Pages

Sunday, January 8, 2012

ဆရာသို့........

         ဆရာ အေးချမ်းစွာ ပြန်ရောက်တာသိရလို့ ၀မ်းသာပါတယ်။ Messageတွေလည်းရပါတယ်။ ဆရာ့မေတ္တာနဲ့ ခင်မင်မှုတွေကို တစ်သက်လုံး လေးစားနေမှာပါ။ အမှန်တော့ ဆရာနဲ့ ရက်တော်တော်များများ အေးအေးဆေးဆေး မုန့်စား၊ ထမင်းစားရင်း စကားတွေပြောချင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့အတွက် အားလပ်ချိန်က နည်းပါးလွန်းပါတယ်။ တင်းကြပ်စည်းနှောင်နေတဲ့ ဘ၀အမောတွေ ထဲမှာ သည်လိုအချိန်လေးတွေက တပ်မက်စရာပါ။ ဆရာနဲ့ အတွေးချင်း တူနိုင်မယ်ထင်လို့ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)ရဲ့ “တောတန်းအလွန်” အက်ဆေး တစ်ပိုင်းတစ်စ ကူးရေး ပေးလိုက် ပါတယ်။ ဆရာ့ကို စာအုပ် ပို့ပေးပါ့မယ်။
ညို့ဆိုင်းနက်ရှိုင်းတောတန်းကဖြင့် လှပေရဲ့
ဒါပေမယ့် ငါ့မှာတည်ရမယ့် ကတိတွေနဲ့ပါလား
မအိပ်ခင်သွားရ ဦးမယ့်ခရီးမိုင်တွေနဲ့ပါလား
မအိပ်ခင်သွားရ ဦးမယ့်ခရီးမိုင်တွေနဲ့ပါလား

“ကြည်နူးဆွတ်မြ ခံစားရခွင့်ဆိုသည်ကလည်း ဘ၀မှာ အစဉ်ထာဝရ “ရမြဲရ” တတ်သော အရာမဟုတ်ပါချေ။ သစ်ရိပ်ဝေေ၀၊ တောတန်းအေးအေး၊ ညနေနွေးနွေး၊ ပန်းမြမွှေးမွှေးတို့သာရှိမည့် သီးခြားဖြစ်သော ကမ္ဘာလေးထဲ ကြာတောင့်ကြာရှည် လွင့်မျောမိန်းမူးနေလို့မဖြစ်။ လူသားတစ်ယောက်အနေဖြင့် ထားရှိသောကတိ၊ ထမ်းရမည့်တာဝန်၊ မွေးဖွားလာသည်မှ သေလွန်သည်အထိ တစ်ဘ၀စာ သို့မဟုတ် ဘ၀တို့အဖန်ဖန် ဖြစ်ပြန်ပြောင်းလဲတတ်သော တစ်သံသရာဆုံးသည်အထိ တနုံနုံတနဲ့နဲ့နှင်ရလေဦးမည့် ခရီးတာဆိုသည်တို့ကို မေ့လျှော့ချန်သွား ပစ်ပယ်ထားလို့မဖြစ်။ သားသမီးက အမိအဖအပေါ် တည်ရမယ့်ကတိ၊ မိတ်ဆွေရောင်းရင်းက သူ့အပေါင်းအသင်းရဲဘော်ရဲဘက် အပေါ် တည်ရမယ့်ကတိ၊ အိမ်ဦးနတ်က သူ့မိသားစုအပေါ် တည်ရမယ့်ကတိ၊ ရပ်ရွာလူကြီးက သူ့ရပ်ရွာအပေါ် တည်ရမယ့်ကတိ၊ နိုင်ငံသားတစ်ယောက်က သူ့တိုင်းနိုင်ငံအပေါ် တည်ရမယ့်ကတိတွေကို မေ့လျှော့ပစ်ပယ်၍ တောတန်း နံဘေး၊ မည်မျှကြာရှည် ရပ်ကြည့်ငေးမောလွင့်မျောနေနိုင်ပါမည်နည်း။
     တစ်ချို့သောသူတို့တောတန်းမှာ စာပေ၊  ဂီတ။ တစ်ချို့သောသူတို့တောတန်းမှာ အနုပညာတစ်ခုခု ဖြစ်သည်။ တစ်ချို့သော သူတို့တောတန်းမှာ ယမကာဖြစ်သည်။ တစ်ချို့သော သူတို့ တောတန်းမှာ .....အစရှိသည်ဖြစ်မည်။ ထူးခြားကံကောင်းသောသူတစ်ချို့သာလျှင် သူတို့တည်ရမယ့် ကတိတွေကို သူတို့ ချစ်သော တောတန်းကလေး၌ သိမ်းမြှုပ်ထားနိုင်ကာ တောတန်းကလေးကို အစဉ်ထာဝရ ဖက်ပွေ့ကြည်နူး နေဖို့ အခွင့်ရကြသည်။
တစ်ခုပဲရှိပါသည်။ စိမ်းဖန့်စိုလတ်သောတောတန်းနံဘေး၌ ကြာရှည်ကြာမျော နေလိုဇောဖြင့် တည်ရမယ့် ကတိတွေကို “ထိုးကျွေးမပစ်သင့်ဟုကျွန်တော်ထင်ပါသည်။”   တဲ့ 
            ဆရာရေ
                       ဆရာမောင့်ရင့်မာ(ကျောင်းကုန်း)ရဲ့ တောတန်းအလွန် အက်ဆေးဖတ်ပြီးချိန်မှာ ဆရာ လည်း အတွေးတူနေမယ်ထင်ပါတယ်။ ကျွန်တော်တို့တစ်တွေ တောတန်းလေးဘေးမှာ အေးအေးဆေးဆေး ကျောက်ခုံးလေးချ၊ ငေးမောနေဖို့ အချိန်သိပ်မရကြဘူးနော်။ ကျွန်တော်တို့ မက်မောကြတဲ့ တောတန်းလေး မပျောက်သွားဖို့အရေးတော့ ပြုစုပျိုးထောင်ကြရမယ် ထင်ပါရဲ့။ တကယ့်ရင်ထဲကလာတဲ့ လေးစားခင်မင်မှု ရေစင်တွေ သွန်းလောင်းရင်းနဲ့ပေါ့။ တစ်ခြားတပည့်တူကျွန်တော်တို့ သူငယ်ချင်းတွေကိုလည်း ဒီစာလေးမျှ ဝေပေးပါ။ ဆရာ့အိမ်မှာ အခုလို အေးအေးချမ်းချမ်း ဆောင်းရာသီမှာ တစ်ခါလောက်တော့ ငယ်သူငယ်ချင်း တွေနဲ့ တောတန်းလေး ငေးချင်သေးတယ်။

““ယာဉ်အိုယာဉ်ဟောင်းများဖျက်သိမ်းပြီးနောက်…..””


ကျွန်တော်ထံတွင် ကားအိုလေးတစ်စင်း ပိုင်ဆိုင်ခဲ့ပါသည်။ လွန်ခဲ့သောနှစ်က မိသားစု ကားလေးနှင့် နယ်ဝေး ဘုရားဖူးသွားနိုင်ရန် ကားအိုလေးအား ပြင်ဆင်ကြပါသည်။ အပြင်ဆေးတွေကို ခွာလိုက်သောအခါဝယ် အရိုးတွေ အပြိုင်းပြိုင်းထ ရိဆွေးနေသော ရုပ်ကြွင်းတစ်ခုလို မြင်ရပါတော့သည်။ ဟိုမှာချုပ် သည်မှာတည်းနှင့် ဆက်စပ် ဖာထေးပြီး foundation ပတ်တီးထူထူ ပေါ်တွင် ကွန်ပြူတာဆေးလေး တင်လိုက်သောအခါဝယ် ပြင်တတ် ဆင်တတ်သော လေးဆယ်ကျော် မမရုပ်လောက်တော့ ထွက်လာပါသည်။
ထို့နောက်များမကြာမီ Heart ထိစေသော သတင်းစကား ကြားရပါသည်။
““ယာဉ်အိုယာဉ်ဟောင်းများဖျက်သိမ်းမည်””
 သို့သော် USDollar-3500မကျော်သော ကားဝယ်ခွင့်ရမည် ဆိုသဖြင့် ၃၅၀၀x၈၀၀=၂၈၀၀၀၀၀ိ/- ဟု တွက်ပြီး တော်သေးရဲ့ဟုတွေးကာ ကားသစ်ကို သိန်းသုံးလေးဆယ်နှင့်ဝယ်နိုင်ရေး အပြေးအလွှား ကားအပ်ပြီးချိန် မတော့...
Mark II ရွှေငါးက မြန်မာပြည် အရောက် သိန်း(၂၀၀)ကျော် လောက်ကျမယ်။ အခွန်ရောဆိုတော့ နိုးနိုး အခွန်က မပါသေးဘူးလေ။…...အခွန်က ကားရောက်မှ ခင်ဗျားတို့ ဘာသာဆောင်ရမှာ......ဘုရားရေ။ USDollar-၃၅၀၀ မကျော်ရဘူးဆို။…..နိုးနိုး....Model-2002 မကျော်ရင် ပြီးရော။ Websiteမှာ ဒေါ်လာ၂၀၀၀ ပတ်ဝန်းကျင်တန် ကားတွေ တွေ့တယ်လေ။  ဒါက ခင်ဗျားကိုယ်တိုင် ၀ယ်မှမရဘဲ။……အဟုတ်လား....ဟုတ်တာပေါ့ဗျာ….. ခင်ဗျား ကားဝယ်ဖို့ ပိုက်ဆံ ဘယ်က လွှဲမလဲ။ သင်္ဘော ဘယ်သူက တင်ပေးမှာလဲ။ ခင်ဗျားမှာ နိုင်ငံခြားဝင်ငွေ Account ရှိလား။ ဒါဆိုရင် ကျွန်တော်ဘယ်လို ၀ယ်ရမလဲဗျာ။ဆိုတော့ လွယ်ပါတယ်။ ကျွန်တော်တို့ ၀ယ်ပြီးသား ကားဝယ်လိုက်တဲ့။ အိမ်အရောက် ဆောင်ရွက်ပေးမယ်။.....ဒါဆို ကျွန်တော် ဘယ်လောက် ကုန်မလဲ။ ပြောပြီး ပြီးလေ။ ကားအရောက် သိန်းတစ်ရာ အထက်သုံးရပါမယ်လို့။
ဒီလိုတော့ ဘယ်ရမလဲ။ ငါကလူလည်ဘဲ။ ဂျပန်က ကားဈေးအတိုင်းဝယ်ပေးတဲ့ ကုမ္ပဏီရှာမပေါ့။ အညာ သား အတတ အောင်မေ့လို့…….
ကားက ဂျပန်လေလံ Websiteကအတိုင်း လေလံဆွဲပေးတာပါတဲ့။.ဟုတ်ချေပြီ ဒါမျိုးမှပေါ့။ ဒီနေ့တွေ့ နေရတဲ့ စာရင်းထဲက ကားတွေကို လေလံဆွဲပေးပါတယ်။ ဟိုက ဈေးအတိုင်းဘဲ ရပါမယ်။.....ကြိုက်ပြန်ပြီ။ ဒီလိုမှ မြန်မာချင်း စာနာရာ ရောက်မပေါ့။ လေလံကို ဘယ်လောက်က စတင်ရမလဲ။ အနည်းဆုံး ယန်း-၃၅၀၀၀၀လောက် စထည့် ရပါမယ်။ မြန်မာငွေ ဘယ်လောက်......တွက်ပေးမယ်လေ။ ယန်း၃၅၀၀၀၀x၀.၀၁၃၀၀=၄၅၅၀ကို တစ်ဒေါ်လာ ၈၀၀ နှုန်းနဲ့မြှောက် ၃၆၄၀၀၀၀ိ/-လောက် ရှိမယ်။ ဒါဆိုရင် ကားရ ရောလားဆိုတော့ မပြောနိုင် သေးဘူး။ အဲ့ဒါ စမယ့်ရဈေးတဲ့။ မရရင် ထပ်တိုးရမယ်။……Websiteမှာက ကြမ်းခင်းဈေး ယန်း၃၀၀၀၀ လောက်နဲ့ဘဲ စထားတယ်လေ။ ယန်း၄၀၀၀၀ လောက်နဲ့စလို့ မရဘူးလားလို့ အတွန့်တက်မိရာ.....ခင်ဗျားသဘောဘဲ။ ယန်း၄၀၀၀၀နဲ့ လေလံခလုတ်နှိပ်လို့ မအောင်ရင် ခလုတ်နှိပ်ခမြန်မာငွေ ၃၀၀၀၀ိ/-လောက် ခင်ဗျားပေးရမယ် ဆိုပါလား ဘုရားဘုရား ဒါဆို တဖြည်းဖြည်းချင်းတိုးဖို့ တစ်ကြိမ်ခလုတ်နှိပ်တိုင်း ၃၀၀၀၀ိ/-တိုးလို့ ငါးကြိမ် ခလုတ် နှိပ်ရရင် ၁၅၀၀၀၀ိ/- ကုန်သွားမယ်။ ဒါကြောင့် ကျွန်တော်တို့ ပြောသလောက်နဲ့ စပါတဲ့။
ဟုတ်ပါပြီ။ ကျွန်တော်လည်း သိန်း(၃၀)(၄၀)လောက်ဘဲ တတ်နိုင်တော့လေ.......နိုးနိုး…...နိုးနိုး…...မရ သေးဘူး။......ဘုရားရေ….ဘာများကျန်…..ဒါကကားဈေး သင်္ဘောတင်စရိတ်က (၁၅)သိန်းလောက်ထပ်ပေါင်း။ နောက်ရော.....ကျွန်တော်တို့ဝန်ဆောင်ခ.......၀န်ဆောင်ခကဘယ်လောက်…….(၂၄)သိန်းပါ…....ဘာ…...ဘာလို့(၂၄)သိန်းယူ…....ယူ…....ခင်ဗျားကား ပါမစ်လျှောက်ဖို့ ကျွန်တော်တို့က Accountပြပေး ရတယ်လေ။ (၂)လ(၃)လမှ ငွေပြန်ထုတ်လို့ရတာ။ အတိုးနဲ့တွက်ကြည့်တဲ့။ (ဘာကိုတွက်ရမှာလဲ။ ဘယ်လို တွက်ရမှာလဲ မသိတော့။ ခေါင်းတွေပါ ထူကုန်သည်။)
ဒါဆိုပြီးရောလား။ ကားရပြီနော်။....နိုးနိုး....နိုးနိုး....မရသေးဘူး။ သူ့““နိုး””ကဆက် ““နိုး”” တုန်း။ ဘာတွေများ ဘယ်လောက်တောင် ကျန်သေးတာလဲဗျာဆိုတော့ ကားလေလံကွင်းကနေ.....ကားဆွဲခ၊ ဂျပန်အစိုးရ ကိုအခွန် 5%၊ နံပါတ်ရှိရင် ဖျက်သိမ်းခ၊ ခင်ဗျားမှာ အခွန်ဆောင် မှာနဲ့ဆိုရင် သိန်း(၂၀၀)နီးနီး ကျော်ရှိမှ ကားစီးလို့ ရပါမယ်။ တန်ပါတယ်ဗျာ။ သိန်း(၂၀၀)ကျော်ကျော်လောက်နဲ့ ဂျပန်အောက်ကားလေး စီးရတာပေါ့။ အခုစီးနေရတဲ့ ကားတွေ ထက်တော့ အပုံကြီးသာပါတယ်။
ဘုရားရေ....ကျွန်တော်အပ်လိုက်သောကားက မိသားစုစီးရန်(၄၂)သိန်းနှင့်ဝယ်ပြီး(၁၀)သိန်းဘိုးပြင်စီးသော ကား၊ စုစုဆောင်းဆောင်းပစ္စည်းရောင်းလျှင် သိန်းသုံးလေးဆယ်၊ နောက်မှာရမယ့်ကားက သိန်း(၂၀၀)လောက်ရှိမှ ဆိုရင်......
““ အမျိုးသမီးနှင့်သမီးအား သိန်း(၃၀)လောက်နှင့် ကားသစ်ကြီးစီးရမည်ဟု သွေးဆောင်ကာ အလျင်အမြန် ကားအပ်လိုက် မိပြီးနောက် မည်သို့ ဘာသာပြန်ရမည်ကို တွေးရင်း ထမင်းစား မ၀င်သော ရောဂါဖြင့်””
သို့သော် ကျွန်တော် ဇွဲမလျှော့နိုင်ပါ။ ပညာတတ်မာန် ဓါတ်ခံကလည်း ရှိမဟုတ်လား။ (အမှန်တော့ မရှိပါ ကိုယ့်ကိုယ်ကို ထင်ခြင်းသာ ဖြစ်ပါသည်) Internet ပေါ်က Website များတွင် USDollar-2000ကျော်နှင့် ကားကောင်းကောင်းတွေ တွေ့ပါလျှက်….နည်းတော့ရှိရမည်။ သတင်းWebsite များတွင် Information ရှာသော အခါဝယ် …….
““ ကားအပ်ထားသော စလစ်ရှိလျှင် သိမ်ဖြူငွေလဲစင်တာမှ ဒေါ်လာရောင်းပေးမည်။ အဆိုပါ စလစ်နှင့်အတူ သိမ်ဖြူစင်တာ၏ ငွေရောင်းပြေစာ ပြလျှင် MICB(သို့)MFTBတွင် ကားတင်သွင်းရန် Account ဖွင့်လို့ရမည် ““
ဆိုသော သတင်းရသောအခါ လဲကျနေသော စိတ်ဓါတ်က နလံထ လာနိုင်သည်။ ဒါဆို Account ရမည်။ Accountရှိ လျှင် ကိုယ်တိုင် ကားသွင်းလို့ ရတော့မည်။ ဒါ့ကြောင့် ရန်ကုန်သွားရမည်။ ရန်ကုန်က ဆွေနီးမျိုးချင်းများ၊ မိတ်ဆွေများ အားဖုန်းဆက်ရာ အားလုံးက ကူညီမည် လာခဲ့ပါပေါ့။ အကုန်လိုက် ပို့မည်ပေါ့။ ရန်ကုန်ရောက်တော့ ၀ိုင်းကူညီကြသည်။ နေရာအစုံ စေတနာဗလပွနဲ့ လိုက်ပို့ကြသည်။ သို့သော် ဂျပန်မှာ ကုန်ကျသောကားဆွဲခ၊ အခွန်၊ နံပါတ်ပြား ဖျက်သိမ်းခများ ထည့်မတွက်ပြကြသည်မှအပ ထူးမခြားနားပင်။ တစ်မျိုးထူး၍ ရေဒီယိုသတ္တိ ကြွစစ်ဆေးခ ဆိုတာပါ ပါလာသေးသည်။ ကားဘိုးသက်သာလျှင် သင်္ဘောတင်ခက ဈေးကြီးသည်။ သင်္ဘောတင်ခ သက်သာလျှင် ၀န်ဆောင်ခနှင့် ဂျပန်မှ ကုန်ကျစရိတ်တွေတွင် တင်ထားသည်။ ၀န်ဆောင်ခ သက်သာပြန်တော့ ကားတန်ဘိုး+သင်္ဘောခ(CIF)ဈေးက များပြန်သည်။ နောက်ဆုံးတော့ ဒုံရင်းဒုံရင်းပင် ဖြစ်ပါသည်။ ဒါတောင် ကားရောက်လျှင် ဆိပ်ကမ်းမှ ထုတ်ရန် အတွက် Agentအား အပ်ရမည်(၁)သိန်းခွဲခန့်ကုန်ဦးမည်ဆိုဘဲ။ သည်ထဲမှာ အစ်ကိုက သူ့သူငယ်ချင်း ကားသွင်းသည် ဆိုသောကြောင့် ဖုန်းဆက်ပြီး လှမ်းမေးမိလိုက်သောအခါ.....
ဟယ်လို…...ကျွန်တော်------ညီပါ…...ကျွန်တော် ကားအပ်ထားတော့လေ။ ဂျပန်ကနေ ကားလေးဈေး ပေါပေါနဲ့ သွင်းချင်လို့ပါ။ .....ဘယ်လောက်သုံးမှာလဲ။.......ခင်ဗျာ......ငါပြောတာ မင်းဘယ်လောက် သုံးမှာလဲ …....ဟုတ် သိန်း(၃၀)(၄၀)လောက်တော့စဉ်းစားထား.......မရဘူး….. ခင်ဗျာ.....မရဘူးလို့ .....သင်္ဘောတင်တဲ့ ကုန်ကျစရိတ်တောင်သိန်း(၅၀)လောက် ရှိတယ်။ မင်းပိုက်ဆံလောက်နဲ့ ဘာမှမရဘူး…....ဒါဘဲ......။ တုံးတိတိနဲ့ ချသွားသော ဖုန်းသံအဆုံး ကျွန်တော့်ရင်ထဲတွင်............
နောက်ဆုံး ကျွန်တော် တနင်္ဂနွေသား ဂဠုန် ဆားချက်ပါသည်။ ကျွန်တော်၏ နောက်ဆုံးအကြံလည်း ဖြစ်ပါသည်။
      ကျွန်တော်အား ဂျပန်မှ မှန်မှန်ကန်ကန်ဈေးနှင့် ကားဝယ်ပေးပြီး သင်္ဘောတင်ခ မှန်မှန်ကန်ကန်ဖြင့် ရန်ကုန် အရောက် တင်ပေးမည့် အကျိုးဆောင်ကို ရှာမည်။ ကိုယ်တိုင် ကားစလစ်ပြပြီး သိမ်ဖြူစင်တာက ဒေါ်လာဝယ်ကာ Account ဖွင့်မည်။ ပြီးလျှင် ကားပါမစ် လျှောက်ကာ ကားသွင်းမည်။ ရှာကာဖွေကာနှင့် ဂျပန်မှာ ကားဝယ်ပေးပြီး သင်္ဘောတင် ပေးမည့်သူ ကားတွေ့ပါသည်။
Nissan Primera model year2000.sedan 4Door 2000cc. နှင့် Nissan Primera sedan 4door. 2000cc.model year2001အပါအ၀င် အခြားကားတို့ကို ရန်ကုန်အရောက်ဈေး CIF ယန်း၅၀၀၀၀၀ဖြင့် ၀ယ်ပေး မည့် သူများတွေ့ပါသည်။ ယန်း၅၀၀၀၀၀x၀.၀၁၃၀၀=၆၅၀၀ USDollar ဆိုလျှင် မြန်မာငွေမှာ ၆၅၀၀x၈၀၀=၅၂၀၀၀၀၀ိ/-သာ ကျပါသည်။ ထိုအတွက် ၀န်ဆောင်ခ-၃၀၀၀၀၀ိ/-ထက် မပိုသောနှုန်းသာ ယူပါမည်တဲ့။ ကျန်ကိစ္စများကိုယ်တိုင် လုပ်ရန်ဟုဆိုသည်။ 2000Model အောက်ဆိုလျှင် သည့်ထက်သက်သာရန် ရှိသဖြင့် မှန်းချက်နှင့် နှမ်းထွက်ကတော့ ကိုက်နေပြန်သည်။
““ သို့ရာတွင် ”” ထို ““ သို့ရာတွင် ““ က ရှိနေပြန်ပါသည်။
(၁)ကားပါမစ် လျှောက်လျှင် Account ပြရမည်။ ထိုAccount မှ LC လွှတ်ရန်လိုသည်ဟု ပြောကြပြန်သည်။ ထို LCလွှတ်ရန် ကလည်း Singapore ကနေတစ်ဆင့် လွှတ်ရမည်ဟု ပြောကြပြန်သည်။ Singaporeတွင် အခံမရှိ လျှင် အဆင်မပြေ ဖြစ်နိုင်သည်။
(၂)အပြင်မှာ နားလည်မှုဖြင့် ကားဖိုးချေလျှင်တောင် Accountမှငွေကို LC လွှတ်ပြီး Singaporeလိုမျိုးက ပြန်ဝင်မှ Accountတွင် ထည့်ထားသော ပိုက်ဆံပြန်ထုတ်လို့ ရမည်ဟုလည်း ဆိုကြပြန်သေးသည်။
(၃)သင်္ဘောတင်ရန် ပါမစ်မှမည်သည်ကို ပို့ပေးရမည်။ ဥပမာ-ပါမစ်မိတ္တူကို ပို့ပေးရမည်လား ကိုယ့်ကားကို သဘောင်္တင်လာပြီး ရန်ကုန်ဆိပ်ကမ်းရောက်မှ ပါမစ်ပြရွေးရမည်လား ဆိုတာခက်ခဲနေပြန်သည်။ လုပ်နည်းလုပ်ဟန် မမှန်လျှင် ကားရွေးမရမှာ စိုးရပြန်သည်။ ဟိုဘက်ကတော့ ပါမစ်ပါအချက်အလက် အချို့ပေးလျှင် သင်္ဘောတင်၍ ရသည်ဟု ဆိုသည်။ ဤသည်များက ကုမ္ပဏီများ၏ လျှို့ဝှက်ရတနာများ ဖြစ်၍ မည်သူမျှ ရှင်းမပြကြပါ။
ထိုအချက်များ ပေါ်လာသောအခါ ကျွန်တော်ဂဠုန် လက်မှိုင်ချရပါတော့သည်။ ရန်ကုန်တွင် နေရင်း ဟိုသွား သည်သွား......လိုင်းကား  မစီးတတ်သောကြောင့် တက္ကစီခတွေ ပွန်းစားကုန်ပါတော့သည်။ ထမင်းစား၊ တည်းခိုစရိတ် တစ်ထောင်တန်(၂)အုပ် ပြုန်းပြုန်းပြုတ် သွားသောအခါဝယ် ပြန်ရန်ဆုံးဖြတ်ရပါတော့သည်။ ကားပြခန်း ဖွင့်သည်အထိ မစောင့်လိုဘဲ သူများမစီးခင် ဂျပန်ကား လတ်လတ်ဆတ်ဆတ်ကို စီးပြလိုသော ကျွန်တော် ထသွားမှ ကျိုးမှန်းသိရ ပါတော့သည်။ မာန်ကြီးသော ခါချဉ်ကောင်ကို တောင်ကြီးကတော့ ပြုံးပြုံးကြီး လှောင်ပြ နေခဲ့ပါသည်။ နောက်ဆုံးတွင် သမီးအတွက် JDonut တစ်ဗူးဝယ်၍ မီးရထား၏ ဆောင့်တစ်လှည့် အောင့်တစ်လှည့် ခရီးတွင် ငါတို့ပြီးရင် မင်းအလှည့်လည်း လာမှာပါဟု ကျိန်ဆဲရင်း အညာမြေသို့ ကုပ်ကုပ်ကလေး ပြန်လာပါတော့သည်............

Saturday, January 7, 2012

“ ထလော့မိုးကုတ်သား၊ အို…..မိုးကုတ်သားတို့ ”


           “ ထလော့မိုးကုတ်သား၊ အို….မိုးကုတ်သားတို့ ” ဟိုစဉ်အခါက ဆရာဇော်ဂျီက မြန်မာနိုင်ငံသားတို့ကို ဤသို့ နိုးခဲ့ဖူးသည်။ ဆရာက “သင်သေသွားသော်” ကဗျာအားလည်း ရေးခဲ့သည်။ ကျွန်တော်သည် ဆရာ့မျိုးချစ်စိတ်နှင့်ယှဉ်သော် ကောင်းကင်နှင့် မြူမှုန်မျှသာ ရှိချေမည်။ သို့သော် ဆရာ့၏ “သင်သေသွားသော်” ကဗျာနောက်သို့တော့ လိုက်လိုသည်။ အဘယ့်ကြောင့်ဆိုသော် မိုးကုတ်ဘိုးဘေဘီဘင်က ဆင်းသက်သော မိုးကုတ်သားစစ်စစ်ကြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။
“ ထလော့မိုးကုတ်သား၊ အို…မိုးကုတ်သားတို့ ” ဟု ခင်ဗျားက ဘာကြောင့် နိုးနေရတာလဲဆိုလျှင် ကျွန်တော်တို့ ဇာတိသားတွေ ကာလအတိုင်းအတာ တစ်ခုထိ အိပ်ပျော်နေခဲ့ကြသည်။ မအိပ်ပျော်ခင်ကတော့ အသွက်လက်ဆုံး အနှိုးကြားဆုံး သူများသာ ဖြစ်ခဲ့ကြသည်။ မည်မျှ သွက်လက်နှိုးကြားခဲ့ပါသနည်း ဆိုလျှင် ဆရာသော်တာဆွေက တစ်ခုပ်တစ်ရ ပြောပြခဲ့ဖူးသော ဦးမြမောင်(မန္တလေးဒါးတန်းရေခဲစက်တည်ထောင်လုပ်ကိုင်ခဲ့သူ)အကြောင်းကို ဆရာ့စာတွေထဲ ပြန်ဖတ်ရလျှင် သိနိုင်ချေမည်။  ယခုအချိန်တွင် ကျွန်တော်တို့ မိုးကုတ်သားတွေ နှိုးထ ရပါတော့မည်။ သမ္မတကြီး လက်ထက်ရောက်နေပါပြီ။ မြန်မာ့ရေမြေ သဘာဝနှင့်ကိုက်မည့် ဒီမိုကရေစီကို ဖော်ဆောင်မည်ဖြစ်ကြောင်း သမ္မတကြီးတို့ပြောနေသော အချိန်လည်း ဖြစ်ပါသည်။ သမိုင်းဘီးတစ်ရစ် စတင်လှိမ့်ရတော့မည် အချိန်ကာလလည်း ဖြစ်ပါသည်။
            သမိုင်းဘီးတစ်ရစ် မစတင်ခင် နောက်သို့တစ်ရစ်ဆုတ်ပြလိုပါသည်။ ကျွန်တော်တို့သည် အခါကာလတစ်ခုက အလွန်အင်မတန် ကောင်းစားခဲ့ဖူးပြီး ရွှေထီးဆောင်သောကာလများကို ပိုင်ဆိုင်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံကို သူ့ကျွန် ပြု့ခဲ့သည့် အင်္ဂလိပ်အစိုးရပင် ကျွန်တော်တို့ကို အသိအမှတ် ပြုပေးခဲ့ပါသည်။ မိုးကုတ်ဒေသခံ ဇာတိသားစစ်စစ် ဖြစ်သူကိုမှ ကျောက်တွင်းတူးခွင့် လိုင်စင်တွေ ချမှတ်ပေးခဲ့သည်။ ခါး၌ လိုင်စင် ကြေးခါးပတ်ခေါင်းကို ပတ်ထားလျှင် ကြိုက်နှစ်သက်ရာ နေရာတွင် ကျောက်တွင်းတူးခွင့် ရှိခဲ့ဖူးသည်။ သည်အခွင့်အရေးတွေက ရတနာရှိမည့်နေရာကို တပ်အပ်သိနိုင်သော သွေးထဲမှ ပါသည့်ဗီဇကို ပြဌာန်း ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။
            ဒါ့ကြောင့် ကျွန်တော်တို့ ဇာတိသားတွေ မော်ကြွားခဲ့ကြသည်။ ပိုက်ဆံလိုမှ ခနွှဲးလေးပြေးဆေးသည်။ သားသမီး အရွယ်ရောက်လို့ လှူချင်မှ တွင်းလေးပြေး တူးသည်။  ရတနာကြွယ်သော မိခင်မြေကြီးပေါ်ဝယ် ရေပေါ်ဆီ ထနိုင်ခဲ့ကြသည်။ မြေရှိလျှင်ရတနာရှိတယ်။ ရတနာရှိလျှင်ငါတို့သိတယ်။ ငါတို့ သည်မြေပေါ်မှာ အသက်ရှင်သရွေ့ ငွေဆိုတာရှိတယ်လို့  အသွေး အသားထဲ သံမှိုစွဲနေသည်။ (ကျွန်တော့်အဖေဆိုလျှင် မိုးကုတ်မှပြောင်းသောနေ့တွင် ဒီမိုကရေစီရလျှင် ပြန်လာမည်ဟု ဥဒါန်းကြူး ခဲ့သေးသည်) ရတနာဆိုတာကလည်း သေးသေးမွှားမွှား လောက်တော့ လူတိုင်းအိမ်တံစက်မြိတ် အောက်တွင် ကောက်၍ရနေသည်။ မြောင်းကျိုမြောင်းကြားဆိုတာ အမှိုက်ရှိတာနည်းလို့ ဇကာတစ်ချပ်နှင့် ထမင်းစား ကျောက်ရှာသော နေရာများ ပင်ဖြစ်သည်။
ငွေဆိုတာ ပိုနေသောအရာလည်း ဖြစ်ခဲ့ဖူးသည်။ သည်ငွေပိုတွေ သုံးနိုင်ဘို့အရေး အနုပညာ ထွန်းကားရာ မန္တလာမြေမှ တီးတတ်မှုတ်တတ်သူ ဂီတပညာရှင်များအား စုဆောင်း ခေါ်ဆောင်၍ ကျွန်တော်တို့ မိုးကုတ်သားတစ်တွေ အနုပညာ သင်ခဲ့ကြသည်။ ထိုပညာရှင်များ ပြန်ကုန်မည်စိုး၍ အရင်းအနှီးထုတ် အလုပ်တောင် ထောင်ပေးခဲ့ကြသည်။ နောင်အခါ ထိုသူများ လည်း အိမ်ယာ ထူထောင်ကာ မိုးကုတ်သားဟုပင် စိတ်ကြီးဝင် ကုန်တော့သည်။ ကိုယ့်တူရိယာ ကိုယ်ပိုင် ၀ယ်တီးမှုတ်သည့်ပြင် တီးဝိုင်ထောင်လို့ ရန်ကုန်ဆင်း မြန်မာ့အသံတွင် ဓါတ်ပြား သွင်းနိုင်ရေး လူအစိတ်ငါးဆယ်ကို အလွယ်တစ်ကူ ကျွေးမွေး ခေါ်ဆောင်ကာ ငွေကို ဖြုန်းနိုင်ကြသည်။ ဆိုက်ကားသမားကို ရာတန်ပေး၊ ဆီးစားများသော Patrol Nissan ကိုမှ ကားလုပ်စီး ခေတ်ကြီး တစ်ခေတ်ရခဲ့ကြသည်။
ထိုကာလ လွန်မြောက်သော အခါဝယ် မိုးကုတ်ဆရာတော် ဟောသော မမြဲသည့် သဘောတွေ ဆက်တိုက်ထင် လာပါတော့ သည်။ ကိုယ့်မြေကိုယ် ယက်စားသည့် စီးပွားရေးမှာ အန္တရာယ်ကြား ကျရောက် သွားပါသည်။ တွင်းတူးကိရိယာ သံတူရွင်း ပေါက်ပြား ဇကာများ၊ ကျောက်သွေးကိရိယာ ညှပ်မှတ် ကျောက်တံ မီးပုံးများနှင့် အရောင်းအ၀ယ်တွင် သုံးသော ချိန်ခွင် အလေးတင်တောင်း များသည် ရာဇ၀တ်မှု၏ သက်သေခံပစ္စည်းများ ဖြစ်လာပါတော့သည်။ ယခင်က ငွေရှာသော ရတနာသည် ဒုတ်ထိုး ရသော ရာဇ၀တ်အိုး အဖြစ်သို့ အသွင်ကူးပြောင်း သွားပါတော့သည်။ “၈၈”လွန် နောက်ပိုင်း ကာလများတွင် ဖျက်သိမ်း လိုက်ရသော လုံထိန်းတပ်ဖွဲ့များ၏ သေနတ်ဖျားတွင် ဟိုမှသည် ပြေးလွှားကာ ထမင်းတစ်လုတ် အတွက် အသက်ရင်း ရှာစားသော ပညာများ သင်ကြား တတ်မြောက် ကုန်ကြရသည်။ “မိုးကုတ်သား မှန်လျှင် မိုးနှင့်လုံထိန်း မကြောက်” ဆိုသော စကားပုံပေါ်လာသည်အထိပင်။
ထိုအခါ မှစ၍ ကျွန်တော်တို့ တစ်တွေ အိပ်ငိုက်လာကာ ပြီးခဲ့သော ဈေးကွက် စီးပွားရေးခေတ် တွင်တော့ တစ်ခေါခေါ အိပ်ပျော် ကုန်ပါသည်။ အဘယ့်ကြောင့် ဆိုသော် မိုးကုတ်ဇာတိသားများသည် ရတနာကျောက် ဖြစ်တည်ရာ အရပ်ကို ကောင်စွာ သိပါသည်။ ရတနာဖွဲ့ရာ အသိုင်းဝန်းကို ကြည့်တတ်ပါသည်။ ရတနာ လှဲလျောင်းရာ မြေလွှာကို ရှာတတ်ပါသည်။ ရှာလည်း ရှာခဲ့ကြပါသည်။ ထိုနေရာ တို့လည်း ပွင့်ပေါ်လာပါသည်။ သို့ရာတွင် ခေတ်အရ ပါရာဒိုင်း ပြောင်းကုန်ပါသည်။ ရတနာရှိသော နေရာသို့ အရပ်ရပ်မှ ဈေးကွက်စီးပွားရေးစနစ်အရ စီးမျှော ၀င်ရောက်လာသော အုပ်စုဖွဲ့ ဓနအင်အားများနှင့် ဈေးပြိုင် လေလံစနစ် အောက်တွင် ကိုယ်ရှာဖွေထားသော လက်ငုတ်လက်ရင်းများကို နယ်ရုပ်များသဖွယ် ထိုးကျွေးရ ပါတော့သည်။
အခုပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကျွန်တော်တို့ မိုးကုတ်သားတစ်တွေ နှိုးထဖို့သင့်ပြီ။ အဖေတို့ မျှော်ခဲ့သော ဒီမိုကရေစီခေတ် ရောက်ပြီ။ ပြည်သူ့ဆန္ဒနှင့်အညီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို သမ္မတကြီးက ရပ်ဆိုင်းပေးပြီ။ ပြည်သူ့အသံကို နားထောင်သော ပြည်သူ့ဆန္ဒကို အလေးထားသော ပြည်သူ့ရွှေခေတ် လမ်းပေါ်ရောက် နေပါပြီ။ မန္တလေးတိုင်း ဒေသကြီးအတွင်း စဉ့်ကူးမြို့နယ်ဒေသခံများ စားဝတ်နေရေး ပြေလည်စေရန်နှင့် အလုပ်အကိုင်များ ရရှိစေရန် ရွှေသတ္တု တူးဖော်ရေး လက်လုပ်လက်စား လုပ်ကွက်များ ခွင့်ပြုတော့မည်ဖြစ်ကြောင်း သတင်းများလည်း ကြားနေရပြီး။ ကျွန်တော်တို့ တစ်တွေလည်း လက်လုပ်လက်စား လုပ်ကွက်များအပေါ် ဆန္ဒထုတ်ဖော်သင့်ပြီ။
            ကျွန်တော်တို့ တစ်တွေလည်း ကျွန်တော်တို့သိသော ဗြုံးကြောမြေကြောတွေ ရှာခွင့်ရဖို့ အချိန်ရောက်ပြီ။ လက်လုပ် လက်စားကွက်များ လုပ်ကိုင်ခွင့်ရရှိလျှင် လက်ရှိကြုံတွေ့နေရသော စားဝတ်နေရေး အခက်အခဲများ ပြေလည်လာ နိုင်တော့မည်။ ပွေးတွေလို မြေအောက်မှာ ပျော်နိုင်တော့မည်။ ကနယ်နံမွှေးမွှေးကိုလည်း ရှုရှိုက်ခွင့်ရတော့မည်။  အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာမည့်အပြင်  ဆင်းရဲနွမ်းပါးမှုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ရတနာကွက်သစ်များကို ဖော်ထုတ်ကာ နိုင်ငံတော်သို့ သင့်တင့်မျှတသော အခွန်များထမ်းပြီး မိုးကုတ်ရတနာဈေးကွက် တစ်ခေတ်ဆန်းမည့်ကာလ ရောက်ရန်ကြိုးစားသင့်ပြီ။ ကျွန်တော်တို့ ဒေသခံများမှာ မိရိုးဖလာ လုပ်နည်းလုပ်ဟန် တစ်ပိုင်တစ်နိုင်နည်း လမ်းကြွယ်ဝသူများ ဖြစ်သဖြင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြုန်းတီးမှုကို လျှော့ချကာ ထိထိရောက်ရောက် ရတနာထုတ်လုပ်နိုင်မည်မှာလည်း မလွှဲသောအချက်သာ ဖြစ်ပါသည်။
            ကျွန်တော်တို့ မိုးကုတ်သားများသည် သမိုင်းရှိသောသူများ ဖြစ်ပါသည်။ ရတနာကို သိသောသူများ ဖြစ်ပါသည်။ ရတနာအငွေ့ရှုလို့ နူးညံ့တတ်သူများ ဖြစ်ပါသည်။ မဖြစ်တာ ကံကြောင့်လို့ အမှတ်ထားတတ်သူများ ဖြစ်ပါသည်။ သို့ရာတွင် ဒီမိုကရေစီစနစ်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပြဌာန်းပါသည်။ ကျွန်တော်တို့ မိုးကုတ်ဒေသခံ ဇာတိသားများသည် ဘိုးဘွားဘီဘင် ကတည်းက ရတနာရှာဖွေခွင့်ရှိသော မူလဘူတ အခွင့်အရေးများကို သဘာဝက ပြဌာန်းပေးထား ပြီးသာဖြစ် ပါသည်။ လယ်သမားကြီးများ လယ်စိုက်ကြသလို တံငါများငါးဖမ်းကြမှာ ဖြစ်ပါသည်။ တောင်ပေါ်မှာနေလျှင် တောင်ယာခုတ်သလို ဆလုံများ ရေငုတ်ခြင်းသည် ဒေသခံတွေကို သဘာဝက ပြဌာန်းသောမူလဘူတ အခွင့်အရေးများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့လည်း ပြည်သူကို ရှေးရှုသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ခေတ်တွင် ကျွန်တော်ချစ်သော မိုးကုတ်သားတို့ ဆရာဇော်ဂျီ၏ ကဗျာတစ်စနှင့် နှိုးထကြလော့……
ထလော့မြန်မာ ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဥာဏ်များမြောင်၍
စွမ်းဆောင်ကြလေ။
ဤမြေရွာက၊ ဘယ်သူရွာလဲ
ဤယာစပါး၊ ဘယ်သူစပါးလဲ
ထလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ်ညီစေသတည်း။