်သူပါရင် ငတိုငလျှိုပါရင် တိုဖို့လျှိုဖို့ စိတ်ကူးသူပါလျှင် ကိုယ်ကျင့်ပျက်သူ မယားခိုးပါလျှင် လာဘ်တိတ်၍ တွင်းဆေးရင်းကျောက်မြင်ပါလျှက် ကောက်လိုက်မှပျောက်သွားတတ်တဲ့အမျိုး၊ ရဲခနဲမြင်လိုက်ပါလျှက် ကွယ်သွား တတ်တဲ့အမျိုး။ ဒါကိုပြကျောက်ဟုခေါ်ကြသည်။ ရတနာရှိသည် မထိုက်လို့ လို့ပြသောကျောက်။ ဒါ့ကြောင့်ရတနာ လာရှာလျှင် ကိုယ်ကျင့်ပါပြင်လာဖို့တော့ လိုလေသည်။ မိုးကုတ်သားတွင်းဖောက်မှ ကျောက်ရမည်ဟုဆိုလျှင် ကျွန်တော်လွန်တော့မည်မထင်။
၁၈၈၉ခုနှစ်တွင် အင်္ဂလိပ်တို့၏မြန်မာ့ပတ္တမြားတွင်းကုမ္ပဏီသည် ပထမဆုံးမိုးကုတ်တွင် ခေတ်မီစက်ကိရိယာ များဖြင့်တူးခဲ့ပြီး ၁၈၉၆ကစလို့အခြေအနေယိုင်နဲ့လာသဖြင့် ၁၉၃၁ခုနှစ်မှာ သူတို့စက်တွင်းတွေကို အကုန်ရပ်ဆိုင်း ကာ ကုမ္ပဏီတစ်ခုလုံးဗြိတိန်ပြန်ပြေးကြသည်။ ၁၉၆၂ခုနှစ် နောက်ပိုင်းတစ်ဝိုက်မှာတော့ နယ်ချဲ့အင်္ဂလိပ်ကပင် တွင်းတူးလိုင်စင်ချပေးခဲ့ရသောမိုးကုတ်သားတို့ ကိုယ့်ရေတွင်းမှာကိုယ် တိတ်တိတ်ကြိတ်ခပ်တတ်လို့ ရေလေးတော့ ရွှင်ရွှင်သုံခဲ့ရသေးသည်။ စည်စည်ဝေေ၀လေးနေခဲ့ရသေးသည်။ ဒါကလည်း ရန်သူမျိုးငါးပါးတတိယနှင့်ပဉ္စမသားတို့ ကြားမှဖြစ်သည်။ ၁၉၉၅ခုနှစ် နောက်ပိုင်းတွင်တော့ကြမ္မာငင်ကာ မကလည်းတီး ကလည်းတီး မတီးလည်းက တီးလည်းကရင်း နေလာလိုက်ကြတာ ယခုတိုင်ဘဲဖြစ်သည်။
မိုးကုတ်သူ၊ မိုးကုတ်သားတို့က သူတို့အိမ်လာလည်သောဧည့်သည်ပြန်လျှင် “ဖြည်းဖြည်းနော်”လို့ နှုတ်ဆက်တတ်ကြသည်။ ထိုအခါ နားမလည်ရှာသောဧည့်သည်တို့ ပြန်ဟန်ပြင်မှ ထိုင်ကြပြန်လေသည်။ ၂၀၀၈ဖွဲ့စည်းပုံဖြင့် ၂၀၁၀ကစပြီး ပြည်သူ့ဆန္ဒစာမျက်နှာသစ် ခင်းကျင်းဖွင့်လှစ် လိုက်သောအခါ ခရိုနီ၊ ခရိုပြာနှင့် မြန်မာ့ကျောက်မျက်ရတနာဗျူရိုကရေစီတို့ကို သူတို့“ဖြည်းဖြည်းနော်”ေ နဦးမည်လားမသိ။
မန္တလေးကထိန်ပွဲအငြိမ့်များဆီက ဆရာမြို့မငြိမ်းရေးသော “လေချိုသွေးတယ်၊ လေ…ချိုသွေးတယ်”  တေးသွားကို ကြားနေပြန်သည်။
“လေချိုသွေးကာ အပျော့ဆွဲ ဆွဲတယ်၊ အားနားတတ်ရင် အားပါလိမ့်မယ်ရှင့်” လို့အမေလေပါတီရဲ့ အသံပဲ ကြားနေမိပြန်သည်။

Sunday, November 4, 2012

မြနန္ဒာဂျာနယ် အတွဲ-၁၊ အမှတ်၄၂၊ စာမျက်နှာ-၁၃က ဆောင်းပါးလေးပါ



“ကွယ်ဒေါင့်ကလေးများ”
