Pages

Monday, January 21, 2013

မြနန္ဒာဂျာနယ်အတွဲ-၂၊ အမှတ်-၂မှ “ကွယ်ထောင့်လေးများရဲ့ ဒုတိယဝေဒနာ” ကွယ်ထောင့်လေးတွေမြင်တတ်ဖို့ပေါ့ဗျာ



“ကွယ်ထောင့်များရဲ့ဒုတိယဝေဒနာ”
ကျွန်တော် မြနန္ဒာဂျာနယ်တွင် “ကွယ်ထောင့်လေးများ”ရေးပါသည်။ အသံတွေ စီစီညံညံ ထွက်လာ သည်။ “ဟဲ့ အတွင်းကျကျမသိဘဲမရေးနဲ့ လာမေးပါလား” “ငါတို့ထောင့်တွေ မပါသေးဘူး” “ဂျာနယ်ပြန်ရှာ ပေးပါလား သိမ်းထားချင်လို့” စတာတွေနဲ့ အိမ်လိုက်လာသူကလိုက်လာသည်။ ကျွန်တော် မနေသာတော့။ သူတို့ကို နှစ်သိမ့်ရင်း ဒုတိယဝေဒနာကို အကောင်အထည်ဖော်စရာရှိလာပါတော့သည်။ အမှန်တော့ “ကွယ်ထောင့်လေးများ” ရဲ့ အဆက်ဟုသာယူဆစေလိုပါသည်။ ကွယ်ထောင့်တွေ ခံစားနေကြရတာများ ဖြစ်သဖြင့် “ကွယ်ထောင့်များရဲ့ဒုတိယဝေဒနာ” ဟုခေါင်းစဉ်ပေးထားပါသည်။ ကျွန်တော့်ကိုယ်ကျွန်တော်တော့ ဆူးလှည်းကြီးဟုသာခံစားရပါသည်။
ကိစ္စတစ်ခုအတွက် ဌာနတစ်ခုသွားရာတွင် ၀င်တွေ့ရမည်ဟူသော အကြောင်းကြီးတစ်ရပ်ပေါ်လာ၍ အရွယ်နှင့်ဆိုင်းဘုတ် မမျှမတတပ်ထားသောအခန်းတွင်း ရောက်သွားရလေသည်။ ဆိုင်းဘုတ်အရ အရာရှိဟု သိလိုက်ရသော်လည်းနှစ်ဆယ်စွန်းစွန်းသာ။ ထိုအရာရှိလူငယ်ရှေ့မှောက်မှာက လေးဆယ်ကျော်ငါးနှစ်စွန်းမည့် စတစ်ကော်လာအဖြူနွမ်းမသပ်မရပ်နဲ့ မတ်တတ်လူကြီးတစ်ယောက်။ တပ်ထားသောမျက်မှန်ကိုင်းနှင့် ဝတ်ထားသောရုံးတက်ဝတ်စုံအရတော့ စာရေးကြီး (သို့မဟုတ်) ရုံးအုပ်လောက်ဟု ခန့်မှန်းရသည်။ ကျွန်တော့်ကိုဆွဲဆောင်သွားစေနိုင်တာက သူတို့နှစ်ဦးကြားက အပြန်အလှန်စကားတွေနှင့် ထိုအရာရှိလူငယ် အား မတ်တတ်လူကြီးက တပ်တပ်ခေါ်နေရသော နာမဝိသေသန တစ်ခုကြောင့်လည်းဖြစ်သည်။
“ကျွန်တော်တို့ လုပ်နေကျက ဒီအတိုင်းပါ၊ လုပ်ထုံးလုပ်နည်းအရ ရှင်းပြရရင်……” ဒီလူကြီး၏စကားက ဆက်မရ။ အရာရှိလူငယ်ဖြတ်ပြောလိုက်သောလေသံတွင် မောက်မာသံတွေအပြည့်ပါနေသည်။
“ခင်ဗျားတို့ကခက်တာပဲ၊ ကျွန်တော်ကဒီလိုဆို ဒီလိုလုပ်လိုက်ပေါ့ဗျာ၊ ဘာလုပ်နေကျလဲ၊ ဘာလုပ်ထုံး လုပ်နည်းလဲ” “ကျွန်တော်တို့ဆီမှာတုန်းက ခင်ဗျားတို့လိုလူမျိုးတွေမရှိဘူး၊ ဒါအမိန့်ဘဲ”
မတ်တတ်လူကြီးခမျာ ရှက်ရွံ့သိမ်ငယ်ခြင်းတွေပေါ်တွင် အနည်းငယ်သော မာနအစွန်းအရိပ်တွေကို ဖိသိပ်ထားရင်း ပန်းသွေးရောင်အရိပ်တွေက မျက်နှာမှာလျှပ်ပြေးလို့။
ထိုအရာရှိလူငယ်၏နောက် မျက်စီရောက်သွားသောအခါ “ပြန်လည်သတင်းပို့ပါ” ဆိုသော စာလုံး မည်းမည်းကြီးတွေချိတ်ဆွဲထားသည်။ ကြုံနေရတာနဲ့အပြင်အဆင်တွေအရ ကျွန်တော့်ကိုယ် ကျွန်တော်ပင် ရှေ့တန်းစခန်းရောက်သွားသလိုခံစားလိုက်ရသည်။ “ကဲဟိုပုဂ္ဂိုလ်ဆို” ဆိုမှ ကျွန်တော့်ကိုရည်ညွှန်းမှန်း သိလိုက်ရပြီး ကျွန်တော့်အရွယ်နှင့်သူ့အသက်အားလည်း အပြေးအလွှားချိန်ခွင်ထဲထည့်စဉ်းစားမိခဲ့သေးသည်။
တစ်မနက်တွင် လက်ဖက်ရည်ဆိုင်ထိုင်ဖက် မိတ်ဆွေစာရေးကြီးက လုပ်သက်ပြည့်ပင်စင် ယူတော့မည်ဖြစ်ကြောင်း ကြေညာသည်။ ကျွန်တော် အတော်အံ့သြသွားရသည်။ သူ့ကိုတွေ့ခါစက သူသည် အလုပ်ကိုချစ်သူ၊ စည်းစနစ်ကို မြတ်နိုးသူ၊ အတွေ့အကြုံကို တန်ဖိုးထားသူဖြစ်သည်။ ညနေ(၆)နာရီကျော်မှ ရုံးဆင်း၊ စနေတစ်နေကုန်လာ ရုံးတက်သူလည်းဖြစ်သည်။ သူပင်စင်ယူသွားလျှင် သူ၏အလုပ်ကိုချစ်မြတ်နိုးမှု၊ သူ့အတွေ့အကြုံ၊ သူ့လုပ်ငန်းနိုင်နင်းမှုတွေပါ တစ်တွဲတည်း ပင်စင်ယူကြတော့မည်။ သူ့အသက်အရွယ်က နိုင်ငံတော်အတွက်များစွာကျန်နေပါသေးသည်။ နှမျောစရာ။ ပြန်ခါနီး ကျွန်တော့်ထံပါးသွားသော သူ့ကြေကွဲ စကားက “မခံစားနိုင်တော့ဘူး၊ ဂါရဝတရားတွေ ဆိတ်သုန်းကုန်ပြီ” တဲ့။
ကတော်တပ်အခေါ်ခံရတာအတန်ကြာခဲ့ပြီးသော အဒေါ်တစ်ယောက်ကတော့ “သားရေ အန်တီတို့က ကျွန်ဝယ်ရာ အဆစ်ပါကြတာဟဲ့”တဲ့။ ကိုယ့်အိမ်ဦးနတ်ထက်တန်ခိုးထွားတဲ့ အထက်ဆရာများကတော်တွေကို မမခေါ်ရ။ အိတ်ဆွဲလိုက်ရ။ သနပ်ခါးသွေးဆက်ရ။ ဘေးက ယပ်တော်သွင်းခဲ့ရတာတွေ အတော်စိတ်နာ လာပုံရသည်။ ကိုယ့်လူကြီးကကားစီးရင် ကိုယ်လည်း လိုက်ဝယ်စီးလို့ရတာမဟုတ်ဘူး။ ကိုယ့်လူကြီး၄၂လက်မ ၀ယ်ရင် ကိုယ်က၁၇လက်မလောက်ဝယ်။ ကိုယ့်ဆရာအိမ် စကိုင်းနက်တပ်ရင် ကိုယ်ကနီပန်လောက်ပဲတပ်။ ကိုယ့်မမက ဆွဲကြိုးဝတ်ရင် အမေအမွေပေးတဲ့ဘတ်ကြိုးလေးဖွက်ထားလို့ တိတ်တိတ်ကြိတ်ဆုံးမထားတော့ ကိုယ့်ပစ္စည်းနှင့်ကိုယ်အကုသိုလ်များနေရတာတွေကိုလည်း စိတ်ကုန်လာပုံရသည်။
“သူတို့က အဋ္ဌာရသအတတ်ကုန် သင်လာတာမှမဟုတ်ဘဲဗျာ၊ အမှန်တော့သူတို့အရပ်သူတို့ ဇာတ်ဘဲ ကိုက်ပါတယ်၊ နေရာတစ်ကာ ၀င်ပါပြီး ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာဘဲ လိုတယ်လုပ် နေတာအံမ၀င်ဘူးဗျ၊ အလုပ်မဖြစ်နိုင်တဲ့ကိစ္စမျိုးများ ကိုယ်က သိနေလို့ ပြန်ပြောလိုက်မိ ရင် ပြောင်းပစ်လိုက် ရမလားဆိုတာကအရင်ဆုံး၊ ကိုယ့်အနေအထားလေး ပျက်သွားမှာစိုးလို့ တောင့်ခံထားရတာ” ဆိုသူတွေက ဆိုလာသည်။ တစ်ဖက်ကအငြိမ်းစားလာသောအရာရှိထိုင်နေသည့်အခန်းနှင့်ကပ်လျက် ရုံးခန်းထဲရှိ အလုပ်စာပွဲ များ မျက်နှာစာတည့်တည့်နံရံပေါ်၌ “လုပ်နိုင်လျှင်လုပ် မလုပ်နိုင်လျှင်ထွက်” စာလုံးမည်းမည်းကြီးတွေ ကပ်ထားတာလည်းတွေ့ခဲ့ရဖူးသည်။ “ကျွန်တော့်တို့လင်မယားနှစ်ယောက် လခစားချည်းပဲ၊ ခလေးက နှစ်ယောက် တစ်ယောက်ကငါးတန်း တစ်ယောက်ကနှစ်တန်း၊ မိန်းမကနယ်ပြောင်းအော်ဒါထွက်တယ်၊ အဖေအမေသက်ကြီးရွယ်အိုတွေနဲ့ အခြေပျက်သွားလို့ သွားတောင်ပန်တော့ ဒါဆိုမင်းနဲ့လဲပြီး ပြောင်းတဲ့၊ ဘာထူးမှာလဲကိုကြီးရာ စိတ်ဓါတ်ကျတယ်ဗျာ” လို့ ကျွန်တော့်ထက်အသက်ကြီးပေမယ့် ကျွန်တော့်ကို အစ်ကိုကြီးလို့ခေါ်ပြီး တိုင်တည်ပြောတတ်သူ ကျွန်တော့်အစ်ကိုကြီးတစ်ယောက်အတွက်လည်း ဘေးက ၀မ်းနည်ပေးခဲ့ရသည်။ “ကျွန်မတော့လေ တန်းတူအခွင့်အရေး ဘယ်တောင်းရမှာလဲလို့ စဉ်းစားနေတယ်” ဆိုတဲ့ အပျိုကြီးစာရေးကလည်း သည်လိုကြေကွဲသေးသည်။ “ခိုင်းတော့လူလွတ်မို့လို့ ပိတ်ရက်တွေပါ ရုံးတက်ပေးပါတဲ့၊ လွတ်နေတဲ့လိုင်းခန်းလေးနေခွင့်ပေးပါဆိုတော့ အိမ်ထောင်ရှိလို့လားတဲ့ သိရဲ့သားနဲ့ မေးတာဟယ် ယောင်္ကျားတောင် နေ့ချင်းကောက်ယူရတော့မလားဘဲ အခန်းလေးနေရဖို့လေ” လို့ သူက ဆက်ပြောသွားသည်။
တစ်ခါက ကာတွန်းတစ်ကွက်အား အမှတ်ရမိသွားသည်။ ငါ့ဆရာကို အထက်ဆရာကြီးကနိုင်၊ ငါ့ဆရာက ငါ့ကိုနိုင်၊ ငါက ငါတို့အိမ်ကခွေးကြီးကိုနိုင် ဆိုတဲ့ကာတွန်းကွက်လေးဖြစ်ပါသည်။ အဆင့်လိုက် အာဏါပြအုပ်ချုပ်ရသော စနစ်တစ်ခုကို သင်တန်းကျောင်းတစ်ခုတွင် တွေ့ခဲ့ရဖူးပါသည်။ အထက်အမိန့်ကို အဆင့်ဆင့်လေးစားတတ်စေရန် လေ့ကျင့်သင်ကြားထားပေးခြင်းဖြစ်ပါသည်။ ဒါကသင်တန်းကျောင်းတွေ အတွက်နှင့် အမိန့်နှင့်မှ လိုက်ပါလှုပ်ရှား၍ ရနိုင်သောတပ်ဖွဲ့များအတွက်သာအကျိုးရှိပါလိမ့်မည်။ တစ်သက်လုံးကုန်းလုပ်ကျုံးလုပ်ဌာနနှင့်အတူ ဆိုးတူကောင်းဘက် လက်တွဲမဖြုတ်စတမ်း လုပ်လာကြသော ၀န်ထမ်းတွေအပေါ် လက်အောက်ငယ်သားတွေလို အော်ငေါက်ဆက်ဆံတာတွေနှင့် ထားရာနေစေရာသွား ခိုင်းနေတာတွေ ဖေါဖေါသီသီကျင့်သုံးလို့မရနိုင်ပါ။ ပြင်ပပုံမှန်လည်ပတ်နေကြသော လုပ်ငန်းများတွင် အမိန့်တွေချည်းစွတ်သုံးနေလျှင် ခံစားချက်တွေများပြီး ကိုယ့်ဌာနကိုယ့်အလုပ်အပေါ်ချစ်စိတ်တွေ ဆိတ်သုန်း သွားနိုင်ပါသည်။ အမိန့်များကြောင့် ကြောက်ရသူကိုဖား ခြောက်၍ရသူကိုဖိထားတတ်သော ဘေးထွက် ဆိုးကျိုးများလည်းထွက်သည်။ အမိန့်ပေးနိုင်သောနေရာရအောင် တွန်းတိုက်တက်ကြသော ကြိုးပမ်းမှုတွေ ပေါက်ဖွားသောအခါ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်အနာတရတွေဖြစ်သွားတတ်သည်။ အမိန့်ပေးနိုင်သော အခါ ခိုင်းရင်အကုန်လုပ်ကြတာဘဲဆိုပြီး အဆီတွေလည်းရစ်တတ်တော့သည်။
“အစွယ်လိုသူမိဖုရား အသွားစေသူမင်းဧကရာဇ် လေးပစ်သူကဘုရားကျွန်တော် ဆိုတာမျိုးက ကျွန်တော်တို့ဘ၀တွေမှာကနေ့တိုင်းဗျ” “ဖန်းဆိုတာမျိုးက ကျွန်တော်တို့သုံးဖို့မဟုတ်ဘဲရှာထားရတာ” “အရေးပေါ်လိုလာရင် ဒါမရှိရင်ဘာနဲ့သုံးမလဲ၊ ဆိုပါတော့ ဖုန်းပျက်ရင် ဖက်စ်ပျက်ရင် ကွန်ပြူတာပျက်ရင် ကားပျက်ရင် ဘယ်ဘတ်ဂျက်ကမှကြိုချမထားဘူး သည်ဖန်းထဲကထုတ်သုံးရတာ ဒါကောက်ထားတာမရှိရင် သေရော ဖုန်းပျက်လို့ ဖက်စ်ပျက်လို့ ကားပျက်လို့ ဆက်မရပို့မရင်၊ ကြိုစရာသွားစရာကားမရှိရင် အသုံးမကျဘူးဆိုပြီးထုရော မတော်ရင်နယ်လွင့်ရော ဆရာတွေကကြောက်ကြတော့ ကျွန်တော်တို့ကို ကောက်ခိုင်းရော” “ခရီးစဉ်တစ်ခုအတွက် ဘယ်ဘတ်ဂျက်မှချမထားဘူး၊ ကိုယ်ဆီလာတော့ ကိုယ်နည်း ကိုယ့်ဟန်နဲ့ဧည့်ခံရတာ ဒါက ခေါက်ရိုးကြိုးလာတဲ့ဂါရ၀တရား၊ ဘယ်ခေတ်ဘယ်အခါတုန်းကမှ ထမင်းထုပ်နဲ့ လာတာမရှိဘူး” “ကိုယ်ဆရာများကလည်း သူထက်ငှာ အပြိုင်အဆိုင် အလုအယက်ဧည့်ဝတ်ပြုကြတော့ ဒါမရှိရင် ရပ်တည်လို့မရဘူး” “အခုတစ်လော ဟိုဟာမကောက်ရဘူး သည်ဟာ မကောက်ရဘူးဆိုတာ ရှိလာတော့ ကောက်လို့တိုင်ရင် ကျွန်တော်တို့ကအရင်ထိတာဗျ” “ဘယ်ဌာနက ဘယ်သူက ဘယ်လောက် ကောက်နေတာလေဆိုတာမျိုးသတင်းကထွက်ကရော” “ပြည်သူတွေကတော့ နိုင်ငံတော်လစာစားပြီး အလှူငွေ ကောက်နေတယ်ဆိုပြီး မကြည်ဖြူကြဘူး၊ တကယ်တော့ငထွားကအမြဲခါးနာရတယ်” ဒါကအောက်ခြေ၀န်ထမ်း တစ်ယောက်ရဲ့ ရင်နာနာနဲ့ဖွင့်ချတဲ့စကား။
ကျွန်တော်တို့၏ပုံရိပ်သံမဏီလိပ်ပြာကတော့ ယခင်က သူမဆိုရှာသောစကားကို ဆိုချေပြီ။ “ကျွန်မအာဏါလိုချင်တယ်” တဲ့။ နိုင်ငံရေးအာဏါရမှ အစိုးရအာဏါရမှ လုပ်ချင်တဲ့ကိစ္စတွေ နိုင်ငံအတွက် လုပ်ပေးနိုင်မှာမို့လိုချင်တယ်လို့ပြောရှာလေသည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျွန်မလည်းပြည်သူတွေထဲက ပြည်သူတစ်ယောက်ပဲ” တဲ့ဗျာ။ သူ့ခရီးစဉ်တွေအတွင်း တရားမျှတမှုမရှိခြင်း၊ အခွင့်ထူးခံများ၏ နိုင်ထက်စီးနင်းပြုလုပ်နေခြင်း၊ အာဏါပိုင်များဘက်မှ မတော်မတရားပြုနေခြင်းများရှိသည်ကို သိသွားရှာ လေသည်။ နိုင်ငံတွင်းတရားဥပဒေစိုးမိုးရေးလိုအပ်နေပြီး ပြည်သူများမှ မိမိတို့ရင်ဆိုင်နေရသည့်ပြဿများကို ရဲရဲဖော်ထုတ်ကြရန် တိုက်တွန်းသွားလေပြီ။
မြစ်တို့သည်အဖျားတွင် အားကောင်းမောင်းသန်စီးကြသလောက် မြစ်ညှာတွင်တော့ အီအီလေးလေး နှင့်စီးကာ နှုံးအနယ်အနှစ်များ၊ အမှိုက်များ၊ ဒိုက်များကိုပို့ချကြပါသည်။ တစ်ခါတစ်ခါ စာတစ်တန်ပေတစ်တန် လာတတ်တာတွေသည် အဆင့်ဆင့်ဖြတ်သန်းလာပြီးသောအခါ နောက်ဆုံးဝင်စာဖိုင်တွဲများထဲတွင် အဆုံးသတ် သွားကြပါတော့သည်။ တကယ်တော့ ကွယ်ထောင့်များဟာ အလင်းရောင်ကိုလိုချင်ကြပါသည်။ သူတစ်ကာလို ငွားငွားစွင့်စွင့်လည်းပွင့်လိုကြပါသည်။ ကွယ်ထောင့်များဟာ ကိုယ်၌ကတိုက်မဖြစ်နိုင်ဘူးဆိုတာလည်း သူတို့ ဘ၀လေးသူတို့နားလည်ထားကြပါသည်။ သို့ရာတွင် ကွယ်ထောင့်ဆိုတာ တိုက်အဆောက်အဦးများအတွက် လူမသိသူမသိတစ်နေရာက ထောက်ကန်ထားကြပါသည်။ သို့သော်သူတို့နေရာကား အမှိုက်ပစ်ရန် နှပ်ချေးညှစ်ရန် မဟုတ်သည်ကိုလည်း သူတို့လိုလားကြပါသည်။

မြနန္ဒာအတွဲ-၂၊ အမှတ်-၃ပါ သလ္လာဝတီတိုင်းသို့ရောက်ခဲ့စဉ်က



“သလ္လာဝတီတိုင်းက ရင်လှိုင်းခတ်သံ”
          “ဒေါ်ပုတဲ့…အသက်(၆၀)ကျော်ပြီ…ခြေကျင်လာတာ…မောလည်းမောရမှန်းမသိဘူး…စိတ်ထဲကို နေ့ လည်း အိပ်မပျော်ဘူး၊ အိပ်ရင် ဘုန်းကြီးတွေစိတ်..တောင်ကြီးစိတ်ပဲ…မြေတွေသိမ်းတာ…မြေတွေ သိမ်းရင် လုပ်စားစရာမရှိဘူး…လူတွေတော့ခက်တော့မှာပဲဆိုပြီး စိတ်ထဲထမင်းစားလည်း မမြိန်ဘူး…ဘုတောဘုတော… ဘုတောဘုတောနဲ့…စိတ်ထဲနွေး…ပူနေတာ” “ကမ္ဘာတည်ဦးကတည်းကလုပ်စားတဲ့မြေ” “လာပြီးတော့ မေးဒယ်…အရီးမြေဘယ်လောက်တန်ကြေးရှိသလဲတဲ့…မြေတွေများအကျယ်ကြီးလို့ဆိုဒယ်” “ငတို့က ရှေးရှေး ကတည်းက ကမ္ဘာဦးတည်းကလုပ်စားတဲ့ သည်မြေ…နောက်လည်း အဆက်ဆက် လုပ်စားရမယ့်မြေ…တို့က မြေတန်ကြေးဖြတ်လို့မရဘူးကွ” ဆိုတော့ “ဒါဖြင့်ဗျာ…ကားလမ်းဘေးမြေတွေအပုံပဲ…လုပ်စားကြပါလား… ဒီပိတ်ထားတဲ့မြေမှပြောရသလားတဲ့” “ကျုပ်လဲပြန်ပြောလိုက်ဒယ်…ကိုယ့်အပိုင်းနဲ့ကိုယ်လို့…မင်းခါးမင်းတို့ ဘောင်ဘီ ငါ့ခါးငါ့လုံချည်လို့” ပြောပြနေတဲ့အမေအိုက ဒေါသသံတွေ သောကမာန်တွေအပြည့်။ အသက်က (၆၀)ကျော်။ တစ်ချို့(၆၀)ကျော်တွေ လှတုန်းပတုန်း ဖြီးတုန်းလိမ်းတုန်း ကျော့မဆုံး ဘယ်သူငွေတွေသုံးလို့ အလှချင်းပြိုင်နေမှန်းမသိပေမယ့် အမေအိုကတော့ ပိန်လို့ချုံးလို့။ မာနေသောသူ့အရိုးကပျော့တွဲကျနေတဲ့ မည်းညစ်ညစ်အရေပြားကို လျော့ရဲရဲခြုံထားလေရဲ့။ သူတို့သပိတ်စခန်းက လက်ပံတောင်းကြေးနီ စီမံကိန်း(လုံးဝ)ဖျက်သိမ်းရေးသပိတ်စခန်း ၁၂-၁၂-၁၂က စတင်ခဲ့တာတဲ့။ “မတရား အကြမ်းဖက်နှိမ်နှင်းမှုကို အမြန်ဆုံးထိရောက်စွာ အရေးယူပေးဖို့အရေး ဒို့အရေး…ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံတွေလည်း တွေ့ခဲ့ရသည်။
          “လက်ပံတောင်းသွားမယ်၊ လိုက်နိုင်လား”လို့ ရှေ့နေကွန်ရက်အထက်မြန်မာပြည်က ဆက်သွယ် လာတော့ မဆိုင်းမတွ တုန့်ပြန်မိလိုက်သည်။ သည်ခရီးက ရင်ခုန်စရာ။ ခေါ်တာဘဲချက်ချင်း ကျေးဇူးတင်သွားရသည်။ ကျွန်တော်ရင်အခုန်ဆုံးက ရှေ့နေကွန်ရက်ဆိုတော့ လက်ပံတောင်းနယ်သူ နယ်သားတွေနဲ့တွေ့ခွင့်ရမည်။ သူတို့ရင်တွင်းဖြစ်တွေနားဆင်ခွင့်ရမည်။ လက်ပံတောင်းတောင်ဆိုတာ ကြီးလည်း မြင်ဖူးချင်လှသည်။ ကမ္ဘာကျော် တန်ဆောင်မုန်းလပြည့်ကျော် အာရုဏ်တက်ရင်ပြင်နေရာသို့ လည်း သွားရောက်ဂုဏ်ပြုချင်လှသည်။ လက်ပံတောင်နယ်ဆိုတာ ဘယ်လိုလဲ။ ဘာတွေဖြစ်သွားပြီလဲ။ ဘာတွေခံစားနေရကြလဲ မြင်ချင်သိချင်ကြားချင်လှပြီ။ မီဒီယာတွေရိုက်ပြ တင်ပြနေတာတွေနဲ့ မတင်းတိမ်နိုင် သောကျွန်တော့်စိတ်က လက်ပံတောင်နှင့်မုံရွာနယ်တစ်ခွင်က ပြည်သူ့ရင်လှိုင်းသံတွေကို အလောတစ်ကြီး ဆာလောင် မွတ်သိပ်နေပြီ။ သူတို့ ကိုယ်စိတ်နှစ်ပါး ကျန်းခံ့သာလို့မာပါစ။
          မုံရွာရောက်တော့ နယ်သူနယ်သားတွေတွေ့ဖို့ မုံရွာဗကသက ဦးဆောင်လမ်းပြသည်။ ဗကသဆို၍ ကျွန်တော်တော့ နိုင်ငံရေးသမားကြီးတွေများတွေ့ရပြီလားလို့ တွေးထင်ထားတာ တက်တက်စင်အောင် လွဲပါတော့သည်။ တကယ့်ပကတိ ဖြူစင်ပျိုမျစ်နုနယ်နေသော ညီငယ်လေးတွေ။ သူတို့အချင်းချင်း နောက်ပြောင်တွန်းထိုးနေတာများမြင်ရတော့ ကျွန်တော့်ရင်တွင် ဟိုစဉ်အချိန် ချာတိတ်အရွယ်ကျောင်းနေ တုန်းကဘ၀ကို ပြေးလွမ်းလိုက်ရသလို သူတို့ရင်ထဲက သံန္နိဋ္ဌာန်ကိုလှမ်းမြင်လိုက်ရပြန်တော့လည်း ကျွန်တော် တို့လေလွင့်ကုန်ဆုံးခဲ့ရသော ကျောင်းသားဘ၀တွေကို အားမလိုအားမရ။ ... မြန်မာပြည်ဆိုင်ရာ ....ကျောင်းသားသမဂ္ဂသည် ....ရာဇ၀င်တွင်လောက်ပေသည်... .....တော်လှန်ရာတွင် ရှေ့ကပင်ဦးထိပ်တင် .... သက်စွန့်ကျိုးပမ်း … ထမ်းရွက်ခဲ့ပေသည်..
          ရေကြည်ပင်ရွာဆရာတော်အရှင်ကာရုဏ်ညကတော့ ၁၇ ရက်၊ ၂၂ရက်၊ ၂၄ရက်နေ့တွေမှာ မြေတွေ တုန်ဟည်းပြီး တော်လဲသံကြီးတွေမြည်ကာ ဘုရားစေတီတော်နှစ်ဆူ ကြာမှောက်ကြာလှန်တွေ အက်ကွဲကုန် ပါပြီတဲ့။ ၁၇ရက်နေ့က အင်းအားအပြင်းဆုံး လေးလုံးခွဲလိုက်တယ်တဲ့။ ရေကြည်ပင်ရွာကတော့ ကြေးစင် တောင်နဲ့ မလှမ်းမကမ်းနေရာ။ ရေပုတ်ရွာရောက်တော့ မဏီစည်သူတည်ခဲ့သောဘုရား၊ လေးမျက်နှာ ဘုရားတွေအက်ကာ ရေပုတ်ကျောင်းသစ်ကြီးမှာတော့ သံမံသလင်းအခင်းတွေ အက်ကြောင်းထ ကုဋီကကွဲ၊ ကြွေပြားတွေပဲ့ထွက်နေပါပကော။ ရေပုတ်ရွာကတော့ ကြေးစင်တောင်နဲ့မျက်နှာချင်းဆိုင် ချောင်းခြားနေသော ယမားတစ်ဘက်ကမ်း။ ရေပုတ်ရွာကျောင်းကအမေကတော့ “ရက်စက်တယ်…ရက်စက်တယ် မြေလျင်ကြီး တွေလိုလှုပ်နေတာ…ကြောက်စရာ…ကြောက်စရာ” တဲ့။ လူတွေခြောက်ခြား၊ ကလေးတွေလန့်ငို။ နှစ်ဆင့်ကွဲ သုံးဆင့်ကွဲတွေလို့ သူတို့မကြုံဘူးရတာတွေကို တအံ့တသြရှင်းပြကြပါသည်။
          ပုသိမ်-မုံရွာကားလမ်းဘေး သပိတ်စခန်းကတော့ ကော်မရှင်ရဲ့အဆုံးအဖြတ်ကို စောင့်မယ်တဲ့။ ဒါပေမယ့် ကော်မရှင်စုံစမ်းနေတုန်းမှာ လုပ်ငန်းတွေအကုန်ရပ်ထားပေးဖို့ တောင်းဆိုနေကြသည်။ ဘယ်သူမှ မြှောက်မပေးဘူး အဝေးကြီးကလည်း လာကြတာ… ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်လာတာ…အိမ်ကိုမပြန်ဘူး …ဟိုလူကကြွေး သည်လူကကြွေးနဲ့နေတာ…ညဆိုခွက်ထိုးတွေကလည်းအများကြီး…ခွက်ထိုးဆိုတာစေတနာ ရှိသူတွေက ဒါနချကြတာ” လို့ရှင်းပြပြီး သူတို့လုပ်ရပ်ကိုသူတို့ အားရတက်ကြွနေကြသည်။ အမေအိုကတော့ “တို့တွေကတောသူ…စာလည်း မတတ်ဘူးကွ…စက်မှုပညာလည်း မတတ်ဘူးကွ…စာ မတတ်လည်း မြေနဲ့နွား ရှိ ထမင်းစားရဒယ်…ဟောမုံရွာပွဲရုံတွေသွား ပိုက်ဆံသွားလှည့်ယူ…တလင်းပြတ် သီးနှံထွက်တော့ပေးလိုက် ဒယ်…ငါတောသူ အသံကျယ်သွားခွင့်လွှတ်” လို့အားကြိုးမာန်တက် ပြောသွားလိုက်တာ သူမှာ အသက်တောင် စကားဆုံးမှရှုသွားတယ်။ ပြည်သူကြားကအသံတွေကြားရတာ လာရကျိုးနပ်ပြီလို့ ပီတိလေးတော့ လက်သွား ရပါပြီ။
          ရွှေရောင်တ၀င်းဝင်းနဲ့ ဘုရားစေတီဝင်း၊ အုတ်ရေကန်၊ ဆွမ်းစာကျောင်းနဲ့ နှစ်ထပ်စံကျောင်းအောက် မှာဖူးမျှော်ခံတဲ့ ဆည်တည်းရွာအောင်မြေမြင်သာကျောင်းဆရာတော်ကတော့ ရွေ့ပြောင်းရမည့်ထဲပါနေလို့ မျက်နှာတော်မသာယာရှာပါဘူး။ “မုန်တိုင်းဒဏ်ကိုကျောပေးခံမယ့်တောင်၊ မြေလှိုင်းဒဏ်ကို ကျောပိုး ထားတဲ့တောင်၊ ဒါ့ကြောင့်တောင်ပျောက်မယ့်အရေး STOP” စာတမ်းထိုးထားတဲ့အင်္ကျီ ၀တ်ထားတဲ့ တစ်ယောက်ကတော့ အောင်ဌေးနိုင်။ သူကိုတော့ ဆီထုတ်သွားတုန်း မပြောမဆို ဖမ်းခေါ်သွားတာ ဆင်ဖြူရှင်တံတားထိပ် ရောက်မှာ ရွာကလူတွေ စခန်းမှာလာတောင်းလို့ ပြန်လွှတ်ခဲ့တာပါတဲ့။
          တစ်ယောက်ကတော့ ကျွန်တော်တို့ဆီက နဂိုတုန်းက မြေယာနဲ့ထမင်းစားလောက်တယ်… ပညာတတ်စရာမလိုဘူး… မိဘထားခဲ့တဲ့ မြေယာအတိုင်းလုပ်စားတတ်ရင် ထမင်းဝတယ်…အိမ်ကောင်းကောင်း ဆောက်လို့ရတယ်… အ၀တ်အစား ကောင်းကောင်း ၀တ်လို့ရတယ်… ပစ္စည်းကောင်းသုံးလို့ရတယ်ဆိုပြီး သည်အတိုင်းနေလိုက်တာ… အမှတ်မထင်ပဲ စီမံကိန်းက သိမ်းလိုက်တယ်… သိမ်းလိုက်တဲ့အခါမှာ ပညာမှာ လက်ထဲမရှိဘူး… ရှိတဲ့မြေယာ သူတို့က သိမ်းလိုက်တယ်…မြေယာသိမ်းတော့ ပညာမှာ လက်ထဲမရှိအခါမှာ အလုပ်လျှောက်ဆိုတော့…ကျွန်တော်တို့က ပညာတတ်မရှိဘူးဆိုပြီးတော့မခန့်ဘူး…မခန့်တဲ့ နောက်မှာ အလုပ်လက်မဲ့ ဖြစ်လာတယ်… အလုပ်လက်မဲ့ဖြစ်လာတဲ့ အခါမှာ ကိုယ်ဟာကိုယ် ရှာဖွေစားသောက်ရတဲ့ အချိန်မှာ မလုပ်သင့်တဲ့ အလုပ်ကို လုပ်မိတယ်.. ကိုယ့်သေတွင်းကိုယ်တူးတဲ့အလုပ်ကိုလုပ်မိတယ်…ဒါက လုပ်စားတဲ့သူရဲ့အပြစ်မဟုတ်ဘူး” လို့ ဆိုသွားလေသည်။ ကိုယ့်သေတွင်းကိုယ်တူးတဲ့အလုပ်ဆိုတာ ဒုတ္ထာ ချက်တဲ့အလုပ်ပါလို့ဆက်ရှင်းပြသွားပါတယ်။ ဒုတ္ထာမပေါ်ခင် လူတွေရုပ်လက္ခဏါနဲ့ အခုလူတွေရုပ်လက္ခဏါ ယှဉ်ကြည့်ရင်သိနိုင်ပါတယ်တဲ့။ သူတို့မှာ အရင်ကဆူးထောက်တစ်ချောင်း၊ ခွတစ်ချောင်းနဲ့ ဓါးတစ်ချောင်းရှိရင် လုပ်စားလို့ရပါတယ်တဲ့။ ဖြစ်နေရတဲ့ အရင်းခံ ဇစ်မြစ်ကို မြင်သိကြားခွင့်ရခဲ့ပါတော့သည်။
သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။
သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။
                                                                                   မင်းသုဝဏ်
မြို့တော်မုံရွာက စာရေးဆရာဘဘကြီးအင်ဒါဆင်းက ရှင်းပြတာကတော့“ လက်ပံတောင်းတောင်ကြီး မပျောက်ကွယ်စေချင်ဘူးဆိုတဲ့ အဲ့ဒီဒေသခံလူထုရဲ့ဆန္ဒ၊ ကျွန်တော်တို့မုံရွာကလူထုတွေရဲ့ဆန္ဒ အဲ့ဒီလက်ပံ တောင်ကြီးမပျောက်ကွယ်လိုတဲ့ကိစ္စက ကြေးနီလုပ်ငန်းသာလုပ်ရင် ဒီတောင်ကြီးပျောက်မှာပဲ တော်ကြာ တူးလိုက်ဖော်လိုက် ခုတ်လိုက်ထစ်လိုက်နဲ့ အခုကိုပျက်တဲ့အပိုင်းတွေ ကျွန်တော်တို့ကိုယ်တိုင်လည်း မြင်ခဲ့ရ ပါပြီ၊ ဒီကြေးနီစီမံကိန်းကြီးကိုအဆုံးအထိလုပ်ပြီးရင် အခုလက်ပံတောင်းတောင်ကြီးရှိတဲ့ မြေဧက၁၅၀၀နေရာ က အင်မတန်ကြီးတဲ့ချိုင့်ကြီးပဲဖြစ်သွားမှာ ဘယ်လောက်ကြီးမလဲဆိုရင် ဒီချိုင့်ကြီးဟာအောက်ကို ပေ၁၀၀၀ အနက်လောက်အထိ နက်ဆင်းသွားမှာ အင်မတန်ကြီးတဲ့ ကန်ကြီးတစ်ခုလိုဖြစ်သွားမှာ ဒ်ီတော့ဆက်လုပ်ရင် ဒီတောင်ကပျောက်မှာပဲ ဒါ့ကြောင့်ကျွန်တော်တို့က ဒီစီမံကိန်းကိုလုံးဝဖျက်သိမ်းပေးပါ အဲ့ဒါကျွန်တော်တို့ရဲ့ တောင်းဆိုချက်ပဲ” ဘဘကဆက်ပြောသွားတာက“ကော့ပါးကိုးလ်က မိုးရေထိရင် အက်ဆစ်ဖြစ်တာပဲ၊ သုံးတဲ့ပြုတဲ့ကိစ္စတွေမှာလဲ အက်ဆစ်ကပါတယ် တူးထားတဲ့နေရာမှာ အဆိပ်ရည်တွေကစုမယ် လက်ပံ တောင်းတောင်သည် ချင်းတွင်းမြစ်နဲ့တစ်မိုင်ပဲဝေးတယ် ချင်းတွင်းမြစ်က တစ်ခါတစ်ရံရေလျှံလို့တက်လာတဲ့ ချောင်းလေးတွေက လက်ပံတောင်တောင်ခြေထိ ဆိုက်သွားတယ် မြစ်နဲ့တောင်နဲ့ဆက်စပ်မှုရှိပါတယ် အဲ့ဒီတော့ တောင်စောင်းကြီးထဲမှာရှိနေတဲ့ အဆိပ်ရည်တွေသည် တစ်ဖြည်းဖြည်းစိမ့်စိမ့်ပြီးတော့ စီးသွားရင် ချင်းတွင်းမြစ်ထဲကို ဘယ်သူတားလို့မှမရဘူးရောက်မှာ ဘယ်နည်းနဲ့တားလို့မှမရဘူးရောက်တယ် အဲ့ဒီ အဆိပ်ရည်တွေ ချင်းတွင်းမြစ်ထဲရောက်ရင် ချင်းတွင်းမြစ်ပျက်ပြီ၊ ချင်းတွင်းမြစ်ဟာ ဧရာဝတီထဲရောက် သွားမယ် ဧရာဝတီထဲရှိတာတွေပျက်မယ် တစ်လျှောက်လုံး ဒီကနေ ပခုက္ကူ၊ မြင်းခြံ၊ ပုဂံညောင်ဦး၊ မြစ်ဝကျွန်းပေါ်ထိရောက်မယ်၊ ကျွန်တော်တို့အသက်တွေကျော်သွားတဲ့အထိပျက်မယ် ဒါ့ကြောင့် လက်ပံ တောင်ကိစ္စမှာ စေ့စပ်တာဆွေးနွေးတာမရဘူး စီမံကိန်းဖျက်ရင်ဖျက် မဖျက်ရင် အားလုံးပျက်မှာဘဲ” လို့ မာန်တွေတင်းပြီး ရှင်းပြသွားလိုက်တော့ ကျွန်တော်တို့ ကြက်သီးမွေညှင်းထစရတော့တာပါဘဲ။
          ကျွန်တော်တို့ ဂန္တ၀င်ခရီးစဉ်ကြီး သွားခဲ့ကြပြီးပါပြီ။ သလ္လာဝတီတိုင်းရဲ့ရင်လှိုင်းခတ်သံတွေ မှတ်တမ်း တင်ခဲ့နိုင်ပါပြီ။ ဒီခရီးမှာ တနင့်တပိုး သယ်ပိုးမိလာတာလို့လည်း ခံစားလိုက်ရပါသည်။ ကျွန်တော်တို့ ဘာတွေ တုန့်ပြန်နိုင်မှာလဲ။ သူတို့ကျွေးတဲ့ ထမင်းတစ်လုတ် အတွက် ပြန်ပေးဆပ်နိုင်ဖို့တော့ လိုအပ်နေပါပြီ။ အခု လောလောလတ်လတ်တော့ သလ္လာဝတီရဲ့ရင်လှိုင်းခတ်သံကို ပဲ့တင်ပြန်ရင်း ကျေးဇူးဆပ်ခွင့်ပြုပါရန် တောင်းပန်ရင်း……

“မန္တလေးအလင်းဂျာနယ် အတွဲ-၂၊ အမှတ်-၃၈ပါလက်ရာလေးပါ”

“ငြိမ့်”
          တစ်ရက်တွင် စာရေးဆရာနှင့်စန္ဒရားဆရာ(ကီးဘုတ်ဆရာခေါ်လည်းရကြောင်းသိရသူ)တို့ သူတို့ကိစ္စ တစ်ခုအတွက် ကက်ဆက်မရှိ၍ အလုပ်မဖြစ်ကြောင်းပြောနေသံကြားရသည်။ တီဗွီပြင်ဆရာကလည်း သူ့၇လက်မလောက်ရှိသည့်ဖီးလစ်တီဗွီပေါက်စနကို လွင့်မပစ်ရက်သေးဘဲ အမြတ်တနိုးသိမ်းထားသည်။ “သမီးငယ်ငယ်တုန်းက သိပ်သဘောကျတဲ့တီဗွီဗျ”လို့ လည်းဂုဏ်ယူစွာပြောပြသည်။ “ကာလာလည်းမှန် အရုပ်ထွက်ကလည်း သိပ်လှတယ်”ဆိုဘဲ။ သူတို့မင်္ဂလာဆောင်ခွေကို သည်လိုအိုးတီဗွီတွေနဲ့ကြည့်မှလှတယ်တဲ့။ ဒါလည်း ဟုတ်နိုင်သည်။ အမေတို့က ကျွန်တော့်အလှူတုန်းကတိတ်ခွေကို ဒီဗွီဒီကူးပေးတော့ ကြည့်ရတာ အရောင်မလှဘူးဆိုပြီး အမြတ်တနိုးသိမ်းထားတဲ့ ဗွီအိတ်ဆဲဗင်းအောက်စက်ထုတ်ပြီး ဖင်လုံးလုံးအိုးတီဗွီနဲ့ ပြန်ကြည့်ကြသည်။ တိတ်ခွေမည်းမည်းကြီးတွေကိုလည်း တဘက်နဲ့အထပ်ထပ်ထုပ်ပြီးသိမ်းထားကြသည်။ နောက်လှူနိုင်တော့ တာမဟုတ်ဘူး၊ ကြည့်တိုင်း အမှတ်ရအောင်လို့တဲ့။
          တစ်ရက်တွင် စာရေးဆရာက သူသိမ်းထားသောတောင်သမန်ကအသံတွေကို ဒစ်ဂျစ်တယ်သံပြောင်း ဖို့ အချပ်ဘယ်မှာသွားရိုက်ရမလဲမေးလာသည်။ ကျွန်တော်အိုင်တီ ဟိုစပ်စပ် သည်စပ်စပ်တောင် နည်းနည်းခေါင်းခြောက်သွားရသည်။ သည်ဘက်ခေတ်မှာက တိတ်ဆိုတာ မမြင်ဖူးတော့။ တိတ်နှင့် အသံဖမ်းသောခေတ်လည်းမဟုတ်တော့။ တိတ်ကိုဖွင့်ရသောကက်ဆက်ကလည်း အိမ်တိုင်းမှာမရှိတော့။ အိမ်နီးချင်းပေါက်ဖော်တို့ ကျေးဇူးဖြင့် လေဆာတက်ကနော်လော်ဂျီကသာ အိမ်ဦးခန်းမှာအစွင့်သားနေရာယူပြီ။ စီဒီ၊ ဒီဗွီဒီအချပ်တင်သည့်စင်ကသာခန့်ညားနေပြီ။ အသံဖမ်းကိရိယာလေးထဲက အသံကို ကွန်ပြူတာထဲ အမ်ပီသရီးဖိုင်အဖြစ် ချကာ အလွယ်တကူအချပ်ရိုက်လို့ရနေပြီ။ တိတ်ထဲက ကွယ်လွန်သွားခဲ့ပြီးသော အထင်ကရ စာရေးဆရာများ၏ ရှားပါးအသံများ အော်ရီဂျင်နယ်အတိုင်း နားထောင်ဖို့  နည်းပညာကကြားက ကန့်လန့်ကန့်လန့်။
          ကျွန်တော်လက်ရှိပစ္စက္ခမှ ငယ်ငယ်ဘ၀က “ငြိမ့်” ကိုသွားသတိရသည်။ ကျွန်တော်တို့မြို့ရဲ့ တစ်ကြောင်းတည်းသော ကတ္တရာလမ်းဘေးကဆိုင်ကလေး “ငြိမ့်”။ သူတို့ကတော့ ငြိမ့်ညောင်းသာယာခြင်းကို အဖျားဆွတ်ယူတာလား မပြောတတ်သော်လည်း ကျွန်တော်ကတော့ “ငြိမ့်” ကို မြန်မာအဘိဓာန်ထဲလှန်ရှာ သောအခါ “လှုပ်ရှားမှုညင်သာသော” လို့တွေ့သည်။ ကိုယ့်ဘာသာကိုယ်တော့ သာယာမှုတစ်ခုတွင် စီမျော ၀င်နေသည်လို့ဘာသာပြန်လိုက်မိသည်။ “ဒီကောင်သီချင်းနဲ့ငြိမ့်နေတာ၊ စာအုပ်နဲ့ငြိမ့်နေတာ” လို့ ပြောကြဆိုကြတာမဟုတ်လား။ “ငြိမ့်”တွင် အေးချမ်းနှစ်သက်မှုသဘောတွေလည်း ပါနေပေဦးမည်။ “ငြိမ့်”သို့ ကျွန်တော့်အစ်ကိုတို့လို လူပျိုရွယ်တွေကလည်း ထမင်းစားပြီးချိန်ညနေခင်းများတွင်သွားထိုင်သည်။ လူပျိုကြီး ဆိုင်ရှင်တွေနှင့် လူပျိုရွယ်တွေရဲ့ စကားဖလှယ်ပွဲ။ မျက်စီစားပွဲနေရာ။ တိုင်းရေးပြည်ရာ အတွေ့အကြုံ တွေကိုမျှဝေရာ။ ဖိနှိပ်ခံနယ်အတွင်းက တစ်ခုတည်းသော လွတ်လပ်သောအသံနေရာ။ အတွေးသစ် အမြင်သစ် မျက်နှာစာကို ရဲရဲဖွင့်လှစ်ကြရာ သည်နေရာကို လူပျိုရွယ်တွေ နေ့တိုင်း အချိန်တန်လျှင်မနေနိုင် ချီတက်ကြသည်။ “ငြိမ့်”သွားလိုက်ဦးမယ်ဆိုတာ ပင် လူငယ်စတိုင်ဖြစ်ခဲ့လေသည်။
          “ငြိမ့်”သည် အမှန်တော့ တိတ်ခွေငှားဆိုင်လေးတစ်ဆိုင်။ “ငြိမ့်”သည် ၄ခန်း၃ခန်း နှစ်ထပ်တိုက်ကြီး အောက်ထပ်တွင်ရှိသည်။ ငြိမ့်၏ဘေးအခန်းတွင် ပတ်မကြီးတွေ ဗုံတွေ၊ အော်လံတွေ၊ မျက်နှာစာမှာ ဆနွင်းမကင်းကွက်ကာဘာနဲ့စပီကာကြီးတွေ၊ မိုက်စတန်းတွေ ထိုလိုထောင်လောင်ရှိသည်။ သစ်သား မှန်ကောင်တာကြီးထဲတွင်တော့ တိတ်ခွေတွေကို စီရရီရထားသည်။ တိတ်ခွေလေးများ၏ကာဘာတွင် ရောင်စုံအရုပ်ပုံတွေပါသည်။ ကျွန်တော်တို့က သည်ကာဘာမှ အရုပ်တွေကြည့်ပြီး ငှားရသည်။ တိတ်ခွေဆံက ဆင်စွယ်ရောင် ဟီတာချီခွေ ဂျပန်မိတ်တွေများသည်။ မောင်ကြေးမုံရဲ့“အညာမိသွားတဲ့အညာသားလေး”၊ “ကောလိပ်ဂျင်”၊ မင်းသိင်္ခရဲ့“မနုစာရီ”၊ သုမောင်ရဲ့ “ဇာတ်ခုံပေါ်မှာကကြတဲ့အခါ”၊ “ဗိုလ်အောင်ဒင်ပြန်လာပြီ”၊ “ထွေးညို”၊ နီဝိုင်းရဲ့“အိုဘယ့်မနူဟာ”၊ လှကျော်နေရဲ့ “အဓီပတိလမ်းပေါ်မှာ လျှောက်ခဲ့ဖူးပါသည်”၊ နိုင်လင်းရဲ့“မှိုင်းဝေချစ်သောခက်သစ္စာ” ဇာဂနာ၊ ပိန်ပိန်၊ စုတ်ချွန်း၊ တက်တူတို့တစ်တွေရဲ့ “မိုးနတ်သူဇာအငြိမ့်” စတာတွေမှတ်မိနေသေးသည်။
“ရက်စက်လှချေလားမမြ၀င်း…ဟင်…ရက်စက်လှချေလား” “လူတောသူတောမှ မတိုးနိုင်တဲ့လူဆိုး ကြီးဗိုလ်အောင်ဒင်ဆိုတာဟာ…ကျုပ်ဘ၀ဟာ မမြ၀င်းဘ၀နဲ့ လားလားမှမတန်တဲ့…ဇမ္ဗူရာဇ်ရွှေစင်ဟာ သိင်္ဂီရွှေခွက်နဲ့သာ ထိုက်တန်တယ်ဆိုတာ ကျုပ်နားလည်ပါပြီမမြ၀င်း” “ကျုပ်နားလည်ပါပြီ… နားလည်ပါပြီ” ကောလိပ်ဂျင်ရဲ့လေသံအတိုင်း “ရက်စက်လှချေလားမမြ၀င်း…ဟင်…ရက်စက်လှချေလား” အတုခိုးပြီးလိုက် ပြောရတာက ခံတွင်းကိုတွေ့လှသည်။
တကယ့်ဟာသလို့မောင်ကြေးမုံတင်ပြသွားတဲ့ “သိဘူးလေနို့”နဲ့ ရောချတတ်သော “အညာမိသွားတဲ့ အညာသားလေး” အူတူတူအတတ ကိုသြ။ သရီးစတက်ကို မယ်သီလရှင် လူထွက်ဆံပင် လို့ထင်ရှာတဲ့ကိုသြ။ ပြာညိုညက်ပါးကွက်ကြားတွေချည်း မြင်ဖူးရာက ဖြူညက်ညက် ရန်ကုန်သူရုံးသမလေး“အိ”အလှမှာ ယစ်မူးသွားရှာသောကိုသြ။ ခိုချေးတွေကို မတ်စေ့ထင်မှတ်သည့် ကိုသြ အားသနားရသည်။ ရေခဲကိုလောင်းချိုးပေးနေတဲ့ရေ ပြားသုံးဆယ်ပေးသောက်ရမှာ နှမျှောရှာတဲ့ကိုသြကို ဂရုဏါသက်ရသည်။ ရထားသွားနေတာမြင်တော့ သွပ်မိုးရုံတွေလိုက်တန်းပြေးတမ်းကစားနေတယ်လို့ အံ့သြတကြီးအော်ပြောသော ကိုသြကရယ်စရာ။ သည်လိုအရိုးခံကိုသြအား လုပ်ကြံရက်သည့်“အိ” ကို ဒေါမနဿပွားရသည်။ နိဗ္ဗာန်သွားသောယာဉ်ပေါ်ပြီလားဆိုပြီး လှလွန်းသောမှန်ကားကြီးစီးချင်ရှာသော ကိုသြနှင့်အတူ အသုဘကို ကားနှင့်ချသောမြို့ရွှေရန်ကုန်အားသြချရသည်။ ကိုသြ “မြေမြိုပြီ” ဟုအော်ရှာသော ရွှေတိဂုံဘုရားက ဓါတ်လှေကားဆိုတာ လျှပ်စစ်နှင့်အတက်အဆင်း လုပ်သောလှေခါးနေမှာပေါ့ဟု ကိုယ့်ကိုကိုယ် အတတ်ကြီး လုပ်တွေးထင်မှတ်ခဲ့သည်။ ထိုအချိန်အခါက ကျွန်တော်တို့ဆီမှာ လျှပ်စစ်ဓါတ်အားဆိုတာ ပလပ်ပေါက်နှိုက်လို့ ဓါတ်မလိုက်သောကာလ။ နီလာထွန်းဆိုင်မှာ မနက်အပ်ညရွေးရသောဘတ္ထရီသည်သာ တစ်ခုတည်းသော လျှပ်စစ်ဓါတ်အားပေး လုပ်ငန်းဖြစ်သည်။ ကက်ဆက်ကိုဘတ္ထရီရွေးလာသည်နှင့် အားပြည့်တုန်းနားထောင် ညချမ်းချိန်ခါရောက်တော့ ထိုဘတ္ထရီသည် သုံးထောင့်ထိုး လေးထောင့်ထိုး ဘတ်သီးများဖြင့် မီးပေးရသော ခေတ်။
နောက်ဆုံးတွင် ကိုသြက“ခင်ဗျားတို့ရန်ကုန်မြို့ကြီးက လူတွေအကြောင်းကို လုံးချင်းဝတ္ထုရေးပြီး ဖော် ကောင်လုပ်မလို့…မန္တလေးသားစစ်စစ်ပါ…မြန်မာစာဂုဏ်ထူးနဲ့ဘွဲ့ယူလာတဲ့ မန္တလေးအထက်ပိုင်းမှာ မသိသူ မရှိတဲ့ စာရေးဆရာမန္တလာဥသြပါ” ဆိုပြီးအနိုင်ဂိုးသွင်းသလို သူချစ်ရှာသော“အိ”ကလည်း “သရုပ်ဆောင်နဲ့ ဇာတ်လိုက်”ဆိုတဲ့ စာတမ်းပြုစုနေတဲ့ အနုပညာသုတေသီရွှေစင်အိပါဆိုပြီး မတော်ရာနေရာတွေက ဖယ်ခွာကာ ကိုယ့်နေရာကိုယ်ပြန်ဝင် ဇာတ်သိမ်းလိုက်တော့ ပရိတ်သတ်ကျွန်တော်တို့ ဘ၀င်နှလုံးကျကာ စိတ်ချမ်းမြေ့သွား ရသည်။ ဘတ္ထရီလေးကုန်သွားတာတောင်တန်တယ်ဟပေါ့။         
