Pages

Monday, January 21, 2013

မြနန္ဒာဂျာနယ်အတွဲ-၂၊ အမှတ်-၂မှ “ကွယ်ထောင့်လေးများရဲ့ ဒုတိယဝေဒနာ” ကွယ်ထောင့်လေးတွေမြင်တတ်ဖို့ပေါ့ဗျာ



“ကွယ်ထောင့်များရဲ့ဒုတိယဝေဒနာ”
ကျွန်တော် မြနန္ဒာဂျာနယ်တွင် “ကွယ်ထောင့်လေးများ”ရေးပါသည်။ အသံတွေ စီစီညံညံ ထွက်လာ သည်။ “ဟဲ့ အတွင်းကျကျမသိဘဲမရေးနဲ့ လာမေးပါလား” “ငါတို့ထောင့်တွေ မပါသေးဘူး” “ဂျာနယ်ပြန်ရှာ ပေးပါလား သိမ်းထားချင်လို့” စတာတွေနဲ့ အိမ်လိုက်လာသူကလိုက်လာသည်။ ကျွန်တော် မနေသာတော့။ သူတို့ကို နှစ်သိမ့်ရင်း ဒုတိယဝေဒနာကို အကောင်အထည်ဖော်စရာရှိလာပါတော့သည်။ အမှန်တော့ “ကွယ်ထောင့်လေးများ” ရဲ့ အဆက်ဟုသာယူဆစေလိုပါသည်။ ကွယ်ထောင့်တွေ ခံစားနေကြရတာများ ဖြစ်သဖြင့် “ကွယ်ထောင့်များရဲ့ဒုတိယဝေဒနာ” ဟုခေါင်းစဉ်ပေးထားပါသည်။ ကျွန်တော့်ကိုယ်ကျွန်တော်တော့ ဆူးလှည်းကြီးဟုသာခံစားရပါသည်။
ကိစ္စတစ်ခုအတွက် ဌာနတစ်ခုသွားရာတွင် ၀င်တွေ့ရမည်ဟူသော အကြောင်းကြီးတစ်ရပ်ပေါ်လာ၍ အရွယ်နှင့်ဆိုင်းဘုတ် မမျှမတတပ်ထားသောအခန်းတွင်း ရောက်သွားရလေသည်။ ဆိုင်းဘုတ်အရ အရာရှိဟု သိလိုက်ရသော်လည်းနှစ်ဆယ်စွန်းစွန်းသာ။ ထိုအရာရှိလူငယ်ရှေ့မှောက်မှာက လေးဆယ်ကျော်ငါးနှစ်စွန်းမည့် စတစ်ကော်လာအဖြူနွမ်းမသပ်မရပ်နဲ့ မတ်တတ်လူကြီးတစ်ယောက်။ တပ်ထားသောမျက်မှန်ကိုင်းနှင့် ဝတ်ထားသောရုံးတက်ဝတ်စုံအရတော့ စာရေးကြီး (သို့မဟုတ်) ရုံးအုပ်လောက်ဟု ခန့်မှန်းရသည်။ ကျွန်တော့်ကိုဆွဲဆောင်သွားစေနိုင်တာက သူတို့နှစ်ဦးကြားက အပြန်အလှန်စကားတွေနှင့် ထိုအရာရှိလူငယ် အား မတ်တတ်လူကြီးက တပ်တပ်ခေါ်နေရသော နာမဝိသေသန တစ်ခုကြောင့်လည်းဖြစ်သည်။
“ကျွန်တော်တို့ လုပ်နေကျက ဒီအတိုင်းပါ၊ လုပ်ထုံးလုပ်နည်းအရ ရှင်းပြရရင်……” ဒီလူကြီး၏စကားက ဆက်မရ။ အရာရှိလူငယ်ဖြတ်ပြောလိုက်သောလေသံတွင် မောက်မာသံတွေအပြည့်ပါနေသည်။
“ခင်ဗျားတို့ကခက်တာပဲ၊ ကျွန်တော်ကဒီလိုဆို ဒီလိုလုပ်လိုက်ပေါ့ဗျာ၊ ဘာလုပ်နေကျလဲ၊ ဘာလုပ်ထုံး လုပ်နည်းလဲ” “ကျွန်တော်တို့ဆီမှာတုန်းက ခင်ဗျားတို့လိုလူမျိုးတွေမရှိဘူး၊ ဒါအမိန့်ဘဲ”