          “ဟာ…….အပျိုကြီးတွေ ဈေးအဝေးကြီးကို တကူးတက လာလိုက်ကြတာဟေ့” လို့ ကျွန်တော်တို့နေ့စဉ်ထိတွေ့ သွားလာနေရသော ရုံးမှ အပျိုကြီးမမတို့အား နောက်လိုက်မိသောအခါ “ဟဲ့….အကောင်တွေရဲ့ ငါတို့က ထားရာနေ စေရာသွားနေရတဲ့ ဘုံကျွန်တွေဟဲ့…..နင်တို့လို လက်ဖက်ရည်ဆိုင်တကာ လည်သွားနိုင်တဲ့ အားအားယားယားတွေ မဟုတ်ဘူး” လို့ပြန်တွယ်သည်။
          “ အခုအမတို့က ဒါဘာလာလုပ်ကြတာလဲ” ဆိုတော့ “ငါတို့ မဖုရားသခင်က ယတြာချေချင်တယ် ဆိုလို့ ဟေ့…..ပန်းနဲ့တခြားတိုလီမုတ်စတွေ လာဝယ်တာ…..တကတည်းသိလား….. ရုံးအားရက် တနင်္ဂနွေလေးတောင် အေးအေးဆေးဆေး  မနားရပါဘူးဟယ်…..သူတို့ဝေယျာဝစ္စတွေ လိုက်မနေ ရတာ…..သွားမယ်ဟေ့…..ယတြာချိန် နောက်ကျလို့ ဟိုက ပုပ်သိုးနေအုံးမယ်” ဆိုကာ စာရေးမမ အပျိုကြီးတို့ တစ်သိုက် ပြောချင်တာတွေ ပြောလိုက်ရလို့  အမောတွေ ပြေသွားသည့်ထင် ချာကနဲ လှည့်ထွက် သွားကြသည်။
          သူတို့ဘဝကလည်း သနားစရာ။ တနင်္လာက သောကြာအဆုံး။ စနေတစ်ရက်လုံးက အချိန်ပို သည်နားရတဲ့ တနင်္ဂနွေက ဝေယျာဝစ္စတဲ့။ ရုံးတက်ချိန်က ကြည့်အုံး။ မနက်(၈)နာရီကစလို့ ညနေ(၄)နာရီ ရုံးဆင်းတော့ အရာရှိကသာ အိတ်ဆွဲလို့အိမ်ပြန်တာ။ သူတို့တွေက တစ်နေကုန် လုပ်လက်စတွေဖြတ်၊ မနက်အတွက် လိုအပ်တာတွေစီစဉ် ပြင်ဆင်ထားခဲ့ရသေးသည်။ သူတို့ အဆောင်ပြန်ရချိန်က (၆)နာရီကျော်လို့ (၇)နာရီထိုး ဆိုတာ ဂျပိုးထိုးနေကျ ကျွန်တော်အသိ။
          တစ်ရက်တွင် ဓါတ်ကျလို့ ရုံးဘက်သို့စောစော ကျွန်တော်ခြေဦးလှည့်မိတော့ ဘယ်သူမှ မရောက်သေးတဲ့ ရုံးခန်းထဲမှာ တလှုပ်လှုပ်တရွရွ ညီမငယ်စာရေးမက တစ်ယောက်တည်း ပန်းအိုးလဲ ဆွမ်းတော် တင်နေသည်။ ကုသိုလ်တွေရတော့မှာပဲလို့ စလိုက်မိတော့ “အစ်ကိုရေ ကုသိုလ်တော့ရမယ် ထင်ပါရဲ့…..အိမ်ကဘုရားကတော့ ငုတ်တုတ်၊ ပန်းတောင်မလဲနိုင်ဘူး…..ကြာတော့လေ မွေးထားတဲ့ ကျွန်မကလေး ကတောင် ကျွန်မကိုစိမ်းနေပြီထင်ပါရဲ့…..ကျွန်မကလေ ရုံးအလုပ်ကို သိမ်းကျုံးလုပ်နိုင်ပါရဲ့ …..ဝေယျာဝစ္စတွေက ပိနေတာ” တဲ့ သည်ဝေယျာဝစ္စကို ကျွန်တော်ကြားရပြန်သည်။ ကလေးအမေ ဝန်ထမ်းဘဝကို သနားရပြန်သည်။
          အမေ့ရင်ခွင်ကို ခိုမှီးဖို့မျှော်နေရှာတဲ့ ခလေးငယ်ဘယ်နှယောက်ကိုများ ဝန်ထမ်း အိမ်ထောင်သည်တွေ မိခင် ဝတ္တရားကို ဖောက်ဖျက်စိမ်းကား ရက်စက်နေကြရပြီလဲ။
          အဖြူရောင်တွေ မင်မူနေသော ဆံပင်ဖွာလန်ကျဲ၊ သွားတွေပေါ်အထပ်ထပ်တက်ထားတဲ့ကွမ်းချို၊ အဝါဘက် လုသမ်းနေတဲ့ စတစ်ကော်လာ အဖြူနွမ်း၊ ရီဝေဝေမျက်လုံးတွေနှင့် အိတ်ကပ်အတွင်းက ၅၀တန်ဘောပင်က သူ့ဝန်ထမ်းသက်ကိုပြနေသည်။ “ကျွန်တော်လည်း လုပ်သက်ပင်စင် ခံစားတော့မယ်၊ …..ကျွန်တော့်တို့က ဂျင်နရယ် ပြွန်းတွေပါ”လို့ ဆေးပင်စင်ခံစားဖို့ ကြိုးစားနေတဲ့ သူ့သူငယ်ချင်းကို ပြောနေသည့်အသံက ကြေကွဲသံတွေ အပြည့်ပါနေသည်။ သူက အမှန်တော့ အမှုထမ်းလိုင်းမှာ ဂိတ်ဆုံး။ သူ့အောက်မှာ အငယ်တွေသာ ရှိတော့သည်။
“စိတ်ကိုကုန်လှပါပြီ၊…..တစ်ခါလာလည်းဒီရုံး…..တစ်ခါလာလည်းဒီရုံး…..သူတို့တစ်တွေမှာ ငွေတွေ သည်လောက် ချမ်းသာပါလျှက် ဟိုတယ်သွားတည်းကြပါလား” ဒါက ရုံးတွင်းနေရရှာရသော သူငယ်ချင်း၏ ဇနီးထံမှ ပွစိပွစိအသံဖြစ် သည်။ သူငယ်ချင်းကတော့ “ငါဝန်ထမ်းပဲယူထားမိတာလား၊….. အိမ်ဖော် ယူထားတာလားကို မကွဲပြားတော့ပါဘူးကွာ” ဟု ၀မ်းနည်းပက်လက် ဆိုရှာသည်။ သူငယ်ချင်း၏ဇနီးရုံးကို ဝင်ထွက်တည်းခိုကြတာက သူတို့လူကြီးတွေ သာမက ထိုလူကြီးတို့၏ အပေါင်းအသင်း ဆွေမျိုးညာတကာ တစ်စုတွေလည်း ပါသေးသည်ဆိုဘဲ။ သူငယ်ချင်းဇနီး တစ်တွေမှာ ရုံးတွင်းနေအမာခံတွေမို့ တည်းသူတွေလာတိုင်း တံမြက်စည်းလှည်း၊ ကြမ်းတိုက်၊ အိပ်ယာခင်း၊ ပုဂံဆေး၊ စားပွဲထိုးလုပ်ကာ ကိုယ့်အခန်းလေး ကိုယ်ပြန်တော့ သန်းခေါင်ယံ။ ဒါကအမြဲလို့မပြောနိုင်တောင် မကြာခဏ။ ကျွန်တော်က သူငယ်ချင်းနှင့်အတူ သူတို့သမီးလေးနဲ့ ကူဆော့နေကြမို့ ဓါတ်သိ။ “မေမေလာပြီလား” “မေမေလာပြီလား” နဲ့ အိပ်ချင်စိတ်ဇွတ်တင်းထားကာ နောက်ဆုံးတော့ ကျွန်တော့်လက်ပေါ် သူငယ်ချင်း လက်ပေါ် မျက်တောင်စဉ်းမှေး အိပ်ပျော်ရှာသော သမီးကလေးဖွေးဖွေး၏ သနားစရာပုံရိပ်က မေ့မရ။
“ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဘွဲ့ရခဲ့တာ လူကြီးအင်္ကိင်္ျီလျှော်ဖို့ ထမင်းပြင်ကျွေးဖို့ လားတောင် မသိပါဘူးဟယ်” ဆိုလာတာက နယ်တစ်နယ်တွင် တာဝန်ထမ်းဆောင်နေသော ကျွန်တော်နှင့် ဆယ်တန်းအတူ အောင်ပြီး အလုပ်ခွင်ထဲတန်းဝင်သွားသော သူငယ်ချင်းမရဲ့ မချိတင်ကဲစကား။ “သူတို့ နယ်လာကြတာ ဟယ် အိမ်က မယား၊….. အလုပ်သမားတော့ခေါ်ခဲ့တာ မဟုတ်ဘူး…..အဝတ်လဲ ငါတို့လျှော်ပေးရ…..မီးပူတိုက်ပေးရ…..အိမ်ရှင်း၊ ထမင်းချက်ပြီး တစ်နေ့သုံးနပ်သွားပြင်ကျွေးရသေး တယ်ဟဲ့…..နယ်ဆိုတော့ ရုံးအလုပ်ကသိပ်မရှိပါဘူး…..ဒါပေမယ့် သွားချင်ရာမသွားရ၊ နားချင်တာလည်း မနားရ…..စိတ်လွတ်ကိုယ်လွတ်ကိုမရှိပါဘူး၊…..နင့်ကိုအားကျလိုက်တာ”တဲ့။ သူငယ်ချင်းကိုလည်း သနားရပြန်ရော။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၀၂ခုနှစ် အောက်တိုဘာ(၄)ရက်နေ့က ပြုလုပ်သော ပွင့်လင်းလူ့အဖွဲ့အစည်း တွေ့ဆုံးဆွေးနွေးပွဲတွင် ကိုမင်းကိုနိုင်က “ကျွန်တော်တို့ ကျောင်းထဲ မှာ ဒေါင်းအလံ ကိုင်ပြီး ထွက်လာတယ်ဆို တစ်ချက်ထဲပါ။ အနိုင်ကျင့်လွန်းနေလို့။ မခံချင်လို့ပြန်ချတာ ဒီတစ်ခု ထဲပါ။ ကျွန်တော်ကိုယ်တိုင် ဘတ်စ်ကားစီးပြီးကျောင်းသွားရတဲ့ ကျောင်းသားတစ်ဦးပါ။ ဘာမှ အခွင့်ထူး ခံမရှိဘူး။ သာမန်ပြည်သူထဲက မွေးဖွားလာတဲ့ သားတစ်ယောက်ပါ။  ဘတ်စ်ကား စီးပြီးကျောင်းသွားနေရတဲ့ ဘ၀မှာ ရုံးချိန်ကြီးမှာ နိုင်ငံတော် ကောင်စီတစ်ယောက်ရဲ့ 929 ကားကြီးက အတင်းကျော်တက် ပါတယ်။ သူရုံးသွားမယ်ပေါ့။ ဘတ်စ်ကားကလည်း ရုံးသမားတွေနဲ့ ကျောက်ကုန်းပေါ် ကို တက်နေတဲ့အချိန်မှာ အဲ့တုန်းက လမ်းလေးတွေက ကျဉ်းကျဉ်းလေး မျက်နှာချင်းဆိုင် နှစ်စီးပဲရှောင်လို့ ရတယ်။ အဲ့ဒီကားကြီး ဂီးဂီးလို့အော်ပြီးတက်နေတဲ့ အချိန်မှာ နောက်ကနိုင်ငံတော် ကောင်စီက သူ့ကို လမ်းမပေးရကောင်းလားဆိုပြီးတော့ ဟွန်းတွေတရစပ်တီးပြီးတော့။ သူ့ပေးလို့မရဘူး။ အဲ့ဒါကို သူ မစဉ်းစားနိုင်ဘူး။ ရှောင်လို့ရတဲ့အချိန်မှာ သူကကျော်တက်ပြီးတော့ ကားပေါ်ကဆင်း ပြီးတော့ ကားမောင်းတဲ့လူကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်။ အဲ့ဒီသတင်းကြားတာနဲ့ ကျွန်တော်တို့ ကျောင်းလွယ်အိတ်ကို ချပြီး လိုက်သွားတယ်။ ဒါမျိုးတော့ ဘယ်လိုမှလက်မခံနိုင်ဘူး။ ရုံးဝန်ထမ်းတွေလည်း နိုင်ငံဝန်ထမ်းဖို့လာတာ။ အဲ့တာကို သူနားမလည်ဘူးလား။ သူတစ်ယောက် ထဲ နိုင်ငံဝန်ထမ်းဖို့လာတာမှ မဟုတ်တာ ဒီလောက်ပြောသိရောပေါ့။ အဲ့ဒီလို အနိုင်ကျင့်တာတွေ ဟာ နေရာတကာမှာ။ ဒီနေရာမှမဟုတ်ဘူး။ အခွင့်ထူးခံတယ်။ အနိုင်ကျင့်တယ်။ နှစ်ချက် အဲ့နှစ်ချက်ကို မခံချင်လို့ ကျွန်တော်တို့ တုန့်ပြန်တာ။ ကျွန်တော်တို့ အမှန်တရားအတွက်ပဲ” လို့ပြောသွားတာကို အမှတ်ရ နေပြန်သည်။
သည်ဟာက အမှောင်ကာလဆိုးတစ်ခုကို လျှပ်ပြက်လက်ပြလိုက်သော စကားတွေဘဲဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံမှာ အခွင့်ထူးခံတာတွေက အီဝခဲ့ပါပြီ။ တော်လည်းတော်လောက်ပါပြီ။ ဒီမိုကရေစီအစိုးရဟု ကမ္ဘာကိုကြေညာနေသော ကာလလည်းဖြစ်ပါသည်။ အလင်းတစ်ချို့လည်း ရောင်နီ ပျို့နေပါပြီ။ တကယ်ပြုပြင်ပြောင်း လဲဖို့ အခါတော်လည်းရောက်ပါပြီ။ တနွယ်ငင်တစင်ပါလို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေထဲ လူမမယ်လေးတွေက အစစ်ပါနေရတာ သနားစရာကောင်းလှပါပြီ။ ကျွန်တော်တို့နေထိုင်ကြတာက လူသားတို့ကမ္ဘာမဟုတ်ပါ လား။
ကိုမင်းကိုနိုင်စကားပြန်ကောက်ရပါလျှင် “ရုံးဝန်ထမ်းတွေလည်း နိုင်ငံဝန်ထမ်းဖို့လာတာ။ အဲ့ဒါကို သူမသိဘူးလား။ သူတစ်ယောက်တည်း နိုင်ငံဝန်ထမ်းဖို့လာတာမှ မဟုတ်တာ” ဆိုတာက သိပ်လှတဲ့ လူမူကျင့်ဝတ်တွေ လူသားအခွင့်အရေးတွေကို လှစ်ဟာပြလိုက်သလို ဘွားဘွားကြီးမြင်လိုက်ရပါသည်။ လခစားချင်း သူတို့ခွဲခြား သတ်မှတ်သော အရာထမ်းဆိုသူတွေက အမှုထမ်းတွေအပေါ် ငါခိုင်းတာအကုန် လုပ်ရမယ်ဆိုရင် တရားမျှတပါ့မလား။ သူတို့လည်း သူတို့မိတ်ဆွေ၊ သူတို့ဇနီး၊ သူတို့သား၊ သူတို့ မယားတွေနှင့် အများခံစားရသော ရုံးပိတ်ရက်၊ အားရက်၊ နားရက်များကိုခံစားချင်ကြပါလိမ့်မည်။ သတ်မှတ်သော ရုံးဆင်းချိန်တွေအတိုင်း အိမ်အရောက်ပြန်ချင်ဇောတွေ ပြင်းထန်ပါလိမ့်မည်။ ယဉ်ကျေးသော ကမ္ဘာတွင် လူသားချင်းစာနာတာက ဓလေ့ပင် ဖြစ်ပါသည်။
ကျွန်တော်တို့လူ့ပတ်ဝန်းကျင်တွင် ကွယ်နေသောဒေါင့်ကလေးတွေ ရှိတတ်ပါသည်။ ထိုဒေါင့် ကလေးများမှာ အကွယ်တွင် နေရရှာသောအခါ သာမန်ကာလျှံကာဖြင့် မမြင်တတ်ကြ ဘဲ ကျော်လွှား သွားလာနေတတ် ကြပါသည်။ အပြင်တွင် ရှင်းသန့်လင်းလက်နေသော အခါများတွင် ကွယ်ဒေါင့် ကလေးများ တွင်တော့ အမှိုက်တွေ၊ ဖုန်တွေသာမက ပင့်ကူတို့ကလည်း အိမ်ဖွဲ့ပြီး ကြီးစိုးတတ်ပါသေး သည်။ သေချာတာ ကတော့ ကွယ်ဒေါင့်လေးတွေ မှာလည်း သူတို့ရင်ထဲက ဆန္ဒလေးတွေကို ထုတ်ဖော်ပြောပြချင်စိတ် ရှိကြစမြဲဆိုတာ ဖြစ်ပါသည်။ သူတို့ဒေါင့်လေး တွေမှာ လည်း ဒေါင့်လေးတွေ အလျှောက် ဆေးသုတ်သစ်လွင် အလင်းမြင်ချင်သည် ဆိုတာပင် ဖြစ်ပါသည်။

                                                                                    
                                                                                     ပြတ်သား