ဒါ့ကြောင့်“ငြိမ့်”သည် ငါးနှစ်ကျော်ဆယ်နှစ်သား ကျွန်တော်တို့အတွက် ရသဘဏ်တိုက်ဆိုနိုင်သလို သုတဘဏ်တိုက်အဖြစ်လည်းဆိုနိုင်ကောင်းခဲ့သည်။ ကျွန်တော်တို့မရောက်ဖူးသောအရပ်တွေကို အသံထွက် ဇာတ်လမ်းတွေထဲမှရောက်သည်။ လောကပရိယာယ်တွေကို ဇာတ်လမ်းတွေထဲမှာ ထိတွေ့သည်။ တွေးစရာမြင်စရာတွေလည်း ဇာတ်လမ်းထဲမှာရသည်။ ထပ်ဆင့်အကယ်ဒမီကောလိပ်ဂျင်နေ၀င်းတို့ ဓနုဖြူ ကြည်ကြည်သိန်းတို့၏အနုပညာတွေက အသံဖြင့်အရုပ်ထင်စေသဖြင့်လက်ဖျားခါရသည်။ တစ်နည်းဆိုရလျှင် “ငြိမ့်”ရှိ ကက်ဆက်တိတ်ခွေများသည် ကျွန်တော့်ဘ၀အတွက် ကနဦး အသံထွက်စာအုပ်များဘဲဖြစ်ခဲ့လေ သည်။ စာရေးဆရာ တစ်ဦး က ငါဘာလို့စာရေးသလဲဆိုရင် မင်းတို့မခံစားဖူးသေးတဲ့ ငါကြုံခဲ့ရ၊ တွေ့ခဲ့ရ၊ တွေးရခဲ့တဲ့ ဘ၀တွေကို ပြောပြချင်လို့ လို့ဆိုသည်။ ဒါမှမင်းတို့မဆင်းရဲဖူးရင် ဆင်းရဲသားဘ၀ကို နားလည်တတ်မယ်။ မချမ်းသာဖူးရင် ချမ်းသာတဲ့သူရဲ့မငြိမ်းနိုင်သောသောကတွေကိုသိမယ်။ ၀န်ထမ်းမလုပ်ဖူး ရင် တောင်ပြေးမြောက်ရောက် နယ်စုံ ရောက်ဗဟုသုတ ဒုက္ခတွေကိုတွေ့ရမယ်။ ဒါကြောင့်စာရေးတာတဲ့။ ကျွန်တော်တို့ငယ်ငယ်ဘ၀မှာတော့“ငြိမ့်”မှ အသံထွက်ဝတ္ထုတွေဖြင့်ငြိမ့်ခဲ့ကြလေသည်။
          ကျွန်တော့်ယောက္ခမကြီးက ကင်ချီစီးရီးများကို အလွန်ကြိုက်သည်။ တစ်နေ့မကြည့်ရလျှင် ဘိန်းငတ် သလို တစ်ခွေခွေ တစ်ယိုင်ယိုင်မှိုင်နေတတ်သည်။ သူကြည့်နေတော့ကျွန်တော်လည်း လိုက်ကြည့်ဖြစ် သောအခါ အဆက်ဖြတ်မရတာများရှိတတ်သည်။ ထိုကင်ချီစီးရီးများသည် ဘိန်းထက်စွဲ သည်ကိုလူများအသိ။ မြန်မာတစ်နိုင်ငံလုံး ထိုကင်ချီစီးရီးမစွဲသောသူများ ခပ်ရှားရှားပင်ဖြစ်မည်။ အထူးသဖြင့် အမျိုသမီး ပရိသတ်ထုထဲ ရေရေလည်လည် စိမ့်ဝင်သွားသည်။ သူတို့ပေါင်ဖွေးဖွေးနှင့် စကဒ်အတိုဝတ်သည်ကို ခြင်ကိုက်ရာအမာရွတ်တွေနှင့် ပြာကျင်ကျင်တွေကလည်း လိုက်ဝတ်ကြသည်။ ထိုကားများအားစွဲစေသော အရာသည် အဖေနှင့်သမီးတွေ့ရတော့မလိုလိုနှင့်မတွေ့နိုင်တာ၊ သူဌေးဖြစ်တော့မလိုလိုနှင့် မဖြစ်နိုင်တာ၊ ချစ်သူနှင့်ကြင်သူ နားလည်မှုယူနိုင်တာကို ကြားလေသွေးလို့ တစ်လွဲတွေး တွေးရင်လွဲနေသော အလွဲအမျိုးမျိုးဖြင့် မျက်စီပသာဒဖြစ်အောင်ရိုက်သွားနိုင်တာဟုထင်သည်။ တစ်ခါတစ်ခါ ငါတို့ဆီကကားတွေ ညံတယ်ကွာလို့ပြောလိုက်မိတဲ့အထိ။ နန်းတွင်းဆိုလည်းနန်းတွင်းမို့လို့၊ ခေတ်သစ်လေယာဉ်တွေနှင့် စစ်ဆင်တာဆိုလည်းစစ်ဆင်တာမို့လို့၊ နည်းပညာဆိုလည်းနည်းပညာမို့လို့ ယုတ္တိကိုတန်နေလေသည်။ သို့သော် သူတို့စီးရီးတွေ၏အဓီက အသက်ဟုဆိုနိုင်သော တစ်ယောက်နှင့်တစ်ယောက် တစ်ဘက်ကပြုံးပြပြီး တစ်ဘက်ကကောက်ကျစ်တာ တစ်ဘက်ကကြင်နာယောင်ဆောင်ပြီး တစ်ဘက်ကရက်စက်ပြတာ အလိမ်အညာတွေကို အပြုံးနဲ့ဖုံးပြတဲ့လှည့်ကွက်တွေသည် နေ့တိုင်းထိတွေ့ယဉ်ပါးလာသောအခါ ကျွန်တော်တို့  ယနေ့ ကြုံနေရတာတွေသည် ဒါကြောင့်လားလို့ပင်တွေးထင်လာမိတော့သည်။
          ကျွန်တော့်မိတ်ဆွေစာရေးဆရာကတော့ စာပေဟောပြောပွဲတစ်ခုတွင် သူလည်းကျော်ဟိန်းကို ခရေဇီ ဖြစ်ခဲ့ဖူးပါတယ်တဲ့။ အခုခေတ်လူငယ်တွေ ဘာဘဲအတုခိုးခိုး တစ်ချိန်ကျရင် ဒါငါတို့ယဉ်ကျေးမှု မဟုတ်ပါလား ဆိုပြီး ချန်ထားရစ်ခဲ့ဖို့ စာများများဖတ်ဖို့လိုတယ်လို့ဆိုခဲ့သည်။ “ဟင်…သစ္စာ…ဟုတ်လား… ဒီအကောင်ဒီရွာကို ပြန်လာပြီး…လူစွာလုပ်ဦးမှာနဲ့တူတယ်…မကြာခင်သာဒင်နဲ့တွေ့ကြသေးတာပေါ့ကွာ” “ကိုသစ္စာ…ကိုသစ္စာ… သြော်ကိုသစ္စာခမျာလည်း နေရာဟောင်းကိုလာပြီး ထွေးညိုလေးကိုလွမ်းနေတာကိုး” “ကိုကြီးသာဒင်ဒီပေါ်က ကျတာ အောက်ကမြေကြီးခံနေပေလို့ပေါ့ကွာ…မြေကြီးသာမခံရင် အ၀ီစီတောင်ရောက်သွားနိုင်တယ်နော်… အ၀ီစီကိုရောက်သွားနိုင်တယ်…အစ်ကိုကြီးသာဒင် အ၀ီစီကိုရောက်သွားနိုင်တဲ့ အရည်အချင်းရှိတယ်….” ကဲကျွန်တော်တို့ချာတိတ်ဘ၀က“ငြိမ့်”ကရော မငြိမ့်လားဗျာ။