Pages

Sunday, December 30, 2012

မြနန္ဒာအမှတ်-၁ အတွဲ-၅၀ပါလက်ရာလေးပါ “ကျွန်တော်တို့ မိုးကုတ်သားဆိုတာ ဒီလိုပါခင်ဗျာ”



“ကိုသိန်းမောင်လိုလူ”
          ကျွန်တော် အက်ဆေးတစ်ပုဒ်တွင် မလိုချင်၍ဖြစ်သောအမှုအကြောင်း ဖတ်လိုက်ရပါသည်။ ပုံပြင် တစ်ပုဒ်ဟုလည်းဆိုထားပါသည်။ တရံရောအခါကဖြစ်သည်။ ရွှေသဖန်းသီး၊ ရွှေစွန်ပလွန်သီး၊ ရွှေပေါင်မုန့်တို့ စားကာနေထိုင်သော အာဖရိကဒေသတစ်ခုရှိ ခေါင်းဆောင်ဖြစ်သူ၏တဲအတွင်းသို့ လူနှစ်ဦးဝင်လာသည်။ ထိုနှစ်ဦးထဲမှတစ်ဦးက “ကျွန်တော် မကြာသေးခင်က သူ့ထံမှ မြေကွက်တစ်ကွက်ဝယ်ယူခဲ့ပါသည်။ ထို့နောက် ထိုမြေကွက်တွင် မြောင်းတူးသောအခါ အဖိုးတန်ရတနာပစ္စည်းများကိုတွေ့ခဲ့ပါသည်။ ကျွန်တော်သည် မြေကွက်ကိုသာဝယ်ယူခဲ့ပါသည်။ ရတနာများကို ၀ယ်ယူခဲ့ခြင်းမဟုတ်ပါ။ ရတနာများသည် ကျွန်တော် ပိုင်ထိုက်သောပစ္စည်း မဟုတ်သောကြောင့် မူလမြေပိုင်ရှင်အား ပြန်ပေးသောအခါ မြေပိုင်ရှင်က လက်မခံဘဲ ငြင်းနေပါသည်အရှင်”ဟု စတိုင်သည်။
          ထိုအခါ မြေပိုင်ရှင်က ချေပပြောဆိုပုံမှာ “ ကျွန်တော်ရောင်းလိုက်သောမြေတွင် မြေနှင့်တကွအကျိုး ခံစားခွင့်များလည်းပါဝင်ပါသည်။ အကျိုးခံစားခွင့်ဟုဆိုရာတွင် ရတနာပစ္စည်းများလည်း ပါဝင်သဖြင့် ထိုပစ္စည်းများကို ကျွန်တော်ကပြန်လည်လက်မခံထိုက်ပါ။ ကျွန်တော်သည် မြေ၀ယ်သူနည်းတူ ဖြောင့်မတ်မှုကို ခံယူခွင့်ရှိမည်ဟုမျှော်လင့်ပါသည်” ဟူ၍ဖြစ်ပါသည်။
          ခေါင်းဆောင်ကဆုံးဖြတ်ချက်ချသောအခါ အမှုသည်နှစ်ဦးတွင်ရှိသော သမီးနှင့်သားကို ထိမ်းမြားစေပြီး ရတနာပစ္စည်းများကို ခန်းဝင်ပစ္စည်းအဖြစ် လက်ဖွဲ့စေခဲ့ပါသည်။ ဒါက မယုံလျှင် ပုံပြင်မှတ်နိုင်သော ပုံပြင်စစ်စစ်ဖြစ်ပါသည်။
ကျွန်တော်ပုံပြင်လေးဖတ်မိသွားပြီးနောက် ကိုသိန်းမောင်ကို သတိရသွားသည်။ အမှန်တော့ ကိုသိန်းမောင်ကို ကျွန်တော်မသိပါ။ မြင်လည်းမမြင်ဘူးပါ။ အဖေက ကျွန်တော့်ကို ကိုသိန်းမောင်အကြောင်း ပြောပြခဲ့ဖူးပါသည်။ ထို့ကြောင့် အဖေ့ဆီပြေးရသည်။ ပါလာသော လက်ကိုဖုန်းလေးဖြင့် အဖေ့ကို ပြန်ပြောခိုင်းကာ အသံဖမ်းရသည်။ သည်သမိုင်းကိုမှ ကျွန်တော်မှတ်တမ်းမတင်ဖြစ်လိုက်လျှင် ကျွန်တော် မွေးသောမြေကို သစ္စာဖောက်ရာ ရောက်ပါတော့မည်။
လွန်ခဲ့သော တစ်ခေတ်တစ်ခါက ငွေကိုလေလိုသုံးသူဟု နာမည်ကြီးခဲ့သော သူဌေးကြီးဦးမြမောင်၏ အမေမှာ ဘွားသန်းခေါ်ဖွားသန်းဖြစ်ပြီး ဖွားသန်းတွင် ဖွားခင်ဆိုသောအစ်မရှိပါသည်။ သူတို့က မိုးကုတ် ရတနာမြေတွင် တွင်းများအကြီးအကျယ်တူးခဲ့ကြပြီး ဖွားခင်၏တွင်းတစ်တွင်းမှာ မိုးကုတ်အနောက်ပိုင်း ကျောက်ပြဿဒ်ရွာအနီးရှိ လုပ်ခက်ဆိုသောအရပ်တွင်ရှိပါသည်။ လုပ်ရကိုင်ရအင်မတန်ခက်သဖြင့် လုပ်ခက်ဟုအမည်တွင်သော တွင်းကွက်ရပ်ဟုလည်းသိရသည်။ အဖွားခင်၏လုပ်ခက်တွင်းကို ကြီးကြပ် လုပ်ကိုင်သူပေါလန်ကဦးချစ်လှ။ ဖွားခင်၏သမက်ဖြစ်သည်။ သူတို့တွင်းက တွင်းသားလေးတစ်ဦးက ကိုသိန်းမောင်။
ထိုစဉ်အခါက ဦးမြမောင်တို့လို အမေက ဒါးတန်းရေခဲစက်ပိုင်ရှင်၊ အဖေက ပြင်သစ်နိုင်ငံတွင် ကျောက်ဆိုင်ပိုင်ရှင်သူဌေးများ၏ဇစ်မြစ်လုပ်ငန်းမှာ မိုးကုတ်ကျောက်တွင်းများဘဲဖြစ်သည်။ ဖွားသန်းက “မြမောင်သုံးမှ ငွေဝင်တာလို့” အမြဲဆိုတတ်တယ်ဆိုတော့ ဦးမြမောင် ငွေကိုလေလိုသုံးနေတာသည် သူမိဘတွေက ငွေကိုမုန်တိုင်းလိုဝင်လို့ဆိုတာ တွေးကြည့်စရာ မလိုလောက်ဟုထင်ပါသည်။ ထို့ကြောင့် ဦးမြမောင်တို့၏အမေကြီးဖွားခင်တွင်းမှာလည်း စက်တွင်းကြီးသာဖြစ်ပါသည်။ ယခုအခါတွင်တော့ ထိုနေရာမှာ နိုင်ငံတော်၏နိုင်ငံကျော် ကုဋေကဋာမိုင်းဟုသိရပါသည်။ အဖွားခင်၏စက်တွင်းကြီးတွင် ကိုသိန်းမောင်က ပက်အိုင်စောင့်တာဝန်ယူရပါသည်။ ပက်အိုင်စောင့် ဆိုတာကို နည်းနည်းရှင်းရလျှင် အင်းပြဲပြဲကြီးတွေထဲက ဗြုံးနှင့်မြေစာတွေကို စက်ကြီးတွေနှင့် ဆွဲစုပ်တင်ရာတွင် ဗြုံးစုပ်ပိုက်ကြီးတွေချသောနေရာ၌ အိုင်ငယ်လေးရှိပြီး ထိုအိုင်ငယ်လေးနေရာထဲတွင် အလုပ်လုပ်ရသူဖြစ်ပါသည်။ ဗြုံးမြေစာတွေကို ရေနှင့်အတူ အိုင်ငယ်လေးထဲ ဆွဲချကာ ဗြုံးစုပ်သောပိုက်ကြီးတွေအတွင်း ကြွေးပေးရသည်။ ခဲကြီးများကိုတော့ ရွေးဖယ်ပေးရသည်။ ပက်အိုင်စောင့်သူမနပ်လျှင် ဗြုံးစုပ်စက်အတွင်း ခဲညှပ်တတ်ပါသည်။ ပိုက်ကြီးတွေအတွင်း ခဲတစ်တတ်ပါသည်။ ဒါကြောင့်အတန်အသင့် စက်တွင်းအတွေ့အကြုံရှိသော ကိုသိန်းမောင်တို့လို လူတွေကိုသာ ပက်အိုင်စောင့် ထားကြသည်။
တစ်နေ့…..အဲ့ဒီတစ်နေ့မှာတော့ ကိုသိန်းမောင်ပက်အိုင်စောင့်နေစဉ် သတိထားနေသည့်ကြားက ခဲတစ်လုံးညှပ်ပါသွားသည်။ သည်ခဲက ပိုက်တွင်းတစ်သောအခါ ဗြုံးစုပ်စက်မှ မီးခိုတွေလုံးတက်သွားသည်။ “လျော့……လျော့” ကိုသိန်းမောင်ကြုံအော်သောအသံအဆုံးတွင် စက်မောင်းက စက်ကိုလျော့ချလိုက်ရာ ပိုက်တွင်းရှိရေနှင့်မြေများ ပြန်လျောကျလာသည့် အရှိန်ကြောင့် တစ်နေသောခဲလည်းကျလာသည်။ ကိုသိန်းမောင် ဒုက္ခပေးသောခဲကို ပက်အိုင်ထဲမှ နှိုက်ထုတ်ပြီး တစ်ချက်ကြည့်ကာ ခါးကြားထိုးထားလိုက်သည်။ ထိုတစ်နေ့လုံး ကိုသိန်းမောင် တွေးဝေငေးမောခြင်းဖြင့်သာ အဆုံးသတ်သွားတော့သည်။
ညနေ တွင်းသိမ်းပြီးတက်သောအခါ ကိုသိန်းမောင်အ၀တ်မလဲ။ ရေစိုပုဆိုးနှင့် မီးဖိုဘေးထိုင်နေသည်။ တွင်းမန်နေဂျာက “သိန်းမောင်ဘာဖြစ်သလဲ အင်္ကျီလဲလေ” ဆိုတော့ “ပေါလန်ခေါ်ပေး” ဟုသာ ဘောက်ဆတ်ဆတ်ပြန်ပြောသည်။ မန်နေဂျာလည်း ယခင်နေ့စဉ်ကြုံနေရသော ပုံမှန်အနေထားမှ သိန်းမောင် အနည်းငယ်ထူးခြားနေသဖြင့် မိုးကုတ်ဆင်းပြေးကာ ပေါလန်ကိုသွားခေါ်သည်။ နေ၀င်လုနီးခါမှ ရေးကြီးသုတ်ပြာရောက်လာသော မန်နေဂျာကို ပေါလန်ကမေးရာ ဖြစ်ကြောင်းကုန်စင်ပြောပြသည်။ သိန်းမောင်သိပ်မဟန်တော့။ တစ်ခုခုတောထူးပြီ။ သည်မှာနပ်သောပေါလန်က တစ်ချက်ပြုံးကာ မိုးကုတ်အရှုပ်ဆိုင်မှ အရက်တစ်ဖာဆွဲပြီး အမြည်းတွေပါ လင့်ရိုဘာပေါ်တင်၍ လိုက်ခဲ့သည်။ ပေါလန်၏ လင့်ရိုဘာတွင်းအ၀င်မှာ သိန်းမောင် ဆတ်တောက်ဆတ်တောက်လျှောက်လာပြီး ကားဘောနက်ပေါ် ဂွပ်ခနဲ ချလိုက်တာက နီလာတုံးကြီး။
ကျောက်ပေါင်းများစွာ ကောက်သိမ်းလာဖူးသော သူဌေးပေါလန်မင်သက်သွားစေသည့် နီလာတုံး။ လေးလက်မဗြုံးစုပ်ပိုက်အတွင်း တစ်ခဲ့သောနီလာအရိုင်းတုံး။ အားလုံး“ဟာ”မှလွှဲ၍ နောက်ထပ်အသံမထွက် နိုင်ကြ။ “ဟဲ့သိန်းမောင် ဒီလိုမလုပ်ရဘူး၊ ဒါက ကျောက်မြတ်ဟဲ့၊ ရိုရိုသေသေအပ်” ဆိုမှ ကိုသိန်းမောင် လက်နှစ်ဖက်ဖြင့်ကိုင်၍အပ်သည်။ ထိုနေ့က ပေါလန်ရော တွင်းသားတွေရော ချာချာလည်သွားကြတော့သည်။ ဒါက ဟေဗရူးပုံပြင်တစ်ပုဒ်မဟုတ်ပါ။ ကိုသိန်းမောင်မှာလည်း မိုးကုတ်-မန္တလေးကားလမ်းဘေးရှိ သစ်ဆိမ့်ကုန်း ရွာသားစစ်စစ်ဖြစ်ပါသည်။ မလိုချင်လို့အပ်ပေးလိုက်သော အဖြစ်က တကယ်ရှိခဲ့ပါသည်။ အပ်ပေးလိုက်တာ ကလည်း မျိုးတုံးပဲတုံးမဟုတ် ရတနာစင်စစ်ဖြစ်ပါသည်။ ကိုသိန်းမောင်ကလည်း ရတနာ နားမလည်သူငထုံငအ မဟုတ်ပါ။ ပတ္တမြားမြေဇာတိသားဖြစ်ပါသည်။

တွင်းသားစစ်စစ်ဘ၀မှ သူဌေးမြှောက်စားသူဘ၀ နေ့ချင်းပြောင်းသွားသူ ကိုသိန်းမောင်ကို သူ့ပေါလန်တွေက ကားတစ်စီးနှင့်ထားသည်။ တွင်းကြီးတစ်တွင်းအားကြီးကြပ်ရန်ပေးထားသည်။ မိုးကုတ်က အရှုပ်တို့ အနှံတို့ဆိုင်တွေမှာ မှာထားသည်။ သိန်းမောင်လာစားသမျှ လာယူသမျှ ဘေဖွင့်ထား။ ကိုသိန်းမောင် ဘ၀ကလည်း လိုတိုင်းရတတိုင်း ပြည့်စုံသွားသည်။ သည်မှာ ဇာတ်လမ်းလေးသိမ်းသွားလျှင် ပုံပြင်သာသာ ကိုသိန်းမောင်ဇာတ်ကြောင်းကို ကျွန်တော်မှတ်တမ်းတင်ဖြစ်ချင်မှ တင်မိပါဦးမည်။ ကျွန်တော်မှတ်တမ်းတင် မိခြင်းကား ပါရမီရှင်မဟုတ်သော ကိုသိန်းမောင်သည် လူတိုင်း ငမ်းငမ်းတက်ကြသည့် အိမ်မက်လို စည်းစိမ် ဘုံကြားတွင် နေနေရသည်ကို စိတ်ကုန်သွားကာ တောထွက်သွားသဖြင့်ဖြစ်ပါသည်။ မရသင့်မရထိုက်တာကို မလိုချင်ခဲ့သော ကိုသိန်းမောင်သည် ရသင့်ရထိုက်တာကိုလည်း ၀ါယမစိုက်ရခြင်းမရှိ အလွယ်တကူရနေသော အခါ အားနာသွားပြီး တောရပ်ခိုလှုံသွားသည်ဟုဆိုပါသည်။
ရုပ်ရှင်တွေထဲမှာလိုဆိုလျှင်တော့ အနှစ်နှစ်အလလကြာပြီးနောက်ဟု စာတန်းထိုးရလိမ့်မည် ထင်ပါ သည်။ ကိုသိန်းမောင်တို့ လက်နက်ချကာ အလင်းဝင်လာသည်။ သည်မှာ ကျွန်တော့်ဘာသာ ဖြည့်တွေးလိုက် မိတာက အမှောင်ထဲမှ လက်နက်ကိုင်ထားရသူ ကိုသိန်းမောင်သည် ထိုစဉ်အခါက ပတ်ဝန်းကျင်တစ်ခို ယမ်းသံကျည်သံတွေ တစ်ဖြောင်းဖြောင်း တစ်ဒိုင်းဒိုင်းရှိနေတတ်သည့် အညိုရောင်နယ်မြေအတွင်းရှိ သူ့ပေါလန်၏စည်းစိမ်ကို မပြစ်မှားခြင်းဘဲဖြစ်သည်။ သူလိုလျှင် ပေါလန်သူဌေးအရာ အလွယ်တကူ သိမ်းယူနိုင်ပါလျှက် သူကမျက်စပင်မပစ်ခဲ့ပါ။ ဒါ့ကြောင့် ကျွန်တော်သည်သမိုင်းကို လေးလေးစားစား မှတ်တမ်းတင်မိခြင်းဖြစ်သည်။
ကိုသိန်းမောင် အလင်းဝင်ပြီးနောက် သူ့ရွာကလေးသစ်ဆိမ့်ကုန်းပြန်သွားပြီး သီးပင်စားပင်များ စိုက်စားကာနေထိုင်သည်။ ရေစက်ဆိုတာမျိုးက မကုန်နိုင်သေးတော့ သူမန္တလေးဆင်းဈေးဝယ်သောအခါ သူ့ပေါလန်နှင့် မမျှော်လင့်ဘဲတွေ့သည်။ ပေါလန်ခမျာ ၀မ်းတွေသာလွန်းလို့ ကိုသိန်းမောင်လက်ကို ဆွဲထား ရှာသည်။ “ငါရှာနေတာ အတော်ကြာပြီ”တဲ့။ “ဘယ်ရောက်နေတာလဲ” “ဘာလုပ်စားသလဲ”တွေ အလွမ်းသယ် ကြပြီးနောက် ကျေးဇူးသိတတ်သောပေါလန်က ကိုယ်တိုင်လိုက်လာကာ ဆရာဝန်ဒေါက်တာခင်မောင်၏ကား မစ်ဆူဘီရှိဝီလီဂျစ်ကို ကုန်တင်စားစရာထွေလာဖြင့်အစုံလိုက် ၀ယ်ပေးလိုက်သည်။ အရင်းရောအနှီးရော မလိုအောင် ထောင်ပေးလိုက်သည်။ ကိုသိန်းမောင်၏သစ္စာတရားက လမ်းတွေ့တာတောင် ရှောင်မသွားတတ် သည့် ပေါလန်အတွက် ထိုက်တန်ခဲ့ပေသည်။
တစ်ရက်တွင် ကျွန်တော်ကိုသိန်းမောင်အကြောင်း မိတ်ဆွေများကြားပြောပြဖြစ်ပါသည်။ စိတ်ဝင်တစား နားထောင်ကြရင်း တစ်ယောက်က “ခင်ဗျား ကိုသိန်းမောင်က အဲ့ဒီတုန်းက လူလွတ်လားဗျ” ဟုမေးပါသည်။ ကျွန်တော်ကလည်း “လူပျိုကြီးထင်တာပါဘဲ” ဟုဖြေမိသောအခါ သူကအဖြေရသွားသော ဦးစံရှားပုံစံဖြင့် “ဒါ့ကြောင့်ကိုး” လို့ပြောသွားပါသည်။ ရသင့်ရထိုက်တာတွေကို ဂုတ်ခွပိုးစီးထားသည့်အပြင် မရသင့်မရထိုက် တာတွေနောက်သို့ ကျားစီးဖားစီးလိုက်နေကြသည့် ကျွန်တော်တို့လူ့ဘောင်လောကတွင် မလိုချင်လို့ ဖြစ်သောအမှုက ပုံပြင်မှတ်ထင်ခဲ့ရပါသည်။ ကိုသိန်းမောင်လိုလူတစ်ယောက်ကတော့ဖြင့် မြင်ကွင်းမှ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားခဲ့ပါပြီ။
                                                                             ပေးပို့သူ
                                                                                        ပြတ်သား

Friday, December 14, 2012

အရွေးမခံရသော စာမူလေးပါ နှမျှောလွန်းလို့ တင်ထားပါတယ်(၉-၁၂-၂၀၁၂)နေ့ကရေးထားတာပါ

“သောနုတ္ထိုက လီရှောကိုဆဲခြင်း”
          ပြီးခဲ့သောရက်သတ္တပတ်အတွင်းက ဖွဘုတ်(Facebook)ပေါ်တွင် ဆေးရုံစာအုပ်တစ်အုပ်ပုံ ပလူပျံ နေသည်။ အချိန်မီအခါမီ မည်သူကတင်လိုက်သည်မသိသော်လည်း မိဖွဘုတ်တို့က ဒါမျိုးဆို ရှဲ(Share)ကနဲ၊ ရှဲကနဲ ဆက်တိုက်ရှဲသွားလိုက်ကြတာ ဓါတ်ဆီမီးလောင်တာနဲ့ ပလိပ်ရောဂါတောင် သူ့လောက်မမြန်။ တစ်ယောက်ကဆယ်ယောက်၊ ဆယ်ယောက်ကအယောက်မည်ရွေ့မည်မျှပင်မသိအောင် တစ်ချက်ကလစ် လိုက်တာနဲ့ ရှဲကနဲ ရှဲကနဲ။
          ကောင်းကြသေးလား.....ဗုဒ္ဓဘာသာနိုင်ငံတဲ့ဗျာ” “မုံရွာမြို့မှ လက်ပံတောင်းတောင်အရေးထိခိုက် ဒဏ်ရာရှိသော သံဃာတော်များအားလုံးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွေ့လိုက်ပြီးဖြစ်ကြောင်း သိရသည်။ ထို့သိုပြောင်းရွေ့လိုက်သောသံဃာတော်များ၏ ဆေးရုံမှတ်တမ်းစာအုပ်တွင် ရာဇ၀တ်မှုလူနာဟု တံဆိပ်တုံးရိုက်နှိပ်ပေး လိုက်ကြောင်းသိရသည်”ဟု ဓါတ်ပုံနှင့်တကွဖွသည်။ သိပ်မကြာမီဘဲ မနေနိုင်သူ တစ်ဦးက အခုလိုရှင်းပါသည်။ “ဆဲ….ဆဲ….ဆဲကြပါ….များများဆဲကြပါ” ဆိုပြီး ရာဇ၀တ်လူနာသည် ရာဇ၀တ်သားလူနာဟုပြောခြင်း မဟုတ်ကြောင်း၊ Police Case ကိုပြန်ဆိုထားခြင်းဖြစ်ကြောင်း၊ ရာဇ၀တ်သားကို မှ ဆေးရုံက တံဆိပ်တုံးထုပေးခြင်းမဟုတ်ကြောင်း၊ ကားတိုက်ခံရသူဖြစ်စေ အရိုက်ခံရသူဖြစ်စေ ရဲစစ်ချက်ယူ နိုင်ရန် မှတ်တမ်းတင်ထား ခြင်းဖြစ်ကြောင်း၊ ခံရသူကဖြစ်ဖြစ် လုပ်သူကဖြစ်ဖြစ် တိုင်ချက်ဖွင့်လာလျှင် သက်သေသက္ကာယရစေရန်အတွက် ဖြစ်ကြောင်း၊ လူနာအတွက်အထောက်အကူရစေရန်သာဖြစ်ကြောင်း၊ ကျူးလွန်ခံရသူက ကျူးလွန်သူအပေါ် ထိရောက်စွာတိုင်တန်းနိုင်ရေးအတွက်သာဖြစ်ကြောင်းများ ပြန်ရှင်းထား လိုက်တော့ ဒီလိုတော့လည်း မိဖွဘုတ် တို့က ဟုတ်သားဟု ဘ၀င်တစ်ခြမ်းကျသွားရသည်။
          သည်မှာတစ်ခြမ်းမကျနိုင်သေးတဲ့အကြောင်းက ဆက်ရန်ရှိသေးသည်။ ကျွန်တော်တို့ရပ်ကွက်ထဲက ကောင်လေး လူရိုက်ခံရတော့ ဆေးရုံတက်ရသည်။ ရာဇ၀တ်လူနာ ထုသလားမထုသလားတော့ သတိမထားမိ။ သတိထားမိတာက မှုခင်းဆရာဝန်တွေက ဒဏ်ရာများကိုစစ်သည်။ ဒဏ်ရာတစ်ခုခြင်းအပေါ် ထင်မြင်ချက် ပါသော ဆေးစာရေးသည်။ သာမန်ဒဏ်ရာလား၊ ပြင်းထန်ဒဏ်ရာလား၊ ထက်သောလက်နက်လား၊ တုံးသောလက်နက်လား၊ အတွင်းထိနက်လား၊ အပေါ်ယံပြတ်ရှလား၊ စားလောင်စေတာလား ဆိုတာမျိုးတွေ ပါလေ့ရှိသည်။ တိုင်သောသူရှိလို့ အမှုဖွင့်သောအခါ သက်ဆိုင်ရာအမှုစစ်ရဲက ဆေးစာသွားယူက ရုံးတော်သို့ တင်သည်။ သည်လိုဆိုတော့ ဆေးစာအုပ်မှာ ရာဇ၀တ်လူနာတုံးထုထားခြင်းမှာ ခံရသူကဖြစ်ဖြစ် လုပ်သူကဖြစ်ဖြစ် တိုင်ချက်ဖွင့်လာလျှင် သက်သေသက္ကာယရစေရန်အတွက်ဖြစ်ကြောင်းနှင့် ကျူးလွန်ခံရသူက ကျူးလွန်သူအပေါ် ထိရောက်စွာ တိုင်တန်းနိုင်ရေးအတွက်သာဖြစ်ကြောင်းဆိုတာ ဟုတ်သွားသည်။ သို့ရာတွင် လက်ပံတောင်းတောင်အရေးဖြင့် မုံရွာမှပြောင်းလာသော ဆရာတော်၊ သံဃာတော်များ၏ဒဏ်ရာများနှင့် ပတ်သက်ပြီး မီဒီယာများ ၀ိုင်းဝိုင်းလည်နေသော မန္တလေးပြည်သူ့ဆေးရုံဝင်းအတွင်းက ဘာသတင်းမျှ ထွက်မလာ။ ဆေးစာနှင့်ပတ်သက်သော မည်သည့်သတင်းမျှတက်မလာ။
မုံရွာမှတာဝန်ကျခွဲစိတ်ဆရာဝန်တစ်ဦးက သာမန်မီးလောင်မှုဒဏ်ရာတွေအဖြစ်မြင်တွေ့ခဲ့ကြောင်း၊ မပြင်းထန်တဲ့ အနာပေါက်တစ်ချို့ရှိခဲ့ကြောင်းနှင့် မှုခင်းဆရာဝန်ဆရာဝန်ကတော့ “ပြင်လိုက်အပေါ်ယံ မီးလောင်တဲ့ဒဏ်ရာတွေကို သုံးသပ်တဲ့အခါမှာ ပုံမှန်မီးစွဲလောင်လို့ရတဲ့ ဒဏ်ရာအမျိုးအစားဖြစ်ပါတယ်။ အကွက်လိုက် ဧရိယာလိုက် အသေးလေးတွေမှာ အနည်းငယ်နက်တဲ့ ဒဏ်ရာအမျိုးအစားလေးတွေလည်း တွေ့ရပါတယ်။ ဒါတွေကလည်းပူပြီးတော့ မီးလောင်နေတဲ့ အရာဝတ္ထုပစ္စည်းတွေ ခန္ဓာကိုယ်နဲ့ထိကပ်ရင်၊ ခန္ဓာကိုယ်ပေါ်ကျရင် ရနိုင်တဲ့ ဒဏ်ရာအမျိုးအစားတွေ ဖြစ်ပါတယ်”ဟုပြောတာ Eleven Media Website မှာဖတ်လိုက်ရပါသည်။ Expert ခေါ် ကျွမ်းကျင်သူများထံမှ ရာဇ၀တ်လူနာများ တစ်နည်း Police Case များ တွင် ပေးရလေ့ရှိသောထင်မြင်ချက် တရားဝင်ဆေးစာနှင့်ပတ်သက်တာက လုံးလုံးမကြားရသေး။ အမှုဖွင့် တာများစောင့်နေတာလားတော့မသိသေး။ အမှုဖွင့်မှ ထင်မြင်ချက်ရေးရတာလားတော့ နားမလည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး သိမ့်သိမ့်တုန်သွားစေသော ဤအရေးတွင် ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ သူတို့ဥပုသ်စောင့်ကြရှာတာလား၊ မုံရွာမှာတုန်းက သူတို့ပြောသော သာမန်မီးလောင်ဒဏ်ရာများသည် မန္တလေးရောက်မှ နိုင်ငံခြားသွားကုရလောက်အောင် ဆိုးရွားကုန်သဖြင့် နောက်ထပ်မှတ်ချက် မပေးရဲရှာ ကြတာလား စဉ်းစားစရာ။
          တစ်ဆက်တည်း နောက်တစ်ကြောင်းလည်း တွေးမိသေးသည်။ ပြည်သူပြည်သားများဘ၀ စိတ်ချလုံခြုံရေးနှင့်ဥပဒေ၏အကာအကွယ်ရရှိစေရန် လက်မနှေးတမ်းထမ်းရွက်ကြသည့် ကူညီပါရစေအဖွဲ့များ ရာဇ၀တ်လူနာ တံဆိပ်တုံးထုထားသည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ နိုင်ငံခြားပင်သွားကုရတော့မည့် ဒဏ်ရာ အထင်တရှား ဆရာတော်များ၏ (Police Case)ကိုတော့ ပထမသတင်းပေးချက်အတွက် လက်နှေးနေကြ သည်။ ပြည်ထောင်စုဝန်ကြီးကိုယ်၌က လုံးဝအပြစ်မရှိပါဘူးဟုဆိုထားသည့် အပြစ်မဲ့ သာသနာ့ဝန်ဆောင် ဆရာတော်များအပေါ် ကျူးလွန်သူများကို ရှာဖွေဖော်ထုတ်ကာ အမှုဖွင့်ဖို့အရေးမှာ လက်ပံတောင်းတောင်၏ တန်ဆောင်မုန်းညမီးခိုများဖြင့် နှာမွန်နေ၍ မမြင်ကြရှာတာလည်းဖြစ်မည်။ ရာဇသတ်ကြီးအရ တစ်ဦးတစ်ယောက်သောသူက အားပေးကူညီသည်ဆိုသည်မှာ အရာတစ်ခုပြုခြင်းကိုပြုစေရန် လှုံဆော်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ပျက်ကွက်ခြင်း၊ တမင်ကူပံ့ခြင်းတို့ဖြစ်ကြောင်းပြဌာန်းချက်ရှိပြီး အကြံပေးခြင်း၊ အားပေးခြင်း၊ ကူညီခြင်းပြုသူများရှိ၍သာ ကိုယ်ထိလက်ရောက်ကျူးလွန်သူသည် ပြစ်မှုကို ရဲရဲတင်းတင်း အလွယ်တကူ ကျူးလွန်တတ်သဖြင့် ယင်းသို့ပြစ်မှုကျူးလွန်စေရန် လွယ်ကူစေသည့် အထောက်အကူပြုသည့် အားပေးကူညီခြင်းကို ကိုယ်ထိလက်ရောက် ကျူးလွန်ဘိသကဲ့သို့ ပြစ်မှုမြောက်သည်ဟု သတ်မှတ်ခြင်း ကလည်းရှိသေးသည်မဟုတ်လား။
          ပြီးတာတွေကတော့ပြီးခဲ့ပြီ။ အလံဖြူထောင်၍ ၀န်ချတာတွေချနေကြပြီ။ တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏အကျိုးစီးပွားနှင့် အများပြည်သူ၏အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းဆိုတာကြီးလည်း အလျှင်အမြန် ရုပ်သိမ်းသွားပြီ။ ဒီဇင်ဘာလ ၇ရက်နေ့ နံနက်က သံဃမဟာနာယကဆရာတော်များကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့က တောင်းပန်ကြသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဆန္ဒပြသော သပိတ်စခန်းဖြိုခွင်းရာမှာ ဒဏ်ရာရရှိသော သံဃာတော်များနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကြေးနီတောင်သပိတ်စခန်း၏ အခြေအနေမှာ တရားဥပဒေကို ဆန့်ကျင်ကာ အခြေအနေပိုမိုရှုပ်ထွေးလာသဖြင့် မသက်သာသည့်အဆုံး လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မသမာသူအချို့၏ လုပ်ကြံဖန်တီးသွေးထိုးမှုများကို သက်တော်ငယ်ကာ နိုင်ငံရေးပရိယာယ်ကို နားမလည်ကြသေးသော သံဃာငယ်များနှင့် ကိုရင်ငယ်များမှ ကိုယ်ရောစိတ်ပါ လိုက်ပါဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည့်အတွက် ဦးပဉ္ဇင်း၊ ကိုရင်ငယ်များတွင် လုံးဝအပြစ်မရှိကြောင်းတွေ့ရကြောင်း၊ ယခုကြေးနီတောင် အဖြစ်အပျက်တွင် ဦးဉ္ဇင်းနှင့်လူပုဂ္ဂိုလ်များ ထိခိုက်ဒဏ်ရာရှိသွားခြင်းကြောင့် တာဝန်အရ ပြုလုပ်ဆောင်ရွက် ခဲ့ကြသော ရဲဝန်ထမ်းများမှ စိတ်မကောင်းများစွာဖြစ်ရကြောင်းနှင့် ထို့အတွက်မုံရွာမြို့တွင် ယင်းအဖြစ်အပျက် နှင့်ပတ်သက်၍ တာဝန်ရှိရဲအရာရှိများက ဆရာတော်ကြီးများအား ၀န်ချတောင်းပန်ခဲ့ပြီးဖြစ်ကြောင်း၊ အစိုးရအနေဖြင့်လည်း ယခုအဖြစ်အပျက်နဲ့ပတ်သက်ပြီး စိတ်နှလုံးမချမ်းမသာလွန်စွာ ဖြစ်ခဲ့ရကြောင်း၊ နိုင်ငံတော်ကိုယ်စား ဒဏ်ရာရရှိသည့် ဦးပဉ္ဇင်းနှင့်ကိုရင်များကိုလည်း အလေးအမြတ်ထား တောင်းပန်အပ်ပါ ကြောင်းများဖြင့် တောင်းပန်လျှောက်ထားသွားလေသည်။
          ကျွန်တော်တို့အထက်တန်းကျောင်းသားဘ၀တုန်းက ဆရာများအခန်းမ၀င်သည့် အချိန်များတွင် စာသင်ခုံများဆက်ကာ ခုံမြင့်သဘင်စီစဉ်ကာကကြပါသည်။ ကသည်ဆိုသော်လည်း အတန်းထဲမှ ကြာနီကန် ဆရာတော်အသံပေါက်အတိုင်း ဟောတတ်ပြောတတ်သည့် အညာသားသူငယ်ချင်းကို အလယ်မှာထားကာ သူရသော ကိုရင်သိန်တန်ဇာတ်လမ်း၊ သုဝဏ္ဏသာမဇာတ်စသည်တို့ကို သံနေသံထားကျကျ ပြောသည်တွင် ကျွန်တော်တို့က လူပြောင်လုပ်၍ သရုပ်ဆောင်ကြခြင်းဖြစ်သည်။ သည်တုန်းက သူငယ်ချင်းက ဆဒ္ဒန်ဆင်မင်း ဇာတ်ကို “အစွယ်လိုသူမိဖုရား၊  အသွားစေသူမင်းဧကရာဇ်၊ လေးပစ်သူဘုရားကျွန်တော် ကြံဖော်ကြံဖက် ဤသုံးယောက်အနက်တွင်မှ နင်ချည်းသာပင်သေစေတော့လို့ ငမိုက်သားမုဆိုးကိုသတ်လိုကသတ်ပါ အရှင် ဆင်မင်းဘုရား” သံနေသံထားဖြင့် ဆိုလိုက်လျှင် ကျွန်တော်တို့အားလုံးက “ငမိုက်သားသေသင့်ပါတယ် ဘုရား..…သတ်သင့်ပါတယ်ဘုရား” ၀ိုင်းအော်ခဲ့ကြသည်။ ယခုအခါပြန်စဉ်းစားကြည့်တော့ ဆဒ္ဒန်ဆင်မင်းကြီး ကို ပြစ်မှားကျူးလွန်ရင်း ခိုးထုတ်ခိုးထည်နှင့်မိသွားသော သောနုတ္ထိုမုဆိုးမှာ ဝေ့လည်ကြောင်ပတ် လျှောက်လဲတင်ပြသည်ဖြစ်ဦးတော့ ဆင်မင်းကြီးရှေ့တွင်ပင် သူ့အပြစ်သူ ဒူးထောက်တောင်းပန်ဝံ့ခဲ့ပေလိမ့် မည်။ ဆင်မင်းကြီးကလည်း တုန်တုန်ခိုက်ခိုက် တောင်းပန်ရှာသော ငမိုက်သား မုဆိုးကို ခွင့်လွတ်ရှာပေ လိမ့်မည်။ မုဆိုးသတ္တိကား ချီးကျူးစရာ။
          ဆောင်းပါးလေးအဆုံးမသတ်ခင် လီရှောအကြောင်းကိုလည်း ကသောမျောပါး ပြောလိုက်ချင်သေး သည်။ ကျွန်တော်တို့အရပ်မှာ ယဇ်ရွှေရည်တစ်မျိုးကိုလည်း လီရှောဟုခေါ်သည်။ အရောင်မဲ့သလောက် အရသာက ပြင်းရှလှပါသည်။ တစ်ကြိုက်လောက် မော့ချလိုက်လျှင် ရင်ကိုမီးစနဲ့ခွဲချလိုက်သလို ပူလောင်လှ သောအရက်။ မီးတောက်အရက်ဖြစ်ပါသည်။ မန္တလေးသယ်လာ ပြီး အကြမ်းဆိုမှသောက်လေ့ရှိသော ဆိုက်ကားအဖွဲ့ကြား ချပေးလိုက်သောအခါ အက်ဆစ်တွေတိုက်တာဟု ၀ိုင်းဝန်းထောပနာပြုကြသည်။ ကျွန်တော်တို့အေးလွန်းသောအရပ်တွင် အနွေးငွေ့လေးဖွဲ့မိစေရန် ယဇ်ရွှေရည်လီရှောကို သောက်သုံးမှီဝဲ ပြီးတိုင်း အရသာပြင်းရှခါးသက်လှသဖြင့် “အသုံးမကျတဲ့အရက်” ဟုဆဲလေ့ရှိပါသည်။ ထို့ကြောင့် “သောက်တော့ဗမာ၊ မူးတော့ကုလား၊ ချက်တော့တရုတ်၊ အဆဲခံရတော့ လီရှော”ဟူ၍ ပြောစမတ် ဖြစ်လာပါတော့သည်။
          သောနုတ္ထိုမုဆိုးကြီးခမျာ အနောက်ကဒါးထောက်လို့ကြောက်ရသူတစ်ဘက်နဲ့ လျှောက်လဲချက်တွေ ပေးကာ ၀န်ချရတိုင်း လီရှောကိုသာ လိမ့်လိမ့်ဆဲပေလိမ့်မည်။

Sunday, November 25, 2012

မြနန္ဒဂျာနယ် အတွဲ-၁၊ အမှတ်-၄၅မှာပါတဲ့လက်ရာလေးပါ။ ကျော်ငွေနေတဲ့ အေးစေတီမြောက်ကျောင်းနဲ့တောင်ကျောင်းလွဲတာလေးခွင့်လွတ်ပေးကြပါ

“ဟင့်တင့်ကြီးငလျင်”
ကျွန်တော့်မွေးရပ်ချက်မြုပ်ဇာတိမြေတွင် အေးစေတီကျောင်းဆိုတာရှိပါသည်။ အတိအကျပြောရ လျှင်တော့ ရတနာမြေလို့နာမည်ကြီးသောမိုးကုတ်မြို့ မရောက်မီ(၇)မိုင်ခန့်အကွာက မိုးကုတ်အနောက်ပိုင်း ဟုလည်းခေါ်ကြသော ကျပ်ပြင်ရွာလေး၏အရှေ့ဘက် တောင်တန်းငယ်လေးတစ်ခုပေါ်တွင် အေးစေတီ ကျောင်းရှိသည်။ အေးစေတီလေးတစ်ဆူတည်ထားသော တောင်ကုန်းပေါ်တွင်ရှိသောကြောင့်လည်း အေးစေတီကျောင်းဟုခေါ်ကြခြင်းဖြစ်ပါသည်။ အေးစေတီ၏တောင်ဘက်တွင်ရှိသော ကျောင်းက အေးစေတီတောင်ကျောင်း။ အေးစေတီ၏မြောက်ဘက်တွင်ရှိသောကျောင်းက အေးစေတီမြောက်ကျောင်း ဟု နှစ်ကျောင်းခွဲကာ ကိုးကွယ်ကြတော့ ကျောင်းထိုင်ဆရာတော်ကလည်း တစ်ပါးစီဖြစ်သည်။
          အေးစေတီတောင်ကျောင်းတွင် ကျော်ငွေဆိုသော ဘုန်းကြီးကျောင်းသားဆိုမလား။ ကပ္ပိယ ဆိုမလား။ လူကြီးတစ်ယောက်ရှိပါသည်။ သူကား စိတ်မပြည့်တပြည့်။ လုံးလုံးလျားလျားကြီး ဦးနှောက်ဖောက်သွားတာမျိုးတော့မဟုတ်။ ကျောင်းမှဆရာတော်ဆွမ်းခံကြွလျှင် ကြေးစည်ကြိုးကို လက်တွင်ပတ်ခါ ကြေးစည်ရိုက်တံဖြင့် “ဒေါင် ဒင် ဒေါင် ဒင်” မြည်အောင်ခတ်ပြီး ရှေ့ဆုံးမှထွက်လေ့ ရှိတာကကျော်ငွေ။ ကျွန်တော်အရပ်ရပ်သို့ရောက်ရသော်လည်း ကြားဖူးသမျှသောကြေးစည်းသံတို့တွင် ကျော်ငွေ၏ကြေးစည်ခတ်သံ “ဒေါင် ဒင် ဒေါင် ဒင်” လောက် နားမစွဲပါ။ နားထောင်ကောင်းသည်ဟုမထင်ပါ။ ကျော်ငွေနှင့်သူ၏ ကြေးစည်သံ“ဒေါင် ဒင် ဒေါင် ဒင်”သည် အေးစေတီတောင်ကျောင်း၏ ဆွမ်းခံနိဗ္ဗာန်ဆော် မူပိုင်ဖြစ်ပါသည်။ 
ကျော်ငွေသည် ဆရာတော်ဆွမ်းခံကြွသည့်အချိန် ကြေးစည်တီးခတ်ဖော်ရသည်မှလွှဲ၍  အခြား ကျောင်း၏ဝေယျဝစ္စအလုပ်များ သိပ်ခိုင်းရတာကို မတွေ့ရပါ။ ထိုကြောင့်ကပ္ပိယလည်းမဆိုသာ။ ဘုန်းကြီး ကျောင်းသားဟုလည်း မဆိုနိုင်ခြင်းဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော်တို့ရွာတွင်တော့ ကျော်ငွေနှင့် ပတ်သက်သော ပြောစမှတ်တစ်ခုတော့ပေါ်ခဲ့ဖူးပါလေသည်။ 
အေးစေတီတောင်ကျောင်းဆရာတော်မှာ ကျောင်းတွင် အအားနေနေတတ်သော ကျော်ငွေအား အကျိုးလေးတစ်စုံတစ်ရာရှိစေရန် စာတတ်စေချင်သည်။ ထို့ကြောင့်စာသင်ပေးရန်လည်း ကြိုးစားဖူး ပါသည်။ ဦးနှောက်က မပြည့်တပြည့်လေးမို့ ၀လုံးတစ်မျိုးတည်းကိုပင်ရအောင်သင်ရန် ကြိုးစားရပါသည်။ သည်မှာ ကျော်ငွေ၏ဒုက္ခက “၀” ရွတ်မရခြင်းဖြစ်ပါသည်။ စကားကိုကျတော့ ထစ်ထစ်ဖြစ်သည်မှအပ ပြောရနေပါလျှက် “၀” ကိုကလုံးဝရွတ်ခိုင်း၍မရ။ ဆရာတော်က ကြိမ်တစ်လှည့် လေပြေတစ်လှည့်ဖြင့် ၀လုံးရွတ်ခိုင်းသော်လည်း ကျော်ငွေမှာကား “၀” ကို မရ ရေးချမရ လုံးဝရွတ်မရရှာပါ။
သည်မှာဆရာတော်ကကြံပါသည်။ ကျော်ငွေအား ဆွမ်းစားကျောင်းဆောင်ခေါ်သွားပြီး ထမင်းအ၀ ကျွေးပါသည်။ ကျော်ငွေဝလောက်သောအခါ “ဟဲ့ကျော်ငွေ ၀ ပလား” မေးတော့ ကျော်ငွေပြန် ဖြေပုံက “ဟင့်တင့်ကြီး (အင့်တင့်ကြီး)ပါဘုရား” ဟုဖြစ်လေသည်။ ဆရာတော်က မကျေနပ် ထပ်ကြိုးစားပြီး ကျော်ငွေကို စားခိုင်းပြန်ပါသည်။ ပြီးတော့ “ကျော်ငွေ ၀ ပလား”လို့ ထပ်မေးပြန်ပါသည်။ ကျော်ငွေကလည်း “ဟင့်တင့်ကြီးပါဘုရား” ပဲဖြေသည်။ ဆရာတော်လက်မလျှော့။ ကျော်ငွေကို ထပ်စားခိုင်းပြန်ပါသည်။       “၀ ပလား” မေးတော့လည်း ကျော်ငွေ၏ဖြေမြဲက “ဟင့်တင့်ကြီး” ပဲဖြစ်ပါသည်။ နောက်ဆုံး ဟင့်တင့်ကြီးဖြင့် ဇွဲကောင်းသော ကျော်ငွေကို စားပိုးမနင့်ခင်ဆရာတော်ဘုရားကပဲ လက်လျော့လိုက်ရပါတော့သည်။ သည်အခါမှစ၍ ကျွန်တော်တို့ရွာလေးတွင်လည်း မထွေးနိုင်မမြိုနိုင် မအီမလည်အဖြစ်များကြုံရလျှင် ကျော်ငွေလိုပဲ ဟင့်တင့်ကြီးလို့ ပြောစမှတ်တွင်ခဲ့ပါတော့သည်။
ကျွန်တော်တစ်ရက်တွင် မြနန္ဒာဂျာနယ်တိုက်၌စာမူခထုတ်တော့ The Nation သတင်းဂျာနယ် တစ်စောင်လက်ဆောင်ရပါသည်။ စာမျက်နှာ-၁၅ ပြည်တွင်းဆောင်းပါးကို ဂရုတစိုက်ဖတ်ဖြစ်ပါသည်။ “တစ်ကယ်ပြောင်းလဲနေရဲ့လား…..... နေဘုန်းလတ်ရေ” ဆိုတဲ့ ဆရာအောင်ချစ်ရဲ့ ဆောင်းပါးဖြစ်ပါသည်။ ကျွန်တော်စိတ်ဝင်စားစွာ ဂရုစိုက်ဖတ်မိခြင်းမှာ ကျွန်တော်က နေဘုန်းလတ်၏ပရိတ်သတ်ဖြစ်ပြီး သူ့စာတွေ ကို တော်တော်သဘောကျခြင်းကြောင့် နေဘုန်းလတ်အားဝေဖန်သောဆောင်းပါးဖြစ်၍ ဂရုထားမိခြင်းလည်း ဖြစ်ပါသည်။
နေဘုန်းလတ်၏ “ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်” စာအုပ်ထဲက “လူနှင့် ခေတ်သစ်ဘီလူး” “ဘီလူးတစ်ကောင်ရဲ့ကကြိုး” “သက်ရှိကွက်လပ်များ” “မင်းသား၊ လက်ခုပ်သံများနဲ့ ကိုယ်ဝင်ကြည့်ခဲ့တဲ့ ဇာတ်ပွဲ” တို့ကိုကျွန်တော်စွဲခဲ့ဖူးသည်။ အနည်းငယ်လောက်ကျွန်တော်စွဲခဲ့တဲ့ နေဘုန်းလတ်စာတွေကို မြည်းကြည့်ကြပါဦး “လူနှင့် ခေတ်သစ်ဘီလူး”မှာ
“ငါ မစားကောင်းတဲ့အသီးကို စားခဲ့မိလို့လား။ ငါ မသောက်ကောင်းတဲ့ရေကို သောက်ခဲ့မိလို့လား။ ဒါမှမဟုတ် ငါ့ရဲ့ ဒုတိယဆုတောင်းကပဲ မှားခဲ့တာလား”.….တဲ့။ နောက်ထပ် “ဘီလူးတစ်ကောင်ရဲ့ ကကြိုး” မှာတော့
“သူသိခဲ့ဖူးတဲ့ ဘီလူးက ကတဲ့အခါမှာတောင် လက်သီးလက်မောင်းတန်း၊ သန်လျက်ကြီးတရမ်းရမ်း နဲ့ လောဘ ဒေါသမာန်မာနတွေကို အထင်းသားမြင်ရနိုင်တဲ့ အကွက်တွေနဲ့ ခြေတဆောင့်ဆောင့် ကတတ်သူ။ အခုတော့ သူကနူးညံပြေပြစ်စွာ ကလို့။ လှပပျော့ပျောင်းစွာ ကလို့။ သူ့အတွေးတွေ ဒွိဟတွေနဲ့ ဖရိုဖရဲဖြစ်နေပေမယ့် ဘီလူးကတော့ ကကောင်းနေတုန်း။ ဘာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတာ ကတော့သေချာတယ်”……လို့ ဖွဲ့ပြခဲ့တဲ့နေဘုန်းလတ်။
စာတွေအော်ကျက်နေရမယ့် မင်းတို့နှုတ်ဖျားက
တူးတီပေါ့ကျတဲ့
တာမွေ တာမွေတစ်ယောက် ၁၅၀ိ/- ပဲတဲ့
ညီလေးရယ် ၀မ်းရေဆိုတဲ့ စကားလုံးအောက်မှာ
မင်းတို့ရဲ့ အနာဂတ်တွေ ပျောက်
မင်းတို့ရဲ့ စိတ်ထဲမှာတော့
ငွေစတွေကသာ မင်းတို့ဘ၀တွေရဲ့ တည်ဆောက်ရာပေါ့လို့……………စခဲ့ပြီ။
စာသင်ကျောင်းတွေက မင်းတို့ကို မျှော်နေတယ်
ကျောင်းတက်ခေါင်းလောင်းသံက မင်းတို့ကိုခေါ်နေတယ်
ဆရာ ဆရာမတွေက မင်းတို့ကိုမျှော်နေတယ်
စာသင်ခုံတွေက မင်းတို့ကိုခေါ်နေတယ်
နိုင်ငံရဲ့အနာဂတ်ကို
မျိုးဆက်သစ်တွေရဲ့ လက်ထဲကိုအပ်ဖို့
လူကြီးသူမတွေခမျာလည်း
မျက်ရည်စို့စို့နဲ့
မင်းတို့ကိုမျှော်လင့်နေကြရဲ့.…….လို့ “သက်ရှိကွက်လပ်များ” ဖြင့် ရင်ထဲနင့်သွားစေတဲ့ နေဘုန်းလတ်။
“မင်းသား၊ လက်ခုပ်သံများနဲ့ ကိုယ်ဝင်ကြည့်ခဲ့တဲ့ ဇာတ်ပွဲ” မှာ “ကိုယ်အားပေးမယ့် မင်းသားဟာ ရုပ်သေးရုပ်မဖြစ်ဖို့တော့ လိုမယ်၊ နို့မို့ဆို လက်ခုပ်သံတွေ နှမြောဖို့ ကောင်းပါတယ်လို့”………ရွှေရောင် အနားလေးတွေ ကွပ်တတ်တဲ့ နေဘုန်းလတ်။
သည်လို ကျွန်တော်နှစ်ခြိုက်ခဲ့ရတဲ့ နေဘုန်လတ်ကို “တကယ်ပြောင်းလဲနေရဲ့လား” လို့ ဆရာအောင်ချစ်ကဆိုလိုက်တော့ ကျွန်တော်ပြူးရပြဲရသည်။ နေဘုန်းလတ်သတ်မှတ်တဲ့ အပြောင်အလဲ (၇)ချက်ကို ကိုင်ထားတဲ့ဝှက်ဖဲချပ်တွေနဲ့ ထုတ်ပြလိုက်ပြီး “ဒီမိုကရေစီဆိုတာပြည်သူ့ဆန္ဒကို အလေးထား အသိအမှတ်ပြုတဲ့ ပြည်သူဆန္ဒနဲ့အညီရွေးကောက် တင်မြောက်ခံရတဲ့အစိုးရတွေကိုသာ ကြိုက်နှစ်သက်တဲ့ နည်းလမ်းပါ။ မနေ့က အာဏာရှင်ဖြစ်ခဲ့ပြီ ဒီနေ့ ဒီမိုကရေစီအရေးကြွေးကြော်နေတာ ဘာကြောင့်ဆိုတာ နှိုင်းနှိုင်းချိန်ချိန် တွေးကြည့်သင့်ပါတယ်။ ဆိုရှယ်လစ်ခေတ်တုန်းကလဲ ဟိုနားဆိုရှယ်လစ် ဒီနားဆိုရှယ်လစ်။ ပြည်သူ့အတွက် နိုင်ငံဆိုတဲ့ ဆိုင်ဘုတ်တွေနဲ့ တစ်မိုးလုံးဖျောက်ဆိပ်ပေါ့။ အခုလဲ ဒီမိုကရေစီ ကြွေးကြော်သံတွေလှိုင်လှိုင်အော်နေကြတော့ ပြည်သူတွေရဲ့ဘ၀ဟာလည်း ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေကြတာပါ”  “ကျူရှင်ကူမှထရတဲ့ ပညာရေးစနစ်နဲ့ ငွေကြေးကူမှလူလိုဆက်ဆံတဲ့ ကျန်းမာရေးစနစ်တို့ ကတော့ အပြောင်းအလဲမရှိသေး” ဆိုပြီး ဆရာအောင်ချစ်လုပ်ချသွားလိုက်တာ ကျွန်တော်ခပ်တုံးတုံးကောင် တောင် အိပ်ငိုက်တုန်း သံပရာသီးစားလိုက်ရသလို မျက်စိလည်တွေပြေချင်ချင်ဖြစ်သွားရတယ်။
(၁၁.၁၁.၂၀၁၂)နေ့ မနက်၇နာရီ ၄၂မိနစ် ၃၇စက္ကန့်တွင် ရွှေဘိုမြို့ကိုဗဟိုပြု၍ ရစ်ခ်ျတာ စကေး(၆.၈)အဆင့်ရှိသော အင်အားပြင်းငလျင်လှုပ်သွားလိုက်တာ ဘုရားတွေပြို၊ ကျောင်းတွေပြို အိမ်တွေပြိုပေါ့။ လှုပ်ခါတဲ့ အားကလည်းပြင်းတာကိုး။ သည်လိုငလျင်တွေလှုပ်ပြီဆိုရင် အမေကတော့ “မင်းပြောင်းမင်းလွှဲရှိတတ်တယ်”လို့ ပြောနေကျ။ အကြာကြီးမပြောင်းလွှဲပဲရှိခဲ့တဲ့ တစ်ခေတ်တစ်ခါကတော့ အမေသည်လိုပြောတိုင်း ကျွန်တော်တို့က လေလှိုင်းသံလူသတ်သမားရဲ့ ပရိသတ်အမေ့ကို “အမေ့ငလျင်က ထိုင်ခုံတွေကိုတော့မလှုပ်ပါဘူးအမေရာ” “အမေ့ရေဒီယိုကြီးကသည်လောက်ရန်တိုက်ပေး၊ သွေးထိုးပေး နေတာတောင်မလှုပ်တာ” လို့ စတော့ အမေက “ဘယ်အရာမှမမြဲပါဘူး သားရယ်” လို့ အေးအေးလေး ပြန်ဖြေနေကျ။ အမေပြောတဲ့ မမြဲခြင်းတရားကတော့ အခုလတ်လတ်ဆတ်ဆတ်ကြီးကို ထထင်တော့သည်။ ၇နာရီ ၄၂မိနစ်မတိုင်ခင်ကအကောင်း။ အခုတော့ အုတ်ပုံတွေ၊ အပြိုအပျက်တွေ၊ မြေအက်ကွဲကြောင်း ကြီးတွေ။ သေသေချာချာခိုင်ခိုင်မာမာ ဆောက်မထားတဲ့ အဆောက်အအုံတွေ အစေးဓါတ်ချို့တဲ့ တဲ့နံရံတွေ ပြိုကျ။ သက်တမ်းရင့်ဖျက်သိမ်းသင့်တာတွေ ဆက်သုံးတော့ ဖရိုဖရဲပြိုလဲပျက်ဆီး။ အန္တရာယ်ရှိ အဆောက်အဦးလို့ သတ်မှတ်ခံရ။ “မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်တို့ဖြင့်တည်ဆောက်အံ့” ဆိုသော်ငြားလည်း အရည်အသွေးကောင်းသော အုတ်သစ်အုတ်စစ်ဖြစ်ဦးမှ။ ဟန်ဆောင်မထားတဲ့ အင်္ဂတေစစ်များများသုံးဦးမှ။ ဆောက်သည့်နည်းပညာ ကြွယ်ဝဖို့ကလည်းရှိသေး။ အင်္ဂတေဖျော် အုတ်စီတတ်တာလောက်နဲ့ အာစီတိုက်တက်ဆောက်လို့ကတော့ ရစ်ခ်ျတာစကေး(၆)(၇)လောက် မပြောနဲ့(၄)(၅)လောက်နဲ့တင် ဘုံးဘုံးလဲတယ်။ ဒီမှာပညာရတာက နှစ်တွေရှည်ကြာ အိပ်ပျော်နေပါတယ် ဆိုတဲ့ မဟာပထ၀ီမြေလွှာကတောင် ငြီးငွေ့လို့အညောင်းဆန့်လှုပ်ခါချရင် အဟောင်းတလယ်လယ်တွေ သာခွေယိုင် ကျတာဆိုတာပါဘဲ။
ပြောသာပြောနေရတာ သံသယဖြစ်မိတာက အခုသည်ရွှေဘိုငလျင်ကြီးက တစ်ရာအစိတ်လောက် ကိုမှထိအောင်လှုပ်နိုင်ပါ့မလားလို့။ အပြင်ကခုနှစ်ဆယ့်ငါးမှာကလည်း ဆေးတို့ထား၊ ဆေးစိမ်ထားတဲ့ အခွံလှသလောက် အတွင်းစိမ်းသီးတွေက ခပ်များများ။ သည်အထဲမှာ မှည့်တဲ့ခေါင်သီးကတော့ ၀င်းဝါပြီး ချိုမြပြနေပြန်တော့ “ရွှေဘိုငလျင်ကြီးရေ ဟင့်တင့်ကြီးဗျနော်” လို့ပဲ ပုဆိုးအောက်နားစလေး အသာမပြီး ငိုချင်းသာချလိုက်ချင်ပါတော့ရဲ့။
                                                                          

Friday, November 23, 2012

မောင်ချောနွယ်ရဲ့ဆတ်သွားကိုဖတ်ရာကလှမ်းဖမ်းထားလိုက်တာ



မောင်ချောနွယ် အတုနဲ့ ပဋိပက္ခ
မောင်ချောနွယ် အတုကပြောတယ်
သန်းလေးဆယ်ကျော်အတွက် ထွန်ယက်ခဲ့ပါတယ်တဲ့
ကိုယ့်အတ္တမှ ကိုယ်မသေချာတဲ့
မောင်ချောနွယ်အတုကလေ…
သူတစ်ပါးချမ်းသာရေးအတွက် ပါဝင်ခဲ့ပါတယ်တဲ့
မောင်ချောနွယ်အတုကလေ
သစ်တန်တွက်နည်းဟာ
သစ်ကုန်သည်အတွက်ဝမ်းမီးစာပေဆိုတာ
မသိရှာသူ မောင်ချောနွယ်အတုကလေ…
          ဆရာမောင်ချောနွယ်ကတော့ ဘယ်လိုရည်ရွယ်ပြီးရေးခဲ့တယ်ဆိုတာ သိပ်သဘောမပေါက်နိုင်တာ ကျွန်တော် ကဗျာဖတ်သက်နုလို့လား အတွေးအခေါ်နိမ့်လို့လားတစ်ခုခုတော့သေချာတာပေါ့။ သို့သော် ကလေ….ကလေနဲ့ပြောနေတဲ့ မောင်ချောနွယ်အတုကိုတော့ ကြိတ်သဘောကျနေတယ်ဗျ။ ကျွန်တော့် ပတ်ဝန်းကျင်မှာက သန်းလေးဆယ်ကျော်အတွက် ထွန်ယက်ခဲ့ပါတယ်ဆိုတဲ့သူတွေ သူတစ်ပါးချမ်းသာရေး အတွက် ပါဝင်ခဲ့တယ်ဆိုတဲ့ မောင်ချောနွယ်အတုတွေကြုံကြုံနေရတာကြောင့်လည်းဖြစ်မယ်။
          အခုတစ်လောလည်းကြည့် ဟိုကဟိုလိုလုပ်ထားပြီ သည်ကသည်လိုလုပ်ထားတာနဲ့ဖွင့်ချ နေလိုက်တာ သန်းလေးဆယ်ကျော်အတွက် ထွန်ယက်နေတာလား သန်းလေးဆယ်ကျော်ကြွယ်ဝရေး အတွက် ကာကွယ်ပေးနေတာလား။ ကိုယ့်အတ္တအတွက်ကိုယ်သေချာအောင် လုပ်နေတာလား စဉ်းစားမရ။ မောင်ချောနွယ်အတုကလေ ထပ်ပြောတယ်ဗျ။
မျက်လှည့်ဆရာရဲ့ ဘင် ကိုမှ ၀ယ်မယ်တဲ့
မောင်ချောနွယ်အတုကလေ
တစ်ဘက်သားကို ဒုက္ခပေးပုံပေါ့
ခမျာမှာ ဒီဘင်ကလေးနဲ့မှ လူစုနေရရှာတာကို
ဒီဘင်ကိုမှ ၀ယ်ဖို့ကြိုးစားနေလေရဲ့….
မောင်ချောနွယ်အတုကပြောတယ်
အလမ္မာယ်ဆရာရဲ့ မြွေကိုဝယ်မယ်တဲ့
ဒီမြွေလေး ပြပြပြီးစားရတဲ့ တစ်ဖက်သားကိုမှလေ။
          ဘင်ကလေးထုပြီးလုစုကြရရှာတဲ့ မျက်လှည့်ဆရာတွေအတွက်တော့ ရင်ကြိုးရကိန်းပေါ့။ မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်ဖို့ဆိုတာ ထားခဲ့တဲ့ဆိုရိုးစကားက ရှိထားပြီးသားဆိုတော့ အလျားသင့်အနံသင့် ကောက်စွပ်ကာ ရယ်ဒီမိတ်လုပ်သုံးရုံပေါ့။ မောင်ချောနွယ်အတုက ဆက်ပြော ပြန်တယ်။
သူများတိုက်တဲ့ ရေခဲစိမ်ဘီယာကို
သူ့ခွက်ထဲအရင်ထည့်ပေး
သူ့ကို အရင်စလိုသောက်စေခြင်းဖြင့် မြှောက်စားရမယ်တဲ့။
          ဟုတ်ပြန်ရောဗျို့။ မြှောက်စားလိုက်ပုံများကတော့။ နွားနို့ဆို(Cow Head)မှတဲ့။ ရောက်ရောက်ခါစမှာ လန်းဆန်းတဲ့။ သင်္ဘော၊ သစ်တော်၊ သခွား ကောင်းတာအကုန်ချထား။ သံပုရာရည် လည်းပါပစေ။ အဆီချေဖျက်ဖို့ဖြစ်မယ်။ စားထားတဲ့မလိုင်အဆီများတက်မှာကြောက်လို့လည်းနေမယ်။ ပြင်ထားတာလည်း လှပ ပစေ့နော။ နှုတ်ကသာသရမ်းတာ စိတ်နဲ့လူကအနုသား မင်းသားလားကြလို့။ သေချာဖြဲရှာခွင့်ရရင်လေ စကင်ကယ်လ်တောင်ပါမယ်။ ဘယ်နေ့မှာ ဘာကိုမြှောက်စားမယ်။ ဘယ်မြို့မှာ ဘယ်လိုချီးမြှောက်မယ်ဆိုတာ ကြိုတင်ဇယားနဲ့ဗျ။ တိုင်းခန်းလှည့်လည်သွားကြတာလေ။ သတ္တ၀ါများကို သူတို့အသားမစားခြင်းဖြင့် မွေးနေ့ရက်မြတ်မှာ ကြင်နာသနား လိုက်ပြန်တော့ ပိုသနားစရာကောင်းတာက ခြေနှစ်ချောင်းသတ္တ၀ါတွေဗျ။ ခမျာတစ်တွေမှာ ဟိုတစ်ခေတ်တစ်ခါက ကျေးတော်မျိုးကျွန်တော်မျိုးတွေကို ကိုယ်ချင်းစာမိလိုက်တာ ပြောမနေပါနဲ့တော့။
          ၁၉၅၃ခုနှစ် အောက်တိုဘာ၁၆ရက်နေ့မှာ သူ့ပြည်သူတွေကို မကြားရစိမ့်သောငှာ ဆေးရုံကြီးရှိ သူနာပြုဆရာမများအပန်းဖြေခန်းထဲမှာ“ကျွန်တော်တို့ ပြည်သူတွေအကြောင်းပြောတဲ့အခါမှာ စည်းစိမ်ခံစား နေရတဲ့ ရွှေမှုန်စာ၊ ငွေဇွန်းကိုက်၊ လူ့မလိုင်တွေကို မဆိုလိုပါဘူး။ ဖောက်ပြန်တဲ့ ခေတ်နောက်ပြန်နေတဲ့ အလွှာကို မဆိုလိုပါဘူး”လို့ ပြောကြားခဲ့တဲ့ဖီဒယ်ကတ်စရိုရဲ့ ရဲရဲတောက်လျှောက်လဲချက်ဟာ မောင်ချောနွယ်အတုအတွက်များဖြစ်လေမလားဆိုပြီး ကျွန်တော်တော်တော် စဉ်းစားနေရတယ်။ တိုက်ဆိုင် တာနေမှာပါနော့။ အဖက်လုပ်စကားပြောတော့ သူကြွယ်သား။ ပန်းကန်ဆိုရွှေနားကွပ်၊ ပုလဲရောင်ထတဲ့ နိုင်ငံကြီးသားဖြစ် ရှယ်အကောင်းစားကြွေသားပေါ်မှ တင်စားတတ်တာဆိုလို့ တစ်မြို့လုံးကိုပြဲပြဲစင်ရော။ သီးသန့်ရှယ်ဝမ်းဆက်တစ်စုံစာကိုတွက်ရင် သိန်းနီးနီး။ ပန်းသွေးရောင်ဝိုင်တစ်ခွက်အတွက်က ငါးပုလင်းနီးနီး။ ဆောင်ထားရတဲ့ပယင်းရောင် အိတ်အိုကပဲပုံးအထက်နား။ သည်အတွက် ဘယ်ခေါင်းစဉ် အောက်မှာမှ ထုတ်မထားတာကို မောင်ချောနွယ်အတုကမသိတာလား။ မောင်ချောနွယ်အတုမြှောက်စားတဲ့ အလိုတော်ရိ တုံးပေါ်ကဖား ပြားပြားတွေကမသိတာလား။ ကဲကြည့်အုန်း။ သည်ဖားတွေ ဘင်ကလေးထုပြီး လူစုထားရတာကို။ မြွေကလေးပြပြပြီးစားထားရတာကို။
          မောင်ချောနွယ်အတုကပြောပြန်ရော
ငါတို့ဟာ
အေသင်မြို့သားတစ်ဦးလို တွေးခေါ်ရမယ်
ဆိုကရေးတီးမဟုတ်ခဲ့တာ သေချာဖို့လိုတယ်တဲ့…..။
မက်ဒေါနားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
ဂေါ်ဘာချော့လည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လန်ဒန်ဒေါင်းနင်းသားလည်း
ဒုလ္လဘတစ်ခုနဲ့ပဲ။
တောမရွာသားလည်း
ဒုလ္လဘတစ်ခုနဲ့ပဲ
လူ့ဘ၀လောက် မှားယွင်းခွင့်ရှိတာ
ဘယ်ရှိမလဲတဲ့….။
မောင်ချောနွယ်အတုကလေ။ ဘာပြောပြောနားထောင်လို့ ကောင်းကောင်းတော့ရှိပေမယ့် “မောင်ချောနွယ် အတုရေ ခင်ဗျားကိုတော့ဘယ်သူမှ မဲမပေးထားဘူးဗျ”လို့ ပြန်ပြောလိုက်ချင်တာ။ ဟုတ်တော့လည်း ဟုတ်တာပေါ့နော်။ သူ ဘယ်သူ့ဆီကမှ မဲရမထားလို့မျက်နှာပြောင်ပြောင်နဲ့ ဆိုကရေတီး မလုပ်ရဲတာပေါ့။ အရှင်းလေးရယ်။ မောင်ချောနွယ်အတုကိုကိုင်ပြခဲ့တဲ့ မောင်ချောနွယ်လေ အဆုံးသတ်တော့ ဘဲ့တိုက်သွား သေးတာ။ ကြည့်အုံး။
တကယ်တော့
မောင်ချောနွယ်အတုဟာ လူဖြစ်ပြီး
မောင်ချောနွယ် အစစ်ဟာ
လူမဟုတ်ဘူးလို့မပြောလိုက်ပါနဲ့……..။
တဲ့။ ကဲကောင်းသေးလား။ ကျွန်တော်က ကဗျာမစပ်တတ်လို့နော်။ နင့်မို့များတော့လား။ “၂၀၁၅ ဂိုးသွင်းသမားများ” ဆိုပြီး ခင်ဗျားထက်ကောင်းအောင် ကဗျာစပ်ပြီး သည်မကျေနပ်စရာ မောင်ချောနွယ် အတုကောင်ကို ပယ်ပယ်နယ်နယ်တွယ်ပြစ်လိုက်တယ်။ မှားတာရှိရင်ခွင့်လွတ်ပါလို့နော် ဆရာမောင်ချောနွယ်ရေ တရားမစွဲနဲ့ဦးဗျ။ ချစ်လို့စတာကို။