“ဟင့်တင့်ကြီးငလျင်”
ကျွန်တော့်မွေးရပ်ချက်မြုပ်ဇာတိမြေတွင်
အေးစေတီကျောင်းဆိုတာရှိပါသည်။ အတိအကျပြောရ လျှင်တော့ ရတနာမြေလို့နာမည်ကြီးသောမိုးကုတ်မြို့
မရောက်မီ(၇)မိုင်ခန့်အကွာက မိုးကုတ်အနောက်ပိုင်း ဟုလည်းခေါ်ကြသော ကျပ်ပြင်ရွာလေး၏အရှေ့ဘက်
တောင်တန်းငယ်လေးတစ်ခုပေါ်တွင် အေးစေတီ ကျောင်းရှိသည်။ အေးစေတီလေးတစ်ဆူတည်ထားသော တောင်ကုန်းပေါ်တွင်ရှိသောကြောင့်လည်း
အေးစေတီကျောင်းဟုခေါ်ကြခြင်းဖြစ်ပါသည်။ အေးစေတီ၏တောင်ဘက်တွင်ရှိသော ကျောင်းက အေးစေတီတောင်ကျောင်း။
အေးစေတီ၏မြောက်ဘက်တွင်ရှိသောကျောင်းက အေးစေတီမြောက်ကျောင်း ဟု နှစ်ကျောင်းခွဲကာ ကိုးကွယ်ကြတော့
ကျောင်းထိုင်ဆရာတော်ကလည်း တစ်ပါးစီဖြစ်သည်။
အေးစေတီတောင်ကျောင်းတွင် ကျော်ငွေဆိုသော
ဘုန်းကြီးကျောင်းသားဆိုမလား။ ကပ္ပိယ ဆိုမလား။ လူကြီးတစ်ယောက်ရှိပါသည်။ သူကား စိတ်မပြည့်တပြည့်။
လုံးလုံးလျားလျားကြီး ဦးနှောက်ဖောက်သွားတာမျိုးတော့မဟုတ်။ ကျောင်းမှဆရာတော်ဆွမ်းခံကြွလျှင်
ကြေးစည်ကြိုးကို လက်တွင်ပတ်ခါ ကြေးစည်ရိုက်တံဖြင့် “ဒေါင် ဒင် ဒေါင် ဒင်” မြည်အောင်ခတ်ပြီး
ရှေ့ဆုံးမှထွက်လေ့ ရှိတာကကျော်ငွေ။ ကျွန်တော်အရပ်ရပ်သို့ရောက်ရသော်လည်း ကြားဖူးသမျှသောကြေးစည်းသံတို့တွင်
ကျော်ငွေ၏ကြေးစည်ခတ်သံ “ဒေါင် ဒင် ဒေါင် ဒင်” လောက် နားမစွဲပါ။ နားထောင်ကောင်းသည်ဟုမထင်ပါ။
ကျော်ငွေနှင့်သူ၏ ကြေးစည်သံ“ဒေါင် ဒင် ဒေါင် ဒင်”သည် အေးစေတီတောင်ကျောင်း၏ ဆွမ်းခံနိဗ္ဗာန်ဆော်
မူပိုင်ဖြစ်ပါသည်။
ကျော်ငွေသည်
ဆရာတော်ဆွမ်းခံကြွသည့်အချိန် ကြေးစည်တီးခတ်ဖော်ရသည်မှလွှဲ၍ အခြား ကျောင်း၏ဝေယျဝစ္စအလုပ်များ သိပ်ခိုင်းရတာကို
မတွေ့ရပါ။ ထိုကြောင့်ကပ္ပိယလည်းမဆိုသာ။ ဘုန်းကြီး ကျောင်းသားဟုလည်း မဆိုနိုင်ခြင်းဖြစ်ပါသည်။
သို့သော်လည်း ကျွန်တော်တို့ရွာတွင်တော့ ကျော်ငွေနှင့် ပတ်သက်သော ပြောစမှတ်တစ်ခုတော့ပေါ်ခဲ့ဖူးပါလေသည်။
အေးစေတီတောင်ကျောင်းဆရာတော်မှာ
ကျောင်းတွင် အအားနေနေတတ်သော ကျော်ငွေအား အကျိုးလေးတစ်စုံတစ်ရာရှိစေရန် စာတတ်စေချင်သည်။
ထို့ကြောင့်စာသင်ပေးရန်လည်း ကြိုးစားဖူး ပါသည်။ ဦးနှောက်က မပြည့်တပြည့်လေးမို့ ၀လုံးတစ်မျိုးတည်းကိုပင်ရအောင်သင်ရန်
ကြိုးစားရပါသည်။ သည်မှာ ကျော်ငွေ၏ဒုက္ခက “၀” ရွတ်မရခြင်းဖြစ်ပါသည်။ စကားကိုကျတော့ ထစ်ထစ်ဖြစ်သည်မှအပ
ပြောရနေပါလျှက် “၀” ကိုကလုံးဝရွတ်ခိုင်း၍မရ။ ဆရာတော်က ကြိမ်တစ်လှည့် လေပြေတစ်လှည့်ဖြင့်
ဝလုံးရွတ်ခိုင်းသော်လည်း ကျော်ငွေမှာကား “၀” ကို မရ ရေးချမရ လုံးဝရွတ်မရရှာပါ။
သည်မှာဆရာတော်ကကြံပါသည်။
ကျော်ငွေအား ဆွမ်းစားကျောင်းဆောင်ခေါ်သွားပြီး ထမင်းအ၀ ကျွေးပါသည်။ ကျော်ငွေဝလောက်သောအခါ
“ဟဲ့ကျော်ငွေ ၀ ပလား” မေးတော့ ကျော်ငွေပြန် ဖြေပုံက “ဟင့်တင့်ကြီး (အင့်တင့်ကြီး)ပါဘုရား”
ဟုဖြစ်လေသည်။ ဆရာတော်က မကျေနပ် ထပ်ကြိုးစားပြီး ကျော်ငွေကို စားခိုင်းပြန်ပါသည်။ ပြီးတော့
“ကျော်ငွေ ၀ ပလား”လို့ ထပ်မေးပြန်ပါသည်။ ကျော်ငွေကလည်း “ဟင့်တင့်ကြီးပါဘုရား” ပဲဖြေသည်။
ဆရာတော်လက်မလျှော့။ ကျော်ငွေကို ထပ်စားခိုင်းပြန်ပါသည်။ “၀ ပလား” မေးတော့လည်း ကျော်ငွေ၏ဖြေမြဲက “ဟင့်တင့်ကြီး”
ပဲဖြစ်ပါသည်။ နောက်ဆုံး ဟင့်တင့်ကြီးဖြင့် ဇွဲကောင်းသော ကျော်ငွေကို စားပိုးမနင့်ခင်ဆရာတော်ဘုရားကပဲ
လက်လျော့လိုက်ရပါတော့သည်။ သည်အခါမှစ၍ ကျွန်တော်တို့ရွာလေးတွင်လည်း မထွေးနိုင်မမြိုနိုင်
မအီမလည်အဖြစ်များကြုံရလျှင် ကျော်ငွေလိုပဲ ဟင့်တင့်ကြီးလို့ ပြောစမှတ်တွင်ခဲ့ပါတော့သည်။
ကျွန်တော်တစ်ရက်တွင်
မြနန္ဒာဂျာနယ်တိုက်၌စာမူခထုတ်တော့ The Nation သတင်းဂျာနယ် တစ်စောင်လက်ဆောင်ရပါသည်။ စာမျက်နှာ-၁၅
ပြည်တွင်းဆောင်းပါးကို ဂရုတစိုက်ဖတ်ဖြစ်ပါသည်။ “တစ်ကယ်ပြောင်းလဲနေရဲ့လား…..... နေဘုန်းလတ်ရေ”
ဆိုတဲ့ ဆရာအောင်ချစ်ရဲ့ ဆောင်းပါးဖြစ်ပါသည်။ ကျွန်တော်စိတ်ဝင်စားစွာ ဂရုစိုက်ဖတ်မိခြင်းမှာ
ကျွန်တော်က နေဘုန်းလတ်၏ပရိတ်သတ်ဖြစ်ပြီး သူ့စာတွေ ကို တော်တော်သဘောကျခြင်းကြောင့် နေဘုန်းလတ်အားဝေဖန်သောဆောင်းပါးဖြစ်၍
ဂရုထားမိခြင်းလည်း ဖြစ်ပါသည်။
နေဘုန်းလတ်၏
“ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်” စာအုပ်ထဲက “လူနှင့် ခေတ်သစ်ဘီလူး” “ဘီလူးတစ်ကောင်ရဲ့ကကြိုး”
“သက်ရှိကွက်လပ်များ” “မင်းသား၊ လက်ခုပ်သံများနဲ့ ကိုယ်ဝင်ကြည့်ခဲ့တဲ့ ဇာတ်ပွဲ” တို့ကိုကျွန်တော်စွဲခဲ့ဖူးသည်။
အနည်းငယ်လောက်ကျွန်တော်စွဲခဲ့တဲ့ နေဘုန်းလတ်စာတွေကို မြည်းကြည့်ကြပါဦး “လူနှင့် ခေတ်သစ်ဘီလူး”မှာ
“ငါ
မစားကောင်းတဲ့အသီးကို စားခဲ့မိလို့လား။ ငါ မသောက်ကောင်းတဲ့ရေကို သောက်ခဲ့မိလို့လား။
ဒါမှမဟုတ် ငါ့ရဲ့ ဒုတိယဆုတောင်းကပဲ မှားခဲ့တာလား”.….တဲ့။ နောက်ထပ် “ဘီလူးတစ်ကောင်ရဲ့
ကကြိုး” မှာတော့
“သူသိခဲ့ဖူးတဲ့
ဘီလူးက ကတဲ့အခါမှာတောင် လက်သီးလက်မောင်းတန်း၊ သန်လျက်ကြီးတရမ်းရမ်း နဲ့ လောဘ ဒေါသမာန်မာနတွေကို
အထင်းသားမြင်ရနိုင်တဲ့ အကွက်တွေနဲ့ ခြေတဆောင့်ဆောင့် ကတတ်သူ။ အခုတော့ သူကနူးညံပြေပြစ်စွာ
ကလို့။ လှပပျော့ပျောင်းစွာ ကလို့။ သူ့အတွေးတွေ ဒွိဟတွေနဲ့ ဖရိုဖရဲဖြစ်နေပေမယ့် ဘီလူးကတော့
ကကောင်းနေတုန်း။ ဘာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတာ ကတော့သေချာတယ်”……လို့ ဖွဲ့ပြခဲ့တဲ့နေဘုန်းလတ်။
စာတွေအော်ကျက်နေရမယ့်
မင်းတို့နှုတ်ဖျားက
တူးတီပေါ့ကျတဲ့
တာမွေ
တာမွေတစ်ယောက် ၁၅၀ိ/- ပဲတဲ့
ညီလေးရယ်
ဝမ်းရေဆိုတဲ့ စကားလုံးအောက်မှာ
မင်းတို့ရဲ့
အနာဂတ်တွေ ပျောက်
မင်းတို့ရဲ့
စိတ်ထဲမှာတော့
ငွေစတွေကသာ
မင်းတို့ဘ၀တွေရဲ့ တည်ဆောက်ရာပေါ့လို့……………စခဲ့ပြီ။
စာသင်ကျောင်းတွေက
မင်းတို့ကို မျှော်နေတယ်
ကျောင်းတက်ခေါင်းလောင်းသံက
မင်းတို့ကိုခေါ်နေတယ်
ဆရာ
ဆရာမတွေက မင်းတို့ကိုမျှော်နေတယ်
စာသင်ခုံတွေက
မင်းတို့ကိုခေါ်နေတယ်
နိုင်ငံရဲ့အနာဂတ်ကို
မျိုးဆက်သစ်တွေရဲ့
လက်ထဲကိုအပ်ဖို့
လူကြီးသူမတွေခမျာလည်း
မျက်ရည်စို့စို့နဲ့
မင်းတို့ကိုမျှော်လင့်နေကြရဲ့.…….လို့
“သက်ရှိကွက်လပ်များ” ဖြင့် ရင်ထဲနင့်သွားစေတဲ့ နေဘုန်းလတ်။
“မင်းသား၊
လက်ခုပ်သံများနဲ့ ကိုယ်ဝင်ကြည့်ခဲ့တဲ့ ဇာတ်ပွဲ” မှာ “ကိုယ်အားပေးမယ့် မင်းသားဟာ ရုပ်သေးရုပ်မဖြစ်ဖို့တော့
လိုမယ်၊ နို့မို့ဆို လက်ခုပ်သံတွေ နှမြောဖို့ ကောင်းပါတယ်လို့”………ရွှေရောင် အနားလေးတွေ
ကွပ်တတ်တဲ့ နေဘုန်းလတ်။
သည်လို
ကျွန်တော်နှစ်ခြိုက်ခဲ့ရတဲ့ နေဘုန်လတ်ကို “တကယ်ပြောင်းလဲနေရဲ့လား” လို့ ဆရာအောင်ချစ်ကဆိုလိုက်တော့
ကျွန်တော်ပြူးရပြဲရသည်။ နေဘုန်းလတ်သတ်မှတ်တဲ့ အပြောင်အလဲ (၇)ချက်ကို ကိုင်ထားတဲ့ဝှက်ဖဲချပ်တွေနဲ့
ထုတ်ပြလိုက်ပြီး “ဒီမိုကရေစီဆိုတာပြည်သူ့ဆန္ဒကို အလေးထား အသိအမှတ်ပြုတဲ့ ပြည်သူဆန္ဒနဲ့အညီရွေးကောက်
တင်မြောက်ခံရတဲ့အစိုးရတွေကိုသာ ကြိုက်နှစ်သက်တဲ့ နည်းလမ်းပါ။ မနေ့က အာဏာရှင်ဖြစ်ခဲ့ပြီ
ဒီနေ့ ဒီမိုကရေစီအရေးကြွေးကြော်နေတာ ဘာကြောင့်ဆိုတာ နှိုင်းနှိုင်းချိန်ချိန် တွေးကြည့်သင့်ပါတယ်။
ဆိုရှယ်လစ်ခေတ်တုန်းကလဲ ဟိုနားဆိုရှယ်လစ် ဒီနားဆိုရှယ်လစ်။ ပြည်သူ့အတွက် နိုင်ငံဆိုတဲ့
ဆိုင်ဘုတ်တွေနဲ့ တစ်မိုးလုံးဖျောက်ဆိပ်ပေါ့။ အခုလဲ ဒီမိုကရေစီ ကြွေးကြော်သံတွေလှိုင်လှိုင်အော်နေကြတော့
ပြည်သူတွေရဲ့ဘ၀ဟာလည်း ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေကြတာပါ” “ကျူရှင်ကူမှထရတဲ့ ပညာရေးစနစ်နဲ့ ငွေကြေးကူမှလူလိုဆက်ဆံတဲ့
ကျန်းမာရေးစနစ်တို့ ကတော့ အပြောင်းအလဲမရှိသေး” ဆိုပြီး ဆရာအောင်ချစ်လုပ်ချသွားလိုက်တာ
ကျွန်တော်ခပ်တုံးတုံးကောင် တောင် အိပ်ငိုက်တုန်း သံပရာသီးစားလိုက်ရသလို မျက်စိလည်တွေပြေချင်ချင်ဖြစ်သွားရတယ်။
(၁၁.၁၁.၂၀၁၂)နေ့
မနက်၇နာရီ ၄၂မိနစ် ၃၇စက္ကန့်တွင် ရွှေဘိုမြို့ကိုဗဟိုပြု၍ ရစ်ခ်ျတာ စကေး(၆.၈)အဆင့်ရှိသော
အင်အားပြင်းငလျင်လှုပ်သွားလိုက်တာ ဘုရားတွေပြို၊ ကျောင်းတွေပြို အိမ်တွေပြိုပေါ့။ လှုပ်ခါတဲ့
အားကလည်းပြင်းတာကိုး။ သည်လိုငလျင်တွေလှုပ်ပြီဆိုရင် အမေကတော့ “မင်းပြောင်းမင်းလွှဲရှိတတ်တယ်”လို့
