Pages

Tuesday, October 23, 2012

“ညီလေးဖတ်ဖို့”

“ညီလေးဖတ်ဖို့”
ညီလေးရေ.....
               တစ်နေကုန် တောင်ပြေးလို့မြောက်ရောက်နဲ့ အမောတွေက ပန်းလွန်းလို့ ကြောင်သွားပြီး မှိတ်မရသေးတဲ့ မျက်လုံးတစ်စုံကို အစာကျွေးရင်းနဲ့  Webပေါ်တက် Facebook ပေါ်လျှောက်သွားလိုက်တော့ ငိုက်မလို့ရှိသေး “ညီလေးဖတ်ဖို့” ရေးစရာ အကြောင်းဖန်လာပြန်ရော။ ခြင်တွေကလည်းကိုက် မျက်လုံးတွေ ကလည်းငိုက်တဲ့ ဆောင်းပူပူညလယ်ချမ်းမှာ ပြူးပြန်ပြဲလို့ “ညီလေးဖတ်ဖို့” ရေးတော်မူတယ်လို့ဆိုရင် အစ်ကိုလွန်သွားမလား။
               ညီလေးခံစားချက်လေးတွေကို Facebook ပေါ်ရေးတင်ထားတာ ဖတ်လိုက်ရတယ်။ တောင်ပေါ်က အမေ့ထမင်း ဟင်းတွေနဲ့ တောင်တန်းတွေကြား ဆောင်းမှာပွင့်တဲ့ ချယ်ရီပန်းတွေ ထင်းရှူးရနံ့တွေကို လွမ်းလိုက်တာလို့ အစ်ကိုနားလည်မိပါတယ်။
               လှလိုက်တာ ညီလေးရာ။ အဲ့ဒီလို ခံစားတတ်တာလေးကိုက လှတာကွ။ အနုပညာဓါတ်ခံရှိလို့သာ ဒီလိုခံစားတတ်တာ။ နူးညံတဲ့စိတ်လေးနဲ့ တွေးမှသာ ဒါလေးတွေက လွမ်းစရာဖြစ်တာ။ တစ်ခေတ်တစ်ခါက စစ်ကို အာသာမက်မက်နဲ့ ရက်စက်ထွဋ်ခေါင် ဂျပန်တွေက အဲ့ဒီလို နူးနူးညံညံလေးတွေ ခံစားတတ်အောင် ဟိုက္ကူဆိုတဲ့ ကဗျာလေးတွေ ဖွဲ့ကြတယ်တဲ့။ အခုခေတ်ဂျပန်လေးတွေကို အဲ့ဒီကဗျာလေးတွေနှင့် မူလတန်းကတည်းက နွေးစေခဲ့တာ ကိုယ်ချင်းစာစေဖို့ ကြုံလာရာ လောကဓံတွေကို ကြံကြံခံတတ်စေဖို့လို့ ဆိုတာ ဆောင်းပါးတစ်ပုဒ်မှာလား စာပေဟောပြောပွဲတစ်ခုမှာလား ၀ါးတားတားတော့ အစ်ကိုမှတ်ထား လိုက်မိတယ်။ 
               ဒီလိုဆိုတော့ ငါ့ညီလေးဟာ စိတ်ထားနူးညံခံစားတတ်သူလို့ အစ်ကို ကောက်ချက်ချလိုက်ပါတယ်။
               ညီလေးကို ဟိုက္ကူလေးတွေ အမြည်းကျွေးမယ်နော်။
               “အိုင်အိုကြီးပါလား
                 အလိုရွှေဖားခုန်ဆင်းသွား
                 ပလုံမြည်သံကြား” တဲ့။
 နောက်တစ်ပုဒ်က
                “ပန်းလှကန်စွန်းနွယ်
                ရေငင်ပုံးကြိုး သူကပ်တွယ်
                ရေကိုတောင်းယူတယ်”
               သစ်ရိပ်ဝါးရိပ်တွေထိုးလို့ နေမခစိမ့်အေးမြနေတဲ့ရေအိုင်၊ ကြာပေါင်းစုံပွင့်လို့ လှနေတဲ့ရေအိုင်ထဲ ဖားလေးတစ်ကောင် ခုန်ချသွားတော့ “ပလုံ” ။ ရေပွက်ဝိုင်းလေးလည်းထသွားမှာပေါ့။ ပြီးရင်တော့ ပြန်ငြိမ်သွားပြန်မပေါ့။ အစ်ကိုတို့ဘ၀တွေမှာလည်း “ပလုံ”ဆိုပြီးလှုပ်ခါသွားတတ်တာတွေက ခဏခဏပါ။ “ပလုံ” လေးတွေပြီးတော့ ငြိမ်သက်တတ်ဖို့တော့ ကိုယ့်ကိုယ်ကို တည်ဆောက်ကြရမှာပေါ့။ ညီလေးတို့လို နွေးထွေးတဲ့ အသိုက်အမြုံလေးအဝေးမှာ စားကျက်ရှာရတဲ့ သူတွေအတွက်တော့ ၀ပ်စရာ ကျင်းစရာလေးတွေ ရှာတတ်ကြရမယ်။ အစ်ကိုဆိုလိုချင်တာက စာပေ၊ ဂီတ၊ အနုပညာ လိုနေရာပေါ့။ နောက် Post တွေမှာ အစ်ကိုတို့ လက်တစ်ကမ်းက ဂီတ၀ပ်ကျင်းထဲ ဘယ်လိုဆင်းကြ မလဲ ဆွေးနွေးကြတာပေါ့ကွာ။ ကြော်ငြာသွားတာနော်။
                တစ်ဆက်တည်း ငါ့ညီရဲ့Post  လေးတွေအရ အိမ်လွမ်းဝေဒနာရော ကြုံနေရတဲ့ ပတ်ဝန်းကျင်ကို စိတ်အလိုမကျ မနှစ်မြို့နိုင်တာရော ညီလေးစိတ်နဲ့ မတိုင်ဆိုင်တာလေးတွေရှိနေတယ်လို့ အစ်ကိုခံစားနေ ရတယ်။
ညီလေးရေ.....
               အစ်ကို့မိတ်ဆွေတစ်ယောက်ကပြောဖူးတယ်။ ဒိုင်နိုဆောနဲ့ ပိုးဟပ်ဟာ ကမ္ဘာဦးကတည်းက အတူတူရှိခဲ့ကြတာတဲ့ကွ။ ဒိုင်နိုဆောကြီးကတော့ကွာ သူ့ခန္ဓာကိုယ်အကြီးကြီးနဲ့ ထောင်ထောင် ဟိုပါသည်ပါလည်း ပါနေမှာပေါ့။ ဟိုမှာနိုင်စား သည်မှာနိုင်စား ဆိုတာမျိုးတွေလည်းရှိမှာပေါ့။ အများအလယ်မှာ ၀င့်ဝင့်ထည်ထည်ကြီးနဲ့ သွေးနားထင်ရောက်ချင်ရောက်နေမှာပေါ့။ သူ့ပါဝါ၊ သူအားနဲ့ သူများကို လွှမ်းမိုးချင်တိုင်းလည်းလွှမ်းမိုးနေမှာပေါ့။ အစ်ကိုတွေးမိတာပါ။ တစ်ချို့က အင်အားဂုဏ်သိမ် ကြီးမားလာရင် ကိုယ့်အောက်ငယ်သားကို နိုင်စားတတ်ကြတာမဟုတ်လား။ တစ်ချို့ပါကွာနော်။
             ဆက်ပြောရဦးမယ်ကွ။ ကမ္ဘာဆိုတာ ကာလအကြာကြီး ဖြတ်သန်းလာရတာဆိုတော့ ညီလေးသိတဲ့အတိုင်း အခုအခါမှာ ဒိုင်နိုဆောသတ္တ၀ါဟာ ပြတိုက်မှာတောင် အရိုးစုံစုံလင်လင်မြင်ရဖို့ ခက်သွားတာပေါ့။ သူထက်တော်တဲ့ သူ့ထက်ဉာဏ်ရည်မြင့်မားတဲ့ သတ္တ၀ါတွေ အရာတွေအောက်မှာ စုန်းစုန်းမြှုပ် ပျောက်ကွယ်သွားရတော့တာပါပဲ။ ပိုးဟပ်ဆိုတဲ့အကောင်ကတော့ ဟိုချောင်ကပ် ဒီချောင်ကပ်နဲ့ နေတတ်လို့ အစ်ကိုတို့ ဒီနေ့တွေနိုင်သေးတာပါတဲ့။ အစ်ကို့မိတ်ဆွေပြောချင်တာက ဒိုင်နိုဆောဟာ ပိုးဟပ်လို သိုသိုသိပ်သိပ်မနေတတ်လို့ ဒီနေ့ မတွေ့ရတော့တာဆိုတာပဲ ညီလေးရာ။
               အစ်ကိုကတော့ ဒီလိုလှည့်တွေးတယ်။ ပိုးဟပ်ဆိုတာ ဟိုချောင်ကပ် သည်ချောင်ကပ် နေတတ်လို့ ဆိုတာထက် “သူ့ကိုယ်သူ ဘယ်လိုရှင်သန်အောင်နေရမယ်ဆိုတာသိလို့”  ဆိုတာပါပဲ။ အစ်ကို အယူအဆ ပြောပြရရင် “ဘယ်လိုရှင်သန်နေထိုင်မှာလဲ” ဆိုတာက ဘ၀ရဲ့အနုပညာကွ။ ဒီအနုပညာကို ခံစားတတ်ရင် ညီလေးတမ်းတနေတဲ့ ချယ်ရီပန်းအလှတွေ တောင်ကြားတွေထဲက ထင်းရှူးနံသင်းသင်းလေးတွေကို ညီလေးနားမှာဘဲ ခံစားတတ်လာမှာပါ။
                အစ်ကိုပြောတာ ရှုပ်သွားလား။ ထပ်ပြောမယ်ကွာ။ အစ်ကိုတို့ဘ၀တွေမှာ ပေးထားရတဲ့ ကတိတွေက အများသား။ ဥပမာကွာ ကျောင်းသားဆိုပါတော့။ သူဘ၀အတွက် အာမခံနိုင်တဲ့ ပညာတတ်ဘွဲ့ရဖြစ်ဖို့ သူ့ကိုယ်သူ ကတိပေးမထားရဘူးလား။ သူ့ကို အမြတ်တနိုးထား ကျွေးမွေး ကျောင်းထားတဲ့ သူမိဘကိုရောကွာ ပညာတတ်ကြီး ဖြစ်လာရစေမယ်လို့ ကတိပေးထားရတာပဲလေ။ ဆရာတွေ ဆိုရင်ကောကွာ ညီလေးစဉ်းစာကြည့် သူ့တပည့် တစ်ယောက် အောင်မြင်ပေါက်မြောက်အောင် သင်ကြားပေးဖို့ ကတိတွေ ပေးထားရတာပဲ မဟုတ်လား။
                စာရေးဆရာတစ်ယောက်က သူ့စာဖတ်ပရိတ်သတ်အတွက် မင်းသား၊ မင်းသမီး၊ မော်ဒယ်တွေ ကရော သူ့ကိုအားပေးတဲ့ ချစ်ခင်ကြတဲ့ ပရိတ်သတ်အတွက် ကတိတွေပေးရတာပဲလေ။ အဆိုတော်ကွာ စဉ်းစာကြည့် အတူတူပါပဲ။ ကတိတွေ အထပ်ထပ်ရစ်လို့။ ဒီတော့လည်း ဒီကတိတွေ တည်ဖို့အရေး ကြိုးစားပေးဆပ်ကြရတော့တာပေါ့။
ညီလေးရေ.....