မတ်တတ်လူကြီးခမျာ ရှက်ရွံ့သိမ်ငယ်ခြင်းတွေပေါ်တွင် အနည်းငယ်သော မာနအစွန်းအရိပ်တွေကို ဖိသိပ်ထားရင်း ပန်းသွေးရောင်အရိပ်တွေက မျက်နှာမှာလျှပ်ပြေးလို့။
ထိုအရာရှိလူငယ်၏နောက် မျက်စီရောက်သွားသောအခါ “ပြန်လည်သတင်းပို့ပါ” ဆိုသော စာလုံး မည်းမည်းကြီးတွေချိတ်ဆွဲထားသည်။ ကြုံနေရတာနဲ့အပြင်အဆင်တွေအရ ကျွန်တော့်ကိုယ် ကျွန်တော်ပင် ရှေ့တန်းစခန်းရောက်သွားသလိုခံစားလိုက်ရသည်။ “ကဲဟိုပုဂ္ဂိုလ်ဆို” ဆိုမှ ကျွန်တော့်ကိုရည်ညွှန်းမှန်း သိလိုက်ရပြီး ကျွန်တော့်အရွယ်နှင့်သူ့အသက်အားလည်း အပြေးအလွှားချိန်ခွင်ထဲထည့်စဉ်းစားမိခဲ့သေးသည်။
တစ်မနက်တွင် လက်ဖက်ရည်ဆိုင်ထိုင်ဖက် မိတ်ဆွေစာရေးကြီးက လုပ်သက်ပြည့်ပင်စင် ယူတော့မည်ဖြစ်ကြောင်း ကြေညာသည်။ ကျွန်တော် အတော်အံ့သြသွားရသည်။ သူ့ကိုတွေ့ခါစက သူသည် အလုပ်ကိုချစ်သူ၊ စည်းစနစ်ကို မြတ်နိုးသူ၊ အတွေ့အကြုံကို တန်ဖိုးထားသူဖြစ်သည်။ ညနေ(၆)နာရီကျော်မှ ရုံးဆင်း၊ စနေတစ်နေကုန်လာ ရုံးတက်သူလည်းဖြစ်သည်။ သူပင်စင်ယူသွားလျှင် သူ၏အလုပ်ကိုချစ်မြတ်နိုးမှု၊ သူ့အတွေ့အကြုံ၊ သူ့လုပ်ငန်းနိုင်နင်းမှုတွေပါ တစ်တွဲတည်း ပင်စင်ယူကြတော့မည်။ သူ့အသက်အရွယ်က နိုင်ငံတော်အတွက်များစွာကျန်နေပါသေးသည်။ နှမျောစရာ။ ပြန်ခါနီး ကျွန်တော့်ထံပါးသွားသော သူ့ကြေကွဲ စကားက “မခံစားနိုင်တော့ဘူး၊ ဂါရဝတရားတွေ ဆိတ်သုန်းကုန်ပြီ” တဲ့။
ကတော်တပ်အခေါ်ခံရတာအတန်ကြာခဲ့ပြီးသော အဒေါ်တစ်ယောက်ကတော့ “သားရေ အန်တီတို့က ကျွန်ဝယ်ရာ အဆစ်ပါကြတာဟဲ့”တဲ့။ ကိုယ့်အိမ်ဦးနတ်ထက်တန်ခိုးထွားတဲ့ အထက်ဆရာများကတော်တွေကို မမခေါ်ရ။ အိတ်ဆွဲလိုက်ရ။ သနပ်ခါးသွေးဆက်ရ။ ဘေးက ယပ်တော်သွင်းခဲ့ရတာတွေ အတော်စိတ်နာ လာပုံရသည်။ ကိုယ့်လူကြီးကကားစီးရင် ကိုယ်လည်း လိုက်ဝယ်စီးလို့ရတာမဟုတ်ဘူး။ ကိုယ့်လူကြီး၄၂လက်မ ၀ယ်ရင် ကိုယ်က၁၇လက်မလောက်ဝယ်။ ကိုယ့်ဆရာအိမ် စကိုင်းနက်တပ်ရင် ကိုယ်ကနီပန်လောက်ပဲတပ်။ ကိုယ့်မမက ဆွဲကြိုးဝတ်ရင် အမေအမွေပေးတဲ့ဘတ်ကြိုးလေးဖွက်ထားလို့ တိတ်တိတ်ကြိတ်ဆုံးမထားတော့ ကိုယ့်ပစ္စည်းနှင့်ကိုယ်အကုသိုလ်များနေရတာတွေကိုလည်း စိတ်ကုန်လာပုံရသည်။
“သူတို့က အဋ္ဌာရသအတတ်ကုန် သင်လာတာမှမဟုတ်ဘဲဗျာ၊ အမှန်တော့သူတို့အရပ်သူတို့ ဇာတ်ဘဲ ကိုက်ပါတယ်၊ နေရာတစ်ကာ ၀င်ပါပြီး ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာဘဲ လိုတယ်လုပ် နေတာအံမ၀င်ဘူးဗျ၊ အလုပ်မဖြစ်နိုင်တဲ့ကိစ္စမျိုးများ ကိုယ်က သိနေလို့ ပြန်ပြောလိုက်မိ ရင် ပြောင်းပစ်လိုက် ရမလားဆိုတာကအရင်ဆုံး၊ ကိုယ့်အနေအထားလေး ပျက်သွားမှာစိုးလို့ တောင့်ခံထားရတာ” ဆိုသူတွေက ဆိုလာသည်။ တစ်ဖက်ကအငြိမ်းစားလာသောအရာရှိထိုင်နေသည့်အခန်းနှင့်ကပ်လျက် ရုံးခန်းထဲရှိ အလုပ်စာပွဲ များ မျက်နှာစာတည့်တည့်နံရံပေါ်၌ “လုပ်နိုင်လျှင်လုပ် မလုပ်နိုင်လျှင်ထွက်” စာလုံးမည်းမည်းကြီးတွေ ကပ်ထားတာလည်းတွေ့ခဲ့ရဖူးသည်။ “ကျွန်တော့်တို့လင်မယားနှစ်ယောက် လခစားချည်းပဲ၊ ခလေးက နှစ်ယောက် တစ်ယောက်ကငါးတန်း တစ်ယောက်ကနှစ်တန်း၊ မိန်းမကနယ်ပြောင်းအော်ဒါထွက်တယ်၊ အဖေအမေသက်ကြီးရွယ်အိုတွေနဲ့ အခြေပျက်သွားလို့ သွားတောင်ပန်တော့ ဒါဆိုမင်းနဲ့လဲပြီး ပြောင်းတဲ့၊ ဘာထူးမှာလဲကိုကြီးရာ စိတ်ဓါတ်ကျတယ်ဗျာ” လို့ ကျွန်တော့်ထက်အသက်ကြီးပေမယ့် ကျွန်တော့်ကို အစ်ကိုကြီးလို့ခေါ်ပြီး တိုင်တည်ပြောတတ်သူ ကျွန်တော့်အစ်ကိုကြီးတစ်ယောက်အတွက်လည်း ဘေးက ၀မ်းနည်ပေးခဲ့ရသည်။ “ကျွန်မတော့လေ တန်းတူအခွင့်အရေး ဘယ်တောင်းရမှာလဲလို့ စဉ်းစားနေတယ်” ဆိုတဲ့ အပျိုကြီးစာရေးကလည်း သည်လိုကြေကွဲသေးသည်။ “ခိုင်းတော့လူလွတ်မို့လို့ ပိတ်ရက်တွေပါ ရုံးတက်ပေးပါတဲ့၊ လွတ်နေတဲ့လိုင်းခန်းလေးနေခွင့်ပေးပါဆိုတော့ အိမ်ထောင်ရှိလို့လားတဲ့ သိရဲ့သားနဲ့ မေးတာဟယ် ယောင်္ကျားတောင် နေ့ချင်းကောက်ယူရတော့မလားဘဲ အခန်းလေးနေရဖို့လေ” လို့ သူက ဆက်ပြောသွားသည်။
တစ်ခါက ကာတွန်းတစ်ကွက်အား အမှတ်ရမိသွားသည်။ ငါ့ဆရာကို အထက်ဆရာကြီးကနိုင်၊ ငါ့ဆရာက ငါ့ကိုနိုင်၊ ငါက ငါတို့အိမ်ကခွေးကြီးကိုနိုင် ဆိုတဲ့ကာတွန်းကွက်လေးဖြစ်ပါသည်။ အဆင့်လိုက် အာဏါပြအုပ်ချုပ်ရသော စနစ်တစ်ခုကို သင်တန်းကျောင်းတစ်ခုတွင် တွေ့ခဲ့ရဖူးပါသည်။ အထက်အမိန့်ကို အဆင့်ဆင့်လေးစားတတ်စေရန် လေ့ကျင့်သင်ကြားထားပေးခြင်းဖြစ်ပါသည်။ ဒါကသင်တန်းကျောင်းတွေ အတွက်နှင့် အမိန့်နှင့်မှ လိုက်ပါလှုပ်ရှား၍ ရနိုင်သောတပ်ဖွဲ့များအတွက်သာအကျိုးရှိပါလိမ့်မည်။ တစ်သက်လုံးကုန်းလုပ်ကျုံးလုပ်ဌာနနှင့်အတူ ဆိုးတူကောင်းဘက် လက်တွဲမဖြုတ်စတမ်း လုပ်လာကြသော ၀န်ထမ်းတွေအပေါ် လက်အောက်ငယ်သားတွေလို အော်ငေါက်ဆက်ဆံတာတွေနှင့် ထားရာနေစေရာသွား ခိုင်းနေတာတွေ ဖေါဖေါသီသီကျင့်သုံးလို့မရနိုင်ပါ။ ပြင်ပပုံမှန်လည်ပတ်နေကြသော လုပ်ငန်းများတွင် အမိန့်တွေချည်းစွတ်သုံးနေလျှင် ခံစားချက်တွေများပြီး ကိုယ့်ဌာနကိုယ့်အလုပ်အပေါ်ချစ်စိတ်တွေ ဆိတ်သုန်း သွားနိုင်ပါသည်။ အမိန့်များကြောင့် ကြောက်ရသူကိုဖား ခြောက်၍ရသူကိုဖိထားတတ်သော ဘေးထွက် ဆိုးကျိုးများလည်းထွက်သည်။ အမိန့်ပေးနိုင်သောနေရာရအောင် တွန်းတိုက်တက်ကြသော ကြိုးပမ်းမှုတွေ ပေါက်ဖွားသောအခါ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်အနာတရတွေဖြစ်သွားတတ်သည်။ အမိန့်ပေးနိုင်သော အခါ ခိုင်းရင်အကုန်လုပ်ကြတာဘဲဆိုပြီး အဆီတွေလည်းရစ်တတ်တော့သည်။
“အစွယ်လိုသူမိဖုရား အသွားစေသူမင်းဧကရာဇ် လေးပစ်သူကဘုရားကျွန်တော် ဆိုတာမျိုးက ကျွန်တော်တို့ဘ၀တွေမှာကနေ့တိုင်းဗျ” “ဖန်းဆိုတာမျိုးက ကျွန်တော်တို့သုံးဖို့မဟုတ်ဘဲရှာထားရတာ” “အရေးပေါ်လိုလာရင် ဒါမရှိရင်ဘာနဲ့သုံးမလဲ၊ ဆိုပါတော့ ဖုန်းပျက်ရင် ဖက်စ်ပျက်ရင် ကွန်ပြူတာပျက်ရင် ကားပျက်ရင် ဘယ်ဘတ်ဂျက်ကမှကြိုချမထားဘူး သည်ဖန်းထဲကထုတ်သုံးရတာ ဒါကောက်ထားတာမရှိရင် သေရော ဖုန်းပျက်လို့ ဖက်စ်ပျက်လို့ ကားပျက်လို့ ဆက်မရပို့မရင်၊ ကြိုစရာသွားစရာကားမရှိရင် အသုံးမကျဘူးဆိုပြီးထုရော မတော်ရင်နယ်လွင့်ရော ဆရာတွေကကြောက်ကြတော့ ကျွန်တော်တို့ကို ကောက်ခိုင်းရော” “ခရီးစဉ်တစ်ခုအတွက် ဘယ်ဘတ်ဂျက်မှချမထားဘူး၊ ကိုယ်ဆီလာတော့ ကိုယ်နည်း ကိုယ့်ဟန်နဲ့ဧည့်ခံရတာ ဒါက ခေါက်ရိုးကြိုးလာတဲ့ဂါရ၀တရား၊ ဘယ်ခေတ်ဘယ်အခါတုန်းကမှ ထမင်းထုပ်နဲ့ လာတာမရှိဘူး” “ကိုယ်ဆရာများကလည်း သူထက်ငှာ အပြိုင်အဆိုင် အလုအယက်ဧည့်ဝတ်ပြုကြတော့ ဒါမရှိရင် ရပ်တည်လို့မရဘူး” “အခုတစ်လော ဟိုဟာမကောက်ရဘူး သည်ဟာ မကောက်ရဘူးဆိုတာ ရှိလာတော့ ကောက်လို့တိုင်ရင် ကျွန်တော်တို့ကအရင်ထိတာဗျ” “ဘယ်ဌာနက ဘယ်သူက ဘယ်လောက် ကောက်နေတာလေဆိုတာမျိုးသတင်းကထွက်ကရော” “ပြည်သူတွေကတော့ နိုင်ငံတော်လစာစားပြီး အလှူငွေ ကောက်နေတယ်ဆိုပြီး မကြည်ဖြူကြဘူး၊ တကယ်တော့ငထွားကအမြဲခါးနာရတယ်” ဒါကအောက်ခြေ၀န်ထမ်း တစ်ယောက်ရဲ့ ရင်နာနာနဲ့ဖွင့်ချတဲ့စကား။
ကျွန်တော်တို့၏ပုံရိပ်သံမဏီလိပ်ပြာကတော့ ယခင်က သူမဆိုရှာသောစကားကို ဆိုချေပြီ။ “ကျွန်မအာဏါလိုချင်တယ်” တဲ့။ နိုင်ငံရေးအာဏါရမှ အစိုးရအာဏါရမှ လုပ်ချင်တဲ့ကိစ္စတွေ နိုင်ငံအတွက် လုပ်ပေးနိုင်မှာမို့လိုချင်တယ်လို့ပြောရှာလေသည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျွန်မလည်းပြည်သူတွေထဲက ပြည်သူတစ်ယောက်ပဲ” တဲ့ဗျာ။ သူ့ခရီးစဉ်တွေအတွင်း တရားမျှတမှုမရှိခြင်း၊ အခွင့်ထူးခံများ၏ နိုင်ထက်စီးနင်းပြုလုပ်နေခြင်း၊ အာဏါပိုင်များဘက်မှ မတော်မတရားပြုနေခြင်းများရှိသည်ကို သိသွားရှာ လေသည်။ နိုင်ငံတွင်းတရားဥပဒေစိုးမိုးရေးလိုအပ်နေပြီး ပြည်သူများမှ မိမိတို့ရင်ဆိုင်နေရသည့်ပြဿများကို ရဲရဲဖော်ထုတ်ကြရန် တိုက်တွန်းသွားလေပြီ။
မြစ်တို့သည်အဖျားတွင် အားကောင်းမောင်းသန်စီးကြသလောက် မြစ်ညှာတွင်တော့ အီအီလေးလေး နှင့်စီးကာ နှုံးအနယ်အနှစ်များ၊ အမှိုက်များ၊ ဒိုက်များကိုပို့ချကြပါသည်။ တစ်ခါတစ်ခါ စာတစ်တန်ပေတစ်တန် လာတတ်တာတွေသည် အဆင့်ဆင့်ဖြတ်သန်းလာပြီးသောအခါ နောက်ဆုံးဝင်စာဖိုင်တွဲများထဲတွင် အဆုံးသတ် သွားကြပါတော့သည်။ တကယ်တော့ ကွယ်ထောင့်များဟာ အလင်းရောင်ကိုလိုချင်ကြပါသည်။ သူတစ်ကာလို ငွားငွားစွင့်စွင့်လည်းပွင့်လိုကြပါသည်။ ကွယ်ထောင့်များဟာ ကိုယ်၌ကတိုက်မဖြစ်နိုင်ဘူးဆိုတာလည်း သူတို့ ဘ၀လေးသူတို့နားလည်ထားကြပါသည်။ သို့ရာတွင် ကွယ်ထောင့်ဆိုတာ တိုက်အဆောက်အဦးများအတွက် လူမသိသူမသိတစ်နေရာက ထောက်ကန်ထားကြပါသည်။ သို့သော်သူတို့နေရာကား အမှိုက်ပစ်ရန် နှပ်ချေးညှစ်ရန် မဟုတ်သည်ကိုလည်း သူတို့လိုလားကြပါသည်။

No comments:

Post a Comment