ပြောနေကျ။ အကြာကြီးမပြောင်းလွှဲပဲရှိခဲ့တဲ့ တစ်ခေတ်တစ်ခါကတော့ အမေသည်လိုပြောတိုင်း ကျွန်တော်တို့က
လေလှိုင်းသံလူသတ်သမားရဲ့ ပရိသတ်အမေ့ကို “အမေ့ငလျင်က ထိုင်ခုံတွေကိုတော့မလှုပ်ပါဘူးအမေရာ”
“အမေ့ရေဒီယိုကြီးကသည်လောက်ရန်တိုက်ပေး၊ သွေးထိုးပေး နေတာတောင်မလှုပ်တာ” လို့ စတော့ အမေက
“ဘယ်အရာမှမမြဲပါဘူး သားရယ်” လို့ အေးအေးလေး ပြန်ဖြေနေကျ။ အမေပြောတဲ့ မမြဲခြင်းတရားကတော့
အခုလတ်လတ်ဆတ်ဆတ်ကြီးကို ထထင်တော့သည်။ ၇နာရီ ၄၂မိနစ်မတိုင်ခင်ကအကောင်း။ အခုတော့ အုတ်ပုံတွေ၊
အပြိုအပျက်တွေ၊ မြေအက်ကွဲကြောင်း ကြီးတွေ။ သေသေချာချာခိုင်ခိုင်မာမာ ဆောက်မထားတဲ့ အဆောက်အအုံတွေ
အစေးဓါတ်ချို့တဲ့ တဲ့နံရံတွေ ပြိုကျ။ သက်တမ်းရင့်ဖျက်သိမ်းသင့်တာတွေ ဆက်သုံးတော့ ဖရိုဖရဲပြိုလဲပျက်ဆီး။
အန္တရာယ်ရှိ အဆောက်အဦးလို့ သတ်မှတ်ခံရ။ “မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်တို့ဖြင့်တည်ဆောက်အံ့”
ဆိုသော်ငြားလည်း အရည်အသွေးကောင်းသော အုတ်သစ်အုတ်စစ်ဖြစ်ဦးမှ။ ဟန်ဆောင်မထားတဲ့ အင်္ဂတေစစ်များများသုံးဦးမှ။
ဆောက်သည့်နည်းပညာ ကြွယ်ဝဖို့ကလည်းရှိသေး။ အင်္ဂတေဖျော် အုတ်စီတတ်တာလောက်နဲ့ အာစီတိုက်တက်ဆောက်လို့ကတော့
ရစ်ခ်ျတာစကေး(၆)(၇)လောက် မပြောနဲ့(၄)(၅)လောက်နဲ့တင် ဘုံးဘုံးလဲတယ်။ ဒီမှာပညာရတာက နှစ်တွေရှည်ကြာ
အိပ်ပျော်နေပါတယ် ဆိုတဲ့ မဟာပထ၀ီမြေလွှာကတောင် ငြီးငွေ့လို့အညောင်းဆန့်လှုပ်ခါချရင် အဟောင်းတလယ်လယ်တွေ
သာခွေယိုင် ကျတာဆိုတာပါဘဲ။
ပြောသာပြောနေရတာ
သံသယဖြစ်မိတာက အခုသည်ရွှေဘိုငလျင်ကြီးက တစ်ရာအစိတ်လောက် ကိုမှထိအောင်လှုပ်နိုင်ပါ့မလားလို့။
အပြင်ကခုနှစ်ဆယ့်ငါးမှာကလည်း ဆေးတို့ထား၊ ဆေးစိမ်ထားတဲ့ အခွံလှသလောက် အတွင်းစိမ်းသီးတွေက
ခပ်များများ။ သည်အထဲမှာ မှည့်တဲ့ခေါင်သီးကတော့ ၀င်းဝါပြီး ချိုမြပြနေပြန်တော့ “ရွှေဘိုငလျင်ကြီးရေ
ဟင့်တင့်ကြီးဗျနော်” လို့ပဲ ပုဆိုးအောက်နားစလေး အသာမပြီး ငိုချင်းသာချလိုက်ချင်ပါတော့ရဲ့။
No comments:
Post a Comment