                   အစ်ကို အမေရိကန်ကဗျာဆရာ ရောဘတ်ဖရော့ရဲ့ ကဗျာတစ်စ(Stopping by wood on a snowy evening) ကို အက်ဆေးလေးထဲမှာ တွေ့တဲ့အတိုင်း ရွတ်ပြမယ်နော်။
ညို့ဆိုင်းနက်ရှိုင်း တောတန်းကဖြင့် လှပေရဲ့
ဒါပေမယ့် ငါ့မှာ တည်ရဦးမယ့်ကတိတွေနဲ့ပါလား
မအိပ်ခင်သွားရဦးမယ့် ခရီးမိုင်တွေနဲ့ပါလား
မအိပ်ခင်သွားရဦးမယ့် ခရီးမိုင်တွေနဲ့ပါလား
                သည်ကဗျာလေးကို ဆရာမောင်ရင့်မာ(ကျောင်းကုန်း)က သူ့အက်ဆေး“ တောတန်းအလွန်” ရဲ့ အစမှာ ဆရာမောင်သာနိုးရဲ့“လေ”နဲ့ တစ်ထပ်တည်းကျတယ်ဆိုပြီး ဒီလိုလေးဖွင့်သွားတာပေါ့။
               “ရွာနှင့်ဝေးဝေး လူသူမနီးလှတဲ့ တောတန်းကလေး။ အပင်တွေပေါ် နှင်းတွေဖွေးဖွေးလှုပ်နေသည်။ ညနေတစ်ခင်း.....။ ရေခဲအိုင်နဲ့ တောတန်းကလေးရဲ့အကြား၊ အဘယ်လယ်သမားအိမ်မှမရှိ၊ ပကတိ တိတ်ဆိတ်ငြိမ်သက်။ မည်မျှတိတ်ဆိတ်နေသလဲဆိုလျှင် ငှက်မွေးလို ပေါ့ပါးသော မိုးနှင်း၏လွင့်မျှောသံ ကိုပင် ကြားနေရသည်။ သူ့မြင်းကလေးက သူ့သခင်ကြည့်ငေးနေသော အနက်အဓိပ္ပါယ်ကို နားလည်စွာ ခြူလေးလှုပ်လို့ သတိပေးလိုက်သည်။ ညို့ဆိုင်းနက်ရှိုင်း တောတန်းကလေးကို စွန့်ခွာရပေဦးမည်။.....လွမ်းဖွယ်”
ညီလေးရေ.....
အစ်ကိုဒီအက်ဆေးလေးအစ ဒီစာကြောင်းလေးဖတ်လိုက်ရလို့အဆုံးမှာတော့ ရင်ထဲထိသွားတယ်ကွာ။ အစ်ကိုနဲ့ အတော်များ တိုက်ဆိုင်နေသလားလို့။ ညီလေးလည်း ဒီစာစုလေးဖတ်ကြည့်ပြီး တစ်စုံတစ်ရာတော့ ခံစားလိမ့်မယ်ထင်ပါတယ်။ အစ်ကိုတော့ နူးညံတဲ့အခံလေးရှိတဲ့ညီလေး ဖမ်းဆုတ်မိလိုက်မယ်လို့   တွေးနေမိတယ်။
               အေးလိုက်မယ့်နေရာလေးကွာနော်။ နှင်းတွေဖွေးဖွေးလှုပ်လို့တဲ့။ ရေခဲအိုင်ကလေး နဲ့  တောတန်းလေး။ လှလိုက်တာမှကွာ ညီလေးရာ။ တိတ်ဆိတ်နေတာကလည်း မိုးနှင်းလေးတွေ လွင့်မျောနေသံတောင်ကြားရတယ်တဲ့။ ဒီလောက်ကြည်နူးချမ်းမြေ့စရာ နေရာလေးမှာ ငေးမောနေသူလေး ကိုအားမကျဘူးလား။ ဒါပေမယ့် သူ့မြင်းကလေးက ခြူလေးလှုပ်လို့ သတိပေးတယ်။......သွားစို့တဲ့။ သူကတော့ ညို့ဆိုင်းနက်ရှိုင်းနေတဲ့ တောတန်းလေးက စွန့်ခွာသွားရဦးမယ်......လွမ်းဖွယ် လို့ ပြောသွား တယ်နော်။ အစ်ကို သူ့ကို ကိုယ်ချင်းစာလိုက်တာ။ ညီလေးဆိုရင်ရော ဘယ်လိုလဲ။ မခွာချင် ခွာချင်ခွာခဲ့ရမှာပေါ့။
                     ညီလေးချစ်တဲ့ တောင်ပေါ်က ချယ်ရီပင်တွေ၊ တောင်ကြားတွေထဲက လေစိမ့်အေးတွေနဲ့ တိုးဝှေ့ထွက်လာတတ်တဲ့ တောင်ရနံ့တွေ၊ အမေချက်ကျွေးတဲ့ ထမင်းချဉ် ဆိမ့်ဆိမ့်လေးတွေ၊ အဖေ၀ယ်ကျွေးမယ့် တွန်းလှည်းက ဂျုံခေါက်ဆွဲ မွှေးမွှေးလေးတွေ၊ ဈေးနေ့တွေမှ ရတတ်တဲ့ ၀က်သားချဉ်ထုပ်နဲ့ နံတုန်ခဲခဲလေးတွေ၊ ဆောင်းအေးအေးမှာ အငွေ့ထောင်းထောင်းတဲ့ ပေါင်းအိုးထဲက မုန်ညှင်းပေါင်းပူပူတွေ၊ ညဘက်မီးပုံးလေးတွေပေါ်တင်ကင်တဲ့ ခေါပုတ်ချပ် ပြားရှပ်ရှပ်လေးတွေကို စွန့်ခဲ့ပြီး  တစ်ခြားဒေသကလူတွေ “မြူ” လို့ခေါ်ကြမယ့် မှိုင်းငွေ့တွေကို ကျောက်ဖားထိပ်မှာ လက်ဆွဲနှုတ်ဆက်ပြီး ခွဲခဲ့ဖူးမှာပေါ့။ အစ်ကိုလည်း ညီငယ်လိုပဲ ခွဲခဲ့ရတာပဲ။ ဒါ့ကြောင့် ဒီကဗျာလေးနဲ့စာစုလေးက တို့ညီအစ်ကိုတွေကို ခံစားစရာတစ်ခုပေးနိုင်တယ်ဆိုတာ အစ်ကို ယုံကြည်တာပေါ့။ ညီလေးလက်ခံလား။
               ဆရာမောင်ရင့်မာကလေ ဒီမှာ အဆုံးသတ်လိုက်တာမဟုတ်ဘူကွ ညီရ။ ဒါက အစ။ အလယ်ကျတော့
                  “ကြည်နူးဆွတ်မြ ခံစားရခွင့်ဆိုသည်ကလည်း ဘ၀မှာ အစဉ်ထာဝရ “ရမြဲရ”တတ်သော အရာမဟုတ်ပါချေ။ သစ်ရိပ်ဝေးဝေး၊ တောတန်းအေးအေး၊ ညနေနွေးနွေး၊ ပန်းမြမွှေးမွှေးတို့သာရှိမည့် သီးခြားဖြစ်သော ကမ္ဘာလေးထဲ ကြာတောင့်ကြာရှည် လွင့်မျှောမိန်းမူးနေလို့မဖြစ်။ လူသားတစ်ယောက် အနေဖြင့် ထားရှိသော ကတိ၊ ထမ်းရမည့်ဝန်တာ၊ မွေးဖွားလာသည်မှ သေလွန်သည်အထိ တစ်ဘ၀စာ သို့မဟုတ် ဘ၀အဖန်ဖန် ဖြစ်ပြန်ပြောင်းလဲတတ်သော တစ်သံသရာဆုံးသည်အထိ တနုံနုံ တနဲ့နဲ့   နှင်လေဦးမည့် ခရီးတာဆိုသည်တို့ကို မေ့လျော့ချန်သွား ပစ်ပယ်ထားလို့မဖြစ်။
                သားသမီးက အမိအဖအပေါ်တည်ရမယ့်ကတိ၊ မိတ်ဆွေရောင်းရင်းက သူ့အပေါင်းအသင်း ရဲဘော်ရဲဘက်အပေါ်တည်ရမယ့်ကတိ၊ အိမ်ဦးနတ်က သူ့မိသားစုအပေါ်တည်ရမယ့်ကတိ၊ ရပ်ရွာလူကြီးက သူ့ရပ်ရွာအပေါ်တည်ရမယ့်ကတိ၊ နိုင်ငံသားတစ်ယောက်က သူ့တိုင်းပြည်အပေါ်တည်ရမယ့်ကတိ အဲ့သည်ကတိတွေကို မေ့လျော့ပစ်ပယ်၍ တောတန်းနံဘေး၊ မည်မျှကြာရှည် ရပ်ကြည့်ငေးမော လွင့်မျောနေနိုင်ပါမည်နည်း။”...............ဆိုပြီးလုပ်သွားပြန်ရော။ ဆရာမောင်ရင့်မာ ဆက်ပြောတာက-
ဒါပေမယ့် ငါ့မှာတည်ရမယ့် ကတိတွေနဲ့ပါလား”  “မအိပ်ခင်သွားရဦးမယ့်ခရီးမိုင်တွေနဲ့ပါလား”..........တဲ့။
ညီလေးရေ.........
                   ဒီလောက်ဆို ငါ့ညီလည်း ဇာတ်ရည်လည်လောက်ပါပြီ။ အပေါ်မှာ အစ်ကိုပြောခဲ့သလို ဆရာမောင်ရင့်မာ ရေးဖွဲ့ပြခဲ့သလို အစ်ကိုတို့တစ်တွေဟာ ကိုယ်ကြိုက်နှစ်သက်ရာ ကိုယ်လွမ်းမောရာ နေရာ၊ ၀ါသနာ စတာတွေမှာ ကြာတောင့်ကြာမော မျှောနေဖို့ အခွင့်မှမရှိကြတာ။ ညီလေးကတော့ ထင်ချင်ထင်မယ်။ ငါမချမ်းသာသေးလို့.....လို့။ ဒါလည်းမဟုတ်ပါဘူးညီလေးရာ။ အစ်ကိုတို့ “မိုးကုတ်သား ငွေကိုလေလိုသုံးသူ” တစ်ခေတ်တစ်ခါက တင်စားခံရဖူးတဲ့ သူဌေးကြီးဦးမြမောင်ဟာ တစ်နေ့ပြီး တစ်နေ့ ဟိုတယ်မှာနေ ဟိုတယ်မှာစား သောက်စားဖြုန်းတီး   နေရင်းက စကားတစ်လုံးပြောသွားဖူးတယ်တဲ့။ “ကျွန်တော် ဒီလို သုံးဖြုန်းနေရတာ ဘ၀ကို ကျေနပ်တယ် ထင်သလား” တဲ့။
               ကဲညီလေးရေ အပေါ်ရေးတာတွေ ပြန်ကောက်ရရင် ဘ၀ကိုဘယ်လိုရှင်သန်နေထိုင်ရမယ်ဆိုတာ ဘ၀အနုပညာပါ။ အစ်ကိုတို့ပေးထားမိကြတဲ့ကတိတွေကို တည်နိုင်အောင်ကြိုးစားရင် တနုံနုံ တနဲ့နဲ့  နှင်ကြရဦးမှာပါ။ ဒီကတိတွေကို မြင်တတ်လို့ တည်တတ်အောင်ကြိုးစားရမယ် ဆိုတဲ့ အတွေးအယူအဆလေး ငါ့ညီမှာ ရလာရင် ညီလေးကြုံရနေတာ ခါးသီးစရာဘ၀တွေ မဟုတ်တော့ပါဘူး။ ကတိတွေကို တစ်ခုပြီးတစ်ခု မှန်မှန်လေး တည်ဆောက်ရင်း နောက်ပြန်လှည့်ကြည့်တဲ့အခါ အတော်ပြီးနေတာကို တွေ့ရပြီး ကျေနပ်အားရ ကြည်နူးစရာတွေ ကြုံရမှာပါ။
                 ညီလေးတက်ခဲ့ဖူးမယ့် ပင့်ကူတောင်ထိပ်ရောက်လို့ ပြန်ငုံကြည့်တဲ့အခါ ငါအမြင့်ကြီး တက်ခဲ့မိတာပါလားလို့ ၀မ်းသာအားရဖြစ်မှာပါ။ လေနုအေးလေးတွေလည်း တွေ့ရမှာပါ။ ငါ့ညီနှစ်ခြိုက်တဲ့ တောင်ရနံ့လေးတွေလည်း တစ်ဝကြီး ရှုရှိုက်ခွင့်ရလိုက်မှာပါ။ ဒီလိုနဲ့ ငါ့ညီ တောင်တွေ တစ်တောင်ပြီးတစ်တောင် တက်ဖူးပြီးသား ဖြစ်နေမှာပါ။ ဒီလိုနဲ့ ကတိတွေ တစ်ခုပြီးတစ်ခု တည်ဆောက်ပြီးသား ဖြစ်နေမှာပါ။
ညီလေးရေ......
                 အစ်ကို့စာဖတ်ရတာ ငါ့ညီ ပျင်းသွားပြီလား။ အစ်ကိုတို့ ဆရာမောင်ရင့်မာရဲ့ “တောတန်းအလွန်” ဆိုတဲ့ ၀ပ်ကျင်းလေးထဲမှာ ပုန်းခိုနေလိုက်ကြတာ စိတ်သက်သာရာ အတော်ရသွားပြီနော်။  ဆရာ့ရဲ့ နိဂုံးလေးကို ခံစားကြည့်လိုက်စို့အုံး..........
                 “တစ်ခုပဲရှိပါသည်။ စိမ်းဖန်စိုလက်သော တောတန်းနံဘေး၌ ကြာရှည်ကြာမျောနေလိုဇောဖြင့် တည်ရမယ့် ကတိတွေကို “ထိုးကျွေး” မပစ်သင့်ဟု ကျွန်တော်ထင်ပါသည်” ..........တဲ့ဗျား။
ကဲညီလေးရေ........
                  အစ်ကိုလည်း ၀ါသနာပါတဲ့တောတန်းလေးနံဘေး ထိုင်နေမိတာ ကတိတွေတောင် “ထိုးကျွေး” မိတော့မလို့........။                 အစ်ကိုလည်း အိပ်တော့မယ်။ မနက်နှစ်နာရီ ထိုးပြီးနေပြီ။ မနက် သမီးလေး ကျောင်းအမီ ပို့ဖို့အရေး သူ့အမေဟင်းချက်ဖို့ စောစောဈေးထပြေးပေးရဦးမယ်။ နောက်ပြီး နေ့လည်မှာ ဆင်နွှဲမယ့် အစ်ကိုအလုပ်စကားစစ်ပွဲအတွင်း အိပ်ငိုက်မနေအောင်တော့ အိပ်တော့ထားရဦးမယ် မဟုတ်လား။ အစ်ကိုအလုပ်ဆိုတာက နေ့စဉ်တည်ရမယ့်ကတိတွေကို ပြက္ခဒိန်ရက်စွဲတွေထဲ အစဉ်လိုက်ရေးမှတ်ထား ရတာမျိုး။ အစ်ကိုတောင် မနေ့က ဒိုင်ယာရီအသစ် ၀ယ်ထားပြီးပြီ။ နှစ်သစ်မှာ ပေးရမယ့် ကတိအသစ်တွေ အတွက်လေ...........။
                                    မင်းတို့ရဲ့အစ်ကိုကြီး
                                                                    မန်းမြေတစ်နေရာက
                                                                                                    မင်းစည်သူ
 

Monday, October 8, 2012

ပါးပါးလေးတော့ပြောပါမယ်

ပါးပါးလေးတော့ ပြောပါမယ်
        ပျင်းရိငြီးငွေ့ခြင်းများကိုစုဖွဲ့ကာ နားလေ့ရှိသည့် ရုံးပိတ်ရက်နှစ်ရက်လွန်မြောက်သော တနင်္လာ မနက်တွင် တက်ကြွခြင်းတစ်ဝက်၊ ပျင်းခြောက်ခြင်းတစ်ဝက်နဲ့ ကြိုထွက်နေသော Weekly Eleven ပထမစာမျက်နှာတစ်ရွက်ကို လှန်ဖတ်လိုက်ရချိန်တွင် နှလုံးအခန်းများက သွေးတို့ကို ဒိတ်ဒိတ်ခုန် တွန်းပို့ကုန် သည်။
          တကယ်လား။ အရင်ကဒါမျိုးဆို ပြုတ်ကျန်ရစ်လောက်ရောပေါ့။
          တိတိကျကျဆိုပရပါလျှင် Weekly Eleven No-52 Vol-7 စာမျက်နှာ-၃ပါ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ဝင် ဦးသိန်းညွန့်က
 “ ကျွန်တော်တို့ရဲ့ တရားစီရင်ရေးမဏ္ဍိုင်က ရန်ကုန်မှာ ယိမ်းယိုင်နေပြီး မန္တလေးမှာ မြေပေါ်ပြိုကျသွား ပါပြီ။ ဒါ့ကြောင့် ကျွန်တော်ကတော့ ကျန်တဲ့သက်တမ်းသုံးနှစ်မှာ တရားရေးမဏ္ဍိုင်တည့်မတ်နိုင်ဖို့ အစွမ်း ကုန်ကြိုးစားပါမယ်။ တိုင်းပြည်မှာ တရားတာကို မတရားလုပ်ရင်၊ မတရားတာကို တရားလုပ်ရင် တိုင်ပြည် ပျက်မှာဘဲ ”
          ပြောရဲလိုက်တာဘဘရယ်။ ကျွန်တော်တစ်လုံးချင်းပြန်ဖတ်ရင်း ရင်တွေလှပ်လှပ်တုန်လို့။
          ဒါက ကျွန်တော်တို့ရဲ့သံမဏီလိပ်ပြာ ခွပ်ဒေါင်းသခင်၏ပုံရိပ်ကို ပြတ်ပြတ်သားသား ထင်စေခြင်း လည်းဖြစ်မည်။ ဒါနဲ့အတူ Weekly Eleven ရဲ့အချပ်ပိုမှာ
 “ပြည်သူကသာရွေးချယ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ်လက်ခံသွားမည် ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်ပြောကြား” စာလုံးမည်းမည်းကြီးနှင့် ထင်းကနဲ။
          ပြတ်သားလိုက်တာ သမ္မတကြီးရယ်။ ကျွန်တော့်တစ်သက်တော့ ဒီလိုကြားဖူးတာ ဒါပထမဆုံးလို့ ပင် ဆိုလိုက်ချင်သည်။
          ကျွန်တော့်အသက်နှင့်ယှဉ်လျှင် သမ္မတကြီးနှင့်ဘဘဦးသိန်းညွန့်တို့သည် ထက်ဝက်စွန်းစွန်း မက ကြီးကြပါလိမ့်မည်။ သူတို့နှစ်ဦးမှ ပြတ်သားသော ရဲရင့်သော သဘောထားတွေ ထုတ်ပြန်သွား လေပြီ။ တစ်နည်းသူတို့ဦးတည်ချက်တွေကို ဖော်ညွှန်းလိုက်ခြင်းလည်းဖြစ်ပေမည်။ ကျွန်တော့်အဖေအရွယ် ဘဘတို့ ရဲရင့်တက်ကြွနေချိန်မယ် ကျွန်တော်တို့ကတော့ လိပ်ဖြစ်ပါလျှက် ခေါင်းမပြူဝံ့ဆဲ။ ပုဆိုးခြုံထဲက လက်သီးပြဆဲ။ မထီမဲ့မြင်၃ကိုကြောက်ဆဲ။ ထမင်းကျွေးနေသော လိုင်စင်လေးကို ကျစ်ကျစ်ဆုတ် လို့ နှုတ်ငုံဆဲ ဖြစ်ပါသည်။
          ဒါပေမယ့် ပါးပါးလေးတော့ပြောချင်တာက---
တိုင်စာရှိလို့။ တိုင်ထားလို့။ သူတို့က တိုင်တတ်လို့နဲ့ တစ်ခါတစ်ရံနည်းတာတွေက များသွား တတ်သည်။ ပေါ့တာတွေက လေးသွားတတ်သည်။ ပေါ့စရာတွေ ငေးသွားရတတ်သည်။ဒါကလည်း  တောင်မရောက် မြောက်မရောက် ကိုတတ်ပတို့ လက်စွမ်းပြခြင်းကြောင့် ရုတ်တရက် သွေးတက်ကာ မိုက်ခနဲယိုင်သွားခြင်းမျိုးဖြစ်သည်။
          ဖိအားရှိတယ်။ နာမည်ကြီးနေတာ။ ဟိုကပြောထားလို့ ဆိုတာတွေကလည်း တစ်ခါတစ်ရံ တည့်နေတာတွေ စောင်းသွားစေနိုင်သလို စောင်းတာလေးတွေလည်း တည့်သွားစေတတ်သဖြင့် မကောင်းတစ်ဝက် ကောင်းတစ်ဝက်။ တစ်ခါတစ်ရံကြုံတတ်သေးသည်။ သီဟ၊ သူရ စသဖြင့်စသော နာမည်ရှင်များပါလာလျှင် လခစားမဟုတ်သူစစ်စစ်ဖြစ်ကြောင်း ဦးစွာကြေငြာပြဌာန်းပေးရသေး သည်။ နို့မဟုတ်လျှင် သွေးလေခြောက်ခြား၍ ရှုပ်ကုန်တတ်ပြန်သည်။
          နောက်တစ်မျိုးက တစ်ကောင်ထိုးကျွေး နှစ်ကောင်စား ကင်းပေါက်တာများရှိသလို သုံးလေး ကောင်စား ကင်းပေါက်သွားတာမျိုးဖြစ်သည်။ တစ်ခါတစ်ရံ အကျွေးကောင်က ထကြောင် တတ်တာ မျိုးလည်းရှိတတ်ပေမယ့် စာရင်းလက်ကျန်ရှိအောင်တော့ ချန်ညှိစမြဲဖြစ်သည်။ စာရင်းသဘော အရ ကျပ်စွန်းပြားစွန်းတော့ စွန်းရဦးမည်မဟုတ်ပါလား။ သုံညနှင့်စာအုပ်တော့ကျန်လို့ မဖြစ်ဘူး မဟုတ်လား။
          တစ်ခါတစ်ရံကျပြန်တော့ လေယူရာတိမ်းယိမ်းနွဲ့ရင်း နှုတ်ထွက်က စာရွက်ထက် ခိုင်မာနေ တတ်ပြန်သည်။ လက်ပူးလက်ကြပ်ထက် ဖော်ချက်ပါဖြင့်ပါရသူလက်မဲ့က ပိုအပြစ်များတတ်ပြန်သည်။ ဤသို့…….ဤသို့ဖြင့် ဟိုထိုးသည်ယိမ်း အမူးသိုင်းကရင်းထိုးလဲနေသည်ကို ပြေးထူးဖို့ မစဉ်းစားရဲ ဟို ကြောက်သည်ကြောက်နှင့် ရေစုန်မျှောလိုက်ဆဲ ကျွန်တော်တို့ဟာ Tune ညှိလိုက်ပါ တီးခတ်နေရ သော ၀ိုင်းတော်သားတစ်စုသာဖြစ်ကျန်နေကြပါသည်။
          ဆရာတစ်ယောက်က ရုံးဝင်းထဲက လက်ဖက်ရည်ဆိုင်ထိုင်တော့ “ ဟေ့ကြောက်တတ်လို့ လာရဲတာကွ ” လို့ခပ်နောက်နောက်ပြောသွားသည်။ ဟုတ်ပါသည်။ ကျွန်တော်တို့က အားလုံးကို ကြောက်ရပါသည်။ စာရေးပြာတာဆင့်စာကစလို့ အားလုံးကိုကြောက်ရပါသည်။ အားလုံး က ဟောက်ကြပါသည်။ အဆိုးဆုံးက ဟုတ်သည်ရော မဟုတ်သည်ရော ကလောင်စွမ်းထက်ကြသော ကျွန်တော်တို့ ထမင်းရှင်များကို ပိုကြောက်ရပါသည်။ မဟုတ်တာကိုခိုင်းတာလည်း သူတို့ဖြစ်သလို။ မဟုတ်တာလုပ် သည်ကို သိသည်မှာလည်း သူတို့ဖြစ်သောကြောင့်ဖြစ်ပါသည်။ သူတို့အစွမ်းကြောင့် ကြားနာသည် မကြားနာသည်ကနောက် ထမင်းစာလက်မှတ်ကတော့ ပျောက်တတ်စမြဲဖြစ်ပါသည်။
          လွန်ခဲ့သောတစ်ခေတ်က မင်္ဂလာရှိသော အမိန်စာရွက်တစ်ရွက်ရေးတိုင်း ပြေပြေးတွေ့ရသော အလေ့ရှိခဲ့ဖူးလေသည်။ သူကတော့ သူ့နယ်ပယ်တစ်ခွင်တွင် လက်တံရှည်လေသည်။ ပြေးမတွေ့ထား လျှင် ဇိကုတ်ကာ ချောင်းသိပ်ထိုးတတ်လေသည်။ ကျွန်တော်တို့က ကျွန်တော်တို့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဆရာဟုခေါ်သလို သူတို့ကိုလည်းဆရာဟုခေါ်လေ့ရှိပါသည်။ ထိုဆရာ တစ်ယောက်က “ မင်းတို့ကလည်း မင်းတို့ကိစ္စအတွက် အစွမ်းကုန်ပြောကြမှာပါဘဲ။ ငါတို့ရဲ့ဒုက္ခကလည်း စေတနာ တိုင်း စေတနာထင်ကြတာမဟုတ်ဘူး။ ရေပါတယ်ချည်းထင်ကြတာ။ အဲ့ဒါကြောင့် မင့်တို့ဘက်က အလွန့်အလွန် အခက်အခဲရှိသောအခါမှသာ ပြောကြပါ။ ငါစေတနာ ပါ့မယ်။ ဒါနဲ့ ငါလည်း နယ်တွေမှာ အနေကြာခဲ့ရတယ် ”လို့ သနားစဖွယ်ပြောပြဖူးသည်။
          အတော်ဝါရင့်သောပုဂ္ဂိုလ်ကြီးတစ်ဦးကတော့ “ ကျွန်တော်တရားသဘော အတော်လေ့ကျက် မိလာတယ်ဗျ။ ငယ်စဉ်ဘ၀တုန်းက ငါညံ့လို့ ငါအားထုတ်တာနည်းလို့ ဒီ့ထက်ကောင်းအောင် ဒီ့ထက်ပီပြင်အောင် လုပ်မယ်ဆိုပြီး လုပ်ခဲ့ဖူးတာ တကယ်တန်းတော့ ဟုတ်ချင်မှလည်း ဟုတ်တာ။ တစ်ခါတစ်ရံ ကိုယ်ကအားထုတ်ထုတ်မထုတ်ထုတ် အောင်မြင်စရာပါလာရင်အောင်မြင်တာပါဘဲ။ နောက်ဆုံးတော့ ကျွန်တော်တို့က အပြောခံရရော။ အောင်မြင်တော့ သူတို့ကစွမ်းလို့တဲ့ဗျ။ မအောင်မြင်တော့ ကျွန်တော်တို့ အသုံးမကျလို့တဲ့။ အပေါင်းအသင်းကိုမတတ်ဘူးဆိုတာပါသေး။ ဒီတော့ ဒါတွေ အနတ္တသဘောတွေပါဗျာ။ ရှု့တတ်ရင် ကုသိုလ်တောင်ရပါသေးတယ် ” ပြောသွားတာကိုမှတ်ထားမိလိုက် သည်။
          ကျွန်တော် အက်ဆေးတစ်ပုဒ်မှ စာစုအချို့ကူးရေးပြချင်ပါသည်။ ဇာတ်ကောင် ကိုဉာဏ်ရှင် အကြောင်းဖြစ်ပါသည်။
“အလုပ်တာဝန်တွေနှင့် နယ်မြေအသီးသီးသို့ ရောက်ကြတော့လည်း ဉာဏ်ရှင့်သတင်းတွေ မကြာမကြာကြားရတတ်သည်။ သူ့အလုပ်တာဝန် အလျောက်လုပ်ပေးရသည့်ကိစ္စများ၌ “ပြီးမြောက်အောင်မြင်” သူတို့က ဘယ်လို ဘဲ ကျေးဇူးပြုပြု သူကလုံးဝလက်မခံသလိုပဲ၊ သူ့တပည့်တပန်းတွေ ကိုလည်း လုံးဝ လက်မခံစေရ။ တိုက်သည့် လက်ဖက်ရည်မသောက်ရဟု တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်ဟုဆိုသည်။
“ဒါဆို သူဘာနဲ့စားနေသလဲ”ဟု တစ်ယောက်ကမေးခွန်းထုတ်ဖူးသည်။ (သည်တုန်းကလစာတွေမတိုးမြှင့်သေး)။
“သူက တစ်နပ်ပဲစားတယ်လေ။ ညဘက်ဆို ရေသောက်ဗိုက်မှောက်ပြီး တကယ့်ကိုနေတာ”ဟု မြို့နီးချုပ်စပ် သူငယ်ချင်းကပြောသည်။
………………………………………………………………………………………               ထိုသို့ကြားမိခဲ့စဉ်က ကျွန်တော်သည် သီလစောင့်သူ သူငယ်ချင်းအတွက် ဂုဏ်ယူကျေနပ်ခဲ့ဖူးသည်။ ဟုတ်ပါပြီ။ ခုကိုဉာဏ်ရှင် ဘယ်ရောက်နေပြီလဲ။
ကျွန်တော်နံဘေးမှ သူငယ်ချင်းကို တံတောင်တွတ်၍
“ကိုဉာဏ်ရှင်ဘယ်ရောက်နေပြီလဲ” ……………………………. မသိ။ မသိကြတော့။ နောက်ဆုံးတော့မှ မိုက်ကိုင်ထားသော သူငယ်ချင်းက ပြောသည်။
“ကြွေသွားပြီ….သူငယ်ချင်း မောင်ဉာဏ်ရှင် ကြွေသွားတာ ကြာပါပကော”
“ဟုတ်လား….ဘာဖြစ်လို့လဲ”
…………………………………………………………………………………….
“ဘာဆန်းလဲကွာ…….ဒီကောင် ရေစီးကြောင်းထဲ ရှင်သန်အောင်မှမနေ တတ်ဘဲ”
ဒါက “မျက်လှည့်ဆရာနှင့်သင်္ဘောများ” မှကောက်နှုတ်ကူးယူခြင်း ဖြစ်ပါသည်။ ဘဘဦးသိန်းညွန့် ကိုလေးစားပါသည်။ ဘဘရေ ရေစီးကြောင်းကိုပြောင်းပြန်လှော်ဖို့ဆိုရင် Encourage တွေပေးဖို့ လိုမည်ဟုထင်ပါသည်။ ကျွန်တော်တို့တစ်တွေအတွက်လည်း ဦးထုပ်မာတစ်လုံးစီနှင့် ဒိုင်းတစ်ခုစီ လိုပါဦးမည်။ ကျွန်တော့်မှာပြောစရာတွေ များစွာကျန်ပါသည်။ ဒါတွေက အက်ဆေးတွေပဲလို့ စာရေးဆရာ တစ်ဦးက အားပေးဖူးပါသည်။ ကျွန်တော့်အထင် မရဲဘဲကျွဲတော့ စီးလိုက်မိပြီဟု ထင်ပါသည်။ ရဲအောင်တော့ ကြိုးစားပါဦးမည်။
                                                                                      ပြတ်သား(ရတနာမြေ)