“ငြိမ့်”
တစ်ရက်တွင် စာရေးဆရာနှင့်စန္ဒရားဆရာ(ကီးဘုတ်ဆရာခေါ်လည်းရကြောင်းသိရသူ)တို့
သူတို့ကိစ္စ တစ်ခုအတွက် ကက်ဆက်မရှိ၍ အလုပ်မဖြစ်ကြောင်းပြောနေသံကြားရသည်။ တီဗွီပြင်ဆရာကလည်း
သူ့၇လက်မလောက်ရှိသည့်ဖီးလစ်တီဗွီပေါက်စနကို လွင့်မပစ်ရက်သေးဘဲ အမြတ်တနိုးသိမ်းထားသည်။
“သမီးငယ်ငယ်တုန်းက သိပ်သဘောကျတဲ့တီဗွီဗျ”လို့ လည်းဂုဏ်ယူစွာပြောပြသည်။ “ကာလာလည်းမှန်
အရုပ်ထွက်ကလည်း သိပ်လှတယ်”ဆိုဘဲ။ သူတို့မင်္ဂလာဆောင်ခွေကို သည်လိုအိုးတီဗွီတွေနဲ့ကြည့်မှလှတယ်တဲ့။
ဒါလည်း ဟုတ်နိုင်သည်။ အမေတို့က ကျွန်တော့်အလှူတုန်းကတိတ်ခွေကို ဒီဗွီဒီကူးပေးတော့ ကြည့်ရတာ
အရောင်မလှဘူးဆိုပြီး အမြတ်တနိုးသိမ်းထားတဲ့ ဗွီအိတ်ဆဲဗင်းအောက်စက်ထုတ်ပြီး ဖင်လုံးလုံးအိုးတီဗွီနဲ့
ပြန်ကြည့်ကြသည်။ တိတ်ခွေမည်းမည်းကြီးတွေကိုလည်း တဘက်နဲ့အထပ်ထပ်ထုပ်ပြီးသိမ်းထားကြသည်။
နောက်လှူနိုင်တော့ တာမဟုတ်ဘူး၊ ကြည့်တိုင်း အမှတ်ရအောင်လို့တဲ့။
တစ်ရက်တွင် စာရေးဆရာက သူသိမ်းထားသောတောင်သမန်ကအသံတွေကို
ဒစ်ဂျစ်တယ်သံပြောင်း ဖို့ အချပ်ဘယ်မှာသွားရိုက်ရမလဲမေးလာသည်။ ကျွန်တော်အိုင်တီ ဟိုစပ်စပ်
သည်စပ်စပ်တောင် နည်းနည်းခေါင်းခြောက်သွားရသည်။ သည်ဘက်ခေတ်မှာက တိတ်ဆိုတာ မမြင်ဖူးတော့။
တိတ်နှင့် အသံဖမ်းသောခေတ်လည်းမဟုတ်တော့။ တိတ်ကိုဖွင့်ရသောကက်ဆက်ကလည်း အိမ်တိုင်းမှာမရှိတော့။
အိမ်နီးချင်းပေါက်ဖော်တို့ ကျေးဇူးဖြင့် လေဆာတက်ကနော်လော်ဂျီကသာ အိမ်ဦးခန်းမှာအစွင့်သားနေရာယူပြီ။
စီဒီ၊ ဒီဗွီဒီအချပ်တင်သည့်စင်ကသာခန့်ညားနေပြီ။ အသံဖမ်းကိရိယာလေးထဲက အသံကို ကွန်ပြူတာထဲ
အမ်ပီသရီးဖိုင်အဖြစ် ချကာ အလွယ်တကူအချပ်ရိုက်လို့ရနေပြီ။ တိတ်ထဲက ကွယ်လွန်သွားခဲ့ပြီးသော
အထင်ကရ စာရေးဆရာများ၏ ရှားပါးအသံများ အော်ရီဂျင်နယ်အတိုင်း နားထောင်ဖို့ နည်းပညာကကြားက ကန့်လန့်ကန့်လန့်။
ကျွန်တော်လက်ရှိပစ္စက္ခမှ ငယ်ငယ်ဘ၀က “ငြိမ့်”
ကိုသွားသတိရသည်။ ကျွန်တော်တို့မြို့ရဲ့ တစ်ကြောင်းတည်းသော ကတ္တရာလမ်းဘေးကဆိုင်ကလေး “ငြိမ့်”။
သူတို့ကတော့ ငြိမ့်ညောင်းသာယာခြင်းကို အဖျားဆွတ်ယူတာလား မပြောတတ်သော်လည်း ကျွန်တော်ကတော့
“ငြိမ့်” ကို မြန်မာအဘိဓာန်ထဲလှန်ရှာ သောအခါ “လှုပ်ရှားမှုညင်သာသော” လို့တွေ့သည်။ ကိုယ့်ဘာသာကိုယ်တော့
သာယာမှုတစ်ခုတွင် စီမျော ၀င်နေသည်လို့ဘာသာပြန်လိုက်မိသည်။ “ဒီကောင်သီချင်းနဲ့ငြိမ့်နေတာ၊
စာအုပ်နဲ့ငြိမ့်နေတာ” လို့ ပြောကြဆိုကြတာမဟုတ်လား။ “ငြိမ့်”တွင် အေးချမ်းနှစ်သက်မှုသဘောတွေလည်း
ပါနေပေဦးမည်။ “ငြိမ့်”သို့ ကျွန်တော့်အစ်ကိုတို့လို လူပျိုရွယ်တွေကလည်း ထမင်းစားပြီးချိန်ညနေခင်းများတွင်သွားထိုင်သည်။
လူပျိုကြီး ဆိုင်ရှင်တွေနှင့် လူပျိုရွယ်တွေရဲ့ စကားဖလှယ်ပွဲ။ မျက်စီစားပွဲနေရာ။ တိုင်းရေးပြည်ရာ
အတွေ့အကြုံ တွေကိုမျှဝေရာ။ ဖိနှိပ်ခံနယ်အတွင်းက တစ်ခုတည်းသော လွတ်လပ်သောအသံနေရာ။ အတွေးသစ်
အမြင်သစ် မျက်နှာစာကို ရဲရဲဖွင့်လှစ်ကြရာ သည်နေရာကို လူပျိုရွယ်တွေ နေ့တိုင်း အချိန်တန်လျှင်မနေနိုင်
ချီတက်ကြသည်။ “ငြိမ့်”သွားလိုက်ဦးမယ်ဆိုတာ ပင် လူငယ်စတိုင်ဖြစ်ခဲ့လေသည်။
“ငြိမ့်”သည် အမှန်တော့ တိတ်ခွေငှားဆိုင်လေးတစ်ဆိုင်။
“ငြိမ့်”သည် ၄ခန်း၃ခန်း နှစ်ထပ်တိုက်ကြီး အောက်ထပ်တွင်ရှိသည်။ ငြိမ့်၏ဘေးအခန်းတွင် ပတ်မကြီးတွေ ဗုံတွေ၊
အော်လံတွေ၊ မျက်နှာစာမှာ ဆနွင်းမကင်းကွက်ကာဘာနဲ့စပီကာကြီးတွေ၊ မိုက်စတန်းတွေ ထိုလိုထောင်လောင်ရှိသည်။
သစ်သား မှန်ကောင်တာကြီးထဲတွင်တော့ တိတ်ခွေတွေကို စီရရီရထားသည်။ တိတ်ခွေလေးများ၏ကာဘာတွင်
ရောင်စုံအရုပ်ပုံတွေပါသည်။ ကျွန်တော်တို့က သည်ကာဘာမှ အရုပ်တွေကြည့်ပြီး ငှားရသည်။ တိတ်ခွေဆံက
ဆင်စွယ်ရောင် ဟီတာချီခွေ ဂျပန်မိတ်တွေများသည်။ မောင်ကြေးမုံရဲ့“အညာမိသွားတဲ့အညာသားလေး”၊
“ကောလိပ်ဂျင်”၊ မင်းသိင်္ခရဲ့“မနုစာရီ”၊ သုမောင်ရဲ့ “ဇာတ်ခုံပေါ်မှာကကြတဲ့အခါ”၊ “ဗိုလ်အောင်ဒင်ပြန်လာပြီ”၊
“ထွေးညို”၊ နီဝိုင်းရဲ့“အိုဘယ့်မနူဟာ”၊ လှကျော်နေရဲ့ “အဓီပတိလမ်းပေါ်မှာ လျှောက်ခဲ့ဖူးပါသည်”၊
နိုင်လင်းရဲ့“မှိုင်းဝေချစ်သောခက်သစ္စာ” ဇာဂနာ၊ ပိန်ပိန်၊ စုတ်ချွန်း၊ တက်တူတို့တစ်တွေရဲ့
“မိုးနတ်သူဇာအငြိမ့်” စတာတွေမှတ်မိနေသေးသည်။
“ရက်စက်လှချေလားမမြ၀င်း…ဟင်…ရက်စက်လှချေလား”
“လူတောသူတောမှ မတိုးနိုင်တဲ့လူဆိုး ကြီးဗိုလ်အောင်ဒင်ဆိုတာဟာ…ကျုပ်ဘ၀ဟာ မမြ၀င်းဘ၀နဲ့
လားလားမှမတန်တဲ့…ဇမ္ဗူရာဇ်ရွှေစင်ဟာ သိင်္ဂီရွှေခွက်နဲ့သာ ထိုက်တန်တယ်ဆိုတာ ကျုပ်နားလည်ပါပြီမမြ၀င်း”
“ကျုပ်နားလည်ပါပြီ… နားလည်ပါပြီ” ကောလိပ်ဂျင်ရဲ့လေသံအတိုင်း “ရက်စက်လှချေလားမမြ၀င်း…ဟင်…ရက်စက်လှချေလား”
အတုခိုးပြီးလိုက် ပြောရတာက ခံတွင်းကိုတွေ့လှသည်။
တကယ့်ဟာသလို့မောင်ကြေးမုံတင်ပြသွားတဲ့
“သိဘူးလေနို့”နဲ့ ရောချတတ်သော “အညာမိသွားတဲ့ အညာသားလေး” အူတူတူအတတ ကိုသြ။ သရီးစတက်ကို
မယ်သီလရှင် လူထွက်ဆံပင် လို့ထင်ရှာတဲ့ကိုသြ။ ပြာညိုညက်ပါးကွက်ကြားတွေချည်း
မြင်ဖူးရာက ဖြူညက်ညက် ရန်ကုန်သူရုံးသမလေး“အိ”အလှမှာ ယစ်မူးသွားရှာသောကိုသြ။
ခိုချေးတွေကို မတ်စေ့ထင်မှတ်သည့် ကိုသြ အားသနားရသည်။ ရေခဲကိုလောင်းချိုးပေးနေတဲ့ရေ
ပြားသုံးဆယ်ပေးသောက်ရမှာ နှမျှောရှာတဲ့ကိုသြကို ဂရုဏါသက်ရသည်။ ရထားသွားနေတာမြင်တော့
သွပ်မိုးရုံတွေလိုက်တန်းပြေးတမ်းကစားနေတယ်လို့ အံ့သြတကြီးအော်ပြောသော ကိုသြကရယ်စရာ။
သည်လိုအရိုးခံကိုသြအား လုပ်ကြံရက်သည့်“အိ” ကို ဒေါမနဿပွားရသည်။ နိဗ္ဗာန်သွားသောယာဉ်ပေါ်ပြီလားဆိုပြီး
လှလွန်းသောမှန်ကားကြီးစီးချင်ရှာသော ကိုသြနှင့်အတူ အသုဘကို ကားနှင့်ချသောမြို့ရွှေရန်ကုန်အားသြချရသည်။
ကိုသြ “မြေမြိုပြီ” ဟုအော်ရှာသော ရွှေတိဂုံဘုရားက
ဓါတ်လှေကားဆိုတာ လျှပ်စစ်နှင့်အတက်အဆင်း လုပ်သောလှေခါးနေမှာပေါ့ဟု ကိုယ့်ကိုကိုယ်
အတတ်ကြီး လုပ်တွေးထင်မှတ်ခဲ့သည်။ ထိုအချိန်အခါက ကျွန်တော်တို့ဆီမှာ လျှပ်စစ်ဓါတ်အားဆိုတာ
ပလပ်ပေါက်နှိုက်လို့ ဓါတ်မလိုက်သောကာလ။ နီလာထွန်းဆိုင်မှာ မနက်အပ်ညရွေးရသောဘတ္ထရီသည်သာ
တစ်ခုတည်းသော လျှပ်စစ်ဓါတ်အားပေး လုပ်ငန်းဖြစ်သည်။ ကက်ဆက်ကိုဘတ္ထရီရွေးလာသည်နှင့် အားပြည့်တုန်းနားထောင်
ညချမ်းချိန်ခါရောက်တော့ ထိုဘတ္ထရီသည် သုံးထောင့်ထိုး လေးထောင့်ထိုး ဘတ်သီးများဖြင့်
မီးပေးရသော ခေတ်။
နောက်ဆုံးတွင် ကိုသြက“ခင်ဗျားတို့ရန်ကုန်မြို့ကြီးက
လူတွေအကြောင်းကို လုံးချင်းဝတ္ထုရေးပြီး ဖော် ကောင်လုပ်မလို့…မန္တလေးသားစစ်စစ်ပါ…မြန်မာစာဂုဏ်ထူးနဲ့ဘွဲ့ယူလာတဲ့
မန္တလေးအထက်ပိုင်းမှာ မသိသူ မရှိတဲ့ စာရေးဆရာမန္တလာဥသြပါ” ဆိုပြီးအနိုင်ဂိုးသွင်းသလို
သူချစ်ရှာသော“အိ”ကလည်း “သရုပ်ဆောင်နဲ့ ဇာတ်လိုက်”ဆိုတဲ့ စာတမ်းပြုစုနေတဲ့ အနုပညာသုတေသီရွှေစင်အိပါဆိုပြီး
မတော်ရာနေရာတွေက ဖယ်ခွာကာ ကိုယ့်နေရာကိုယ်ပြန်ဝင် ဇာတ်သိမ်းလိုက်တော့ ပရိတ်သတ်ကျွန်တော်တို့
ဘ၀င်နှလုံးကျကာ စိတ်ချမ်းမြေ့သွား ရသည်။ ဘတ္ထရီလေးကုန်သွားတာတောင်တန်တယ်ဟပေါ့။
ဒါ့ကြောင့်“ငြိမ့်”သည် ငါးနှစ်ကျော်ဆယ်နှစ်သား
ကျွန်တော်တို့အတွက် ရသဘဏ်တိုက်ဆိုနိုင်သလို သုတဘဏ်တိုက်အဖြစ်လည်းဆိုနိုင်ကောင်းခဲ့သည်။
ကျွန်တော်တို့မရောက်ဖူးသောအရပ်တွေကို အသံထွက် ဇာတ်လမ်းတွေထဲမှရောက်သည်။ လောကပရိယာယ်တွေကို
ဇာတ်လမ်းတွေထဲမှာ ထိတွေ့သည်။ တွေးစရာမြင်စရာတွေလည်း ဇာတ်လမ်းထဲမှာရသည်။ ထပ်ဆင့်အကယ်ဒမီကောလိပ်ဂျင်နေ၀င်းတို့
ဓနုဖြူ ကြည်ကြည်သိန်းတို့၏အနုပညာတွေက အသံဖြင့်အရုပ်ထင်စေသဖြင့်လက်ဖျားခါရသည်။ တစ်နည်းဆိုရလျှင်
“ငြိမ့်”ရှိ ကက်ဆက်တိတ်ခွေများသည် ကျွန်တော့်ဘ၀အတွက် ကနဦး အသံထွက်စာအုပ်များဘဲဖြစ်ခဲ့လေ
သည်။ စာရေးဆရာ တစ်ဦး က ငါဘာလို့စာရေးသလဲဆိုရင် မင်းတို့မခံစားဖူးသေးတဲ့ ငါကြုံခဲ့ရ၊
တွေ့ခဲ့ရ၊ တွေးရခဲ့တဲ့ ဘ၀တွေကို ပြောပြချင်လို့ လို့ဆိုသည်။ ဒါမှမင်းတို့မဆင်းရဲဖူးရင်
ဆင်းရဲသားဘ၀ကို နားလည်တတ်မယ်။ မချမ်းသာဖူးရင် ချမ်းသာတဲ့သူရဲ့မငြိမ်းနိုင်သောသောကတွေကိုသိမယ်။
ဝန်ထမ်းမလုပ်ဖူး ရင် တောင်ပြေးမြောက်ရောက် နယ်စုံ ရောက်ဗဟုသုတ ဒုက္ခတွေကိုတွေ့ရမယ်။
ဒါကြောင့်စာရေးတာတဲ့။ ကျွန်တော်တို့ငယ်ငယ်ဘ၀မှာတော့“ငြိမ့်”မှ အသံထွက်ဝတ္ထုတွေဖြင့်ငြိမ့်ခဲ့ကြလေသည်။
ကျွန်တော့်ယောက္ခမကြီးက ကင်ချီစီးရီးများကို
အလွန်ကြိုက်သည်။ တစ်နေ့မကြည့်ရလျှင် ဘိန်းငတ် သလို တစ်ခွေခွေ တစ်ယိုင်ယိုင်မှိုင်နေတတ်သည်။
သူကြည့်နေတော့ကျွန်တော်လည်း လိုက်ကြည့်ဖြစ် သောအခါ အဆက်ဖြတ်မရတာများရှိတတ်သည်။ ထိုကင်ချီစီးရီးများသည်
ဘိန်းထက်စွဲ သည်ကိုလူများအသိ။ မြန်မာတစ်နိုင်ငံလုံး ထိုကင်ချီစီးရီးမစွဲသောသူများ ခပ်ရှားရှားပင်ဖြစ်မည်။
အထူးသဖြင့် အမျိုသမီး ပရိသတ်ထုထဲ ရေရေလည်လည် စိမ့်ဝင်သွားသည်။ သူတို့ပေါင်ဖွေးဖွေးနှင့်
စကဒ်အတိုဝတ်သည်ကို ခြင်ကိုက်ရာအမာရွတ်တွေနှင့် ပြာကျင်ကျင်တွေကလည်း လိုက်ဝတ်ကြသည်။
ထိုကားများအားစွဲစေသော အရာသည် အဖေနှင့်သမီးတွေ့ရတော့မလိုလိုနှင့်မတွေ့နိုင်တာ၊ သူဌေးဖြစ်တော့မလိုလိုနှင့်
မဖြစ်နိုင်တာ၊ ချစ်သူနှင့်ကြင်သူ နားလည်မှုယူနိုင်တာကို ကြားလေသွေးလို့ တစ်လွဲတွေး တွေးရင်လွဲနေသော
အလွဲအမျိုးမျိုးဖြင့် မျက်စီပသာဒဖြစ်အောင်ရိုက်သွားနိုင်တာဟုထင်သည်။ တစ်ခါတစ်ခါ ငါတို့ဆီကကားတွေ
ညံတယ်ကွာလို့ပြောလိုက်မိတဲ့အထိ။ နန်းတွင်းဆိုလည်းနန်းတွင်းမို့လို့၊ ခေတ်သစ်လေယာဉ်တွေနှင့်
စစ်ဆင်တာဆိုလည်းစစ်ဆင်တာမို့လို့၊ နည်းပညာဆိုလည်းနည်းပညာမို့လို့ ယုတ္တိကိုတန်နေလေသည်။
သို့သော် သူတို့စီးရီးတွေ၏အဓီက အသက်ဟုဆိုနိုင်သော တစ်ယောက်နှင့်တစ်ယောက် တစ်ဘက်ကပြုံးပြပြီး
တစ်ဘက်ကကောက်ကျစ်တာ တစ်ဘက်ကကြင်နာယောင်ဆောင်ပြီး တစ်ဘက်ကရက်စက်ပြတာ အလိမ်အညာတွေကို
အပြုံးနဲ့ဖုံးပြတဲ့လှည့်ကွက်တွေသည် နေ့တိုင်းထိတွေ့ယဉ်ပါးလာသောအခါ ကျွန်တော်တို့ ယနေ့ ကြုံနေရတာတွေသည် ဒါကြောင့်လားလို့ပင်တွေးထင်လာမိတော့သည်။
ကျွန်တော့်မိတ်ဆွေစာရေးဆရာကတော့ စာပေဟောပြောပွဲတစ်ခုတွင်
သူလည်းကျော်ဟိန်းကို ခရေဇီ ဖြစ်ခဲ့ဖူးပါတယ်တဲ့။ အခုခေတ်လူငယ်တွေ ဘာဘဲအတုခိုးခိုး တစ်ချိန်ကျရင်
ဒါငါတို့ယဉ်ကျေးမှု မဟုတ်ပါလား ဆိုပြီး ချန်ထားရစ်ခဲ့ဖို့ စာများများဖတ်ဖို့လိုတယ်လို့ဆိုခဲ့သည်။
“ဟင်…သစ္စာ…ဟုတ်လား… ဒီအကောင်ဒီရွာကို ပြန်လာပြီး…လူစွာလုပ်ဦးမှာနဲ့တူတယ်…မကြာခင်သာဒင်နဲ့တွေ့ကြသေးတာပေါ့ကွာ”
“ကိုသစ္စာ…ကိုသစ္စာ… သြော်ကိုသစ္စာခမျာလည်း နေရာဟောင်းကိုလာပြီး ထွေးညိုလေးကိုလွမ်းနေတာကိုး”
“ကိုကြီးသာဒင်ဒီပေါ်က ကျတာ အောက်ကမြေကြီးခံနေပေလို့ပေါ့ကွာ…မြေကြီးသာမခံရင် အ၀ီစီတောင်ရောက်သွားနိုင်တယ်နော်…
အ၀ီစီကိုရောက်သွားနိုင်တယ်…အစ်ကိုကြီးသာဒင် အ၀ီစီကိုရောက်သွားနိုင်တဲ့ အရည်အချင်းရှိတယ်….”
ကဲကျွန်တော်တို့ချာတိတ်ဘ၀က“ငြိမ့်”ကရော မငြိမ့်လားဗျာ။
No comments:
Post a Comment