“
ပါးပါးလေးတော့ ပြောပါမယ် ”
ပျင်းရိငြီးငွေ့ခြင်းများကိုစုဖွဲ့ကာ
နားလေ့ရှိသည့် ရုံးပိတ်ရက်နှစ်ရက်လွန်မြောက်သော တနင်္လာ မနက်တွင် တက်ကြွခြင်းတစ်ဝက်၊
ပျင်းခြောက်ခြင်းတစ်ဝက်နဲ့ ကြိုထွက်နေသော Weekly Eleven ပထမစာမျက်နှာတစ်ရွက်ကို
လှန်ဖတ်လိုက်ရချိန်တွင် နှလုံးအခန်းများက သွေးတို့ကို ဒိတ်ဒိတ်ခုန် တွန်းပို့ကုန် သည်။
တကယ်လား။ အရင်ကဒါမျိုးဆို
ပြုတ်ကျန်ရစ်လောက်ရောပေါ့။
တိတိကျကျဆိုပရပါလျှင် Weekly Eleven
No-52 Vol-7 စာမျက်နှာ-၃ပါ ပြည်သူ့လွှတ်တော်
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ဝင် ဦးသိန်းညွန့်က
“ ကျွန်တော်တို့ရဲ့ တရားစီရင်ရေးမဏ္ဍိုင်က ရန်ကုန်မှာ ယိမ်းယိုင်နေပြီး မန္တလေးမှာ မြေပေါ်ပြိုကျသွား ပါပြီ။ ဒါ့ကြောင့် ကျွန်တော်ကတော့ ကျန်တဲ့သက်တမ်းသုံးနှစ်မှာ တရားရေးမဏ္ဍိုင်တည့်မတ်နိုင်ဖို့ အစွမ်း ကုန်ကြိုးစားပါမယ်။ တိုင်းပြည်မှာ တရားတာကို မတရားလုပ်ရင်၊ မတရားတာကို တရားလုပ်ရင် တိုင်ပြည် ပျက်မှာဘဲ ”
“ ကျွန်တော်တို့ရဲ့ တရားစီရင်ရေးမဏ္ဍိုင်က ရန်ကုန်မှာ ယိမ်းယိုင်နေပြီး မန္တလေးမှာ မြေပေါ်ပြိုကျသွား ပါပြီ။ ဒါ့ကြောင့် ကျွန်တော်ကတော့ ကျန်တဲ့သက်တမ်းသုံးနှစ်မှာ တရားရေးမဏ္ဍိုင်တည့်မတ်နိုင်ဖို့ အစွမ်း ကုန်ကြိုးစားပါမယ်။ တိုင်းပြည်မှာ တရားတာကို မတရားလုပ်ရင်၊ မတရားတာကို တရားလုပ်ရင် တိုင်ပြည် ပျက်မှာဘဲ ”
ပြောရဲလိုက်တာဘဘရယ်။
ကျွန်တော်တစ်လုံးချင်းပြန်ဖတ်ရင်း ရင်တွေလှပ်လှပ်တုန်လို့။
ဒါက ကျွန်တော်တို့ရဲ့သံမဏီလိပ်ပြာ
ခွပ်ဒေါင်းသခင်၏ပုံရိပ်ကို ပြတ်ပြတ်သားသား ထင်စေခြင်း လည်းဖြစ်မည်။ ဒါနဲ့အတူ
Weekly Eleven ရဲ့အချပ်ပိုမှာ
“ပြည်သူကသာရွေးချယ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ်လက်ခံသွားမည် ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်ပြောကြား” စာလုံးမည်းမည်းကြီးနှင့် ထင်းကနဲ။
“ပြည်သူကသာရွေးချယ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ်လက်ခံသွားမည် ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်ပြောကြား” စာလုံးမည်းမည်းကြီးနှင့် ထင်းကနဲ။
ပြတ်သားလိုက်တာ သမ္မတကြီးရယ်။
ကျွန်တော့်တစ်သက်တော့ ဒီလိုကြားဖူးတာ ဒါပထမဆုံးလို့ ပင် ဆိုလိုက်ချင်သည်။
ကျွန်တော့်အသက်နှင့်ယှဉ်လျှင်
သမ္မတကြီးနှင့်ဘဘဦးသိန်းညွန့်တို့သည် ထက်ဝက်စွန်းစွန်း မက ကြီးကြပါလိမ့်မည်။
သူတို့နှစ်ဦးမှ ပြတ်သားသော ရဲရင့်သော သဘောထားတွေ ထုတ်ပြန်သွား လေပြီ။ တစ်နည်းသူတို့ဦးတည်ချက်တွေကို ဖော်ညွှန်းလိုက်ခြင်းလည်းဖြစ်ပေမည်။ ကျွန်တော့်အဖေအရွယ်
ဘဘတို့ ရဲရင့်တက်ကြွနေချိန်မယ် ကျွန်တော်တို့ကတော့ လိပ်ဖြစ်ပါလျှက်
ခေါင်းမပြူဝံ့ဆဲ။ ပုဆိုးခြုံထဲက လက်သီးပြဆဲ။ မထီမဲ့မြင်၃ကိုကြောက်ဆဲ။
ထမင်းကျွေးနေသော လိုင်စင်လေးကို ကျစ်ကျစ်ဆုတ် လို့ နှုတ်ငုံဆဲ ဖြစ်ပါသည်။
ဒါပေမယ့် ပါးပါးလေးတော့ပြောချင်တာက---
တိုင်စာရှိလို့။ တိုင်ထားလို့။
သူတို့က တိုင်တတ်လို့နဲ့ တစ်ခါတစ်ရံနည်းတာတွေက များသွား တတ်သည်။ ပေါ့တာတွေက လေးသွားတတ်သည်။
ပေါ့စရာတွေ ငေးသွားရတတ်သည်။ဒါကလည်း တောင်မရောက် မြောက်မရောက် ကိုတတ်ပတို့
လက်စွမ်းပြခြင်းကြောင့် ရုတ်တရက် သွေးတက်ကာ မိုက်ခနဲယိုင်သွားခြင်းမျိုးဖြစ်သည်။
ဖိအားရှိတယ်။ နာမည်ကြီးနေတာ။
ဟိုကပြောထားလို့ ဆိုတာတွေကလည်း တစ်ခါတစ်ရံ တည့်နေတာတွေ စောင်းသွားစေနိုင်သလို
စောင်းတာလေးတွေလည်း တည့်သွားစေတတ်သဖြင့် မကောင်းတစ်ဝက် ကောင်းတစ်ဝက်။ တစ်ခါတစ်ရံကြုံတတ်သေးသည်။
သီဟ၊ သူရ စသဖြင့်စသော နာမည်ရှင်များပါလာလျှင် လခစားမဟုတ်သူစစ်စစ်ဖြစ်ကြောင်း
ဦးစွာကြေငြာပြဌာန်းပေးရသေး သည်။ နို့မဟုတ်လျှင် သွေးလေခြောက်ခြား၍ ရှုပ်ကုန်တတ်ပြန်သည်။
နောက်တစ်မျိုးက တစ်ကောင်ထိုးကျွေး
နှစ်ကောင်စား ကင်းပေါက်တာများရှိသလို သုံးလေး ကောင်စား ကင်းပေါက်သွားတာမျိုးဖြစ်သည်။
တစ်ခါတစ်ရံ အကျွေးကောင်က ထကြောင် တတ်တာ မျိုးလည်းရှိတတ်ပေမယ့် စာရင်းလက်ကျန်ရှိအောင်တော့
ချန်ညှိစမြဲဖြစ်သည်။ စာရင်းသဘော အရ ကျပ်စွန်းပြားစွန်းတော့ စွန်းရဦးမည်မဟုတ်ပါလား။
သုံညနှင့်စာအုပ်တော့ကျန်လို့ မဖြစ်ဘူး မဟုတ်လား။
တစ်ခါတစ်ရံကျပြန်တော့
လေယူရာတိမ်းယိမ်းနွဲ့ရင်း နှုတ်ထွက်က စာရွက်ထက် ခိုင်မာနေ တတ်ပြန်သည်။ လက်ပူးလက်ကြပ်ထက်
ဖော်ချက်ပါဖြင့်ပါရသူလက်မဲ့က ပိုအပြစ်များတတ်ပြန်သည်။ ဤသို့…….ဤသို့ဖြင့်
ဟိုထိုးသည်ယိမ်း အမူးသိုင်းကရင်းထိုးလဲနေသည်ကို ပြေးထူးဖို့ မစဉ်းစားရဲ ဟို ကြောက်သည်ကြောက်နှင့် ရေစုန်မျှောလိုက်ဆဲ ကျွန်တော်တို့ဟာ Tune
ညှိလိုက်ပါ တီးခတ်နေရ သော ၀ိုင်းတော်သားတစ်စုသာဖြစ်ကျန်နေကြပါသည်။
ဆရာတစ်ယောက်က ရုံးဝင်းထဲက
လက်ဖက်ရည်ဆိုင်ထိုင်တော့ “ ဟေ့ကြောက်တတ်လို့ လာရဲတာကွ ” လို့ခပ်နောက်နောက်ပြောသွားသည်။
ဟုတ်ပါသည်။ ကျွန်တော်တို့က အားလုံးကို ကြောက်ရပါသည်။ စာရေးပြာတာဆင့်စာကစလို့
အားလုံးကိုကြောက်ရပါသည်။ အားလုံး က ဟောက်ကြပါသည်။ အဆိုးဆုံးက ဟုတ်သည်ရော
မဟုတ်သည်ရော ကလောင်စွမ်းထက်ကြသော ကျွန်တော်တို့ ထမင်းရှင်များကို ပိုကြောက်ရပါသည်။
မဟုတ်တာကိုခိုင်းတာလည်း သူတို့ဖြစ်သလို။ မဟုတ်တာလုပ် သည်ကို သိသည်မှာလည်း
သူတို့ဖြစ်သောကြောင့်ဖြစ်ပါသည်။ သူတို့အစွမ်းကြောင့် ကြားနာသည် မကြားနာသည်ကနောက်
ထမင်းစာလက်မှတ်ကတော့ ပျောက်တတ်စမြဲဖြစ်ပါသည်။
လွန်ခဲ့သောတစ်ခေတ်က မင်္ဂလာရှိသော
အမိန်စာရွက်တစ်ရွက်ရေးတိုင်း ပြေပြေးတွေ့ရသော အလေ့ရှိခဲ့ဖူးလေသည်။ သူကတော့
သူ့နယ်ပယ်တစ်ခွင်တွင် လက်တံရှည်လေသည်။ ပြေးမတွေ့ထား လျှင် ဇိကုတ်ကာ
ချောင်းသိပ်ထိုးတတ်လေသည်။ ကျွန်တော်တို့က ကျွန်တော်တို့ သင်ဆရာ၊ မြင်ဆရာ၊
ကြားဆရာများကို ဆရာဟုခေါ်သလို သူတို့ကိုလည်းဆရာဟုခေါ်လေ့ရှိပါသည်။ ထိုဆရာ တစ်ယောက်က
“ မင်းတို့ကလည်း မင်းတို့ကိစ္စအတွက် အစွမ်းကုန်ပြောကြမှာပါဘဲ။ ငါတို့ရဲ့ဒုက္ခကလည်း
စေတနာ တိုင်း စေတနာထင်ကြတာမဟုတ်ဘူး။ ရေပါတယ်ချည်းထင်ကြတာ။ အဲ့ဒါကြောင့်
မင့်တို့ဘက်က အလွန့်အလွန် အခက်အခဲရှိသောအခါမှသာ ပြောကြပါ။ ငါစေတနာ ပါ့မယ်။ ဒါနဲ့
ငါလည်း နယ်တွေမှာ အနေကြာခဲ့ရတယ် ”လို့ သနားစဖွယ်ပြောပြဖူးသည်။
အတော်ဝါရင့်သောပုဂ္ဂိုလ်ကြီးတစ်ဦးကတော့
“ ကျွန်တော်တရားသဘော အတော်လေ့ကျက် မိလာတယ်ဗျ။ ငယ်စဉ်ဘ၀တုန်းက ငါညံ့လို့
ငါအားထုတ်တာနည်းလို့ ဒီ့ထက်ကောင်းအောင် ဒီ့ထက်ပီပြင်အောင် လုပ်မယ်ဆိုပြီး
လုပ်ခဲ့ဖူးတာ တကယ်တန်းတော့ ဟုတ်ချင်မှလည်း ဟုတ်တာ။ တစ်ခါတစ်ရံ
ကိုယ်ကအားထုတ်ထုတ်မထုတ်ထုတ် အောင်မြင်စရာပါလာရင်အောင်မြင်တာပါဘဲ။ နောက်ဆုံးတော့
ကျွန်တော်တို့က အပြောခံရရော။ အောင်မြင်တော့ သူတို့ကစွမ်းလို့တဲ့ဗျ။ မအောင်မြင်တော့
ကျွန်တော်တို့ အသုံးမကျလို့တဲ့။ အပေါင်းအသင်းကိုမတတ်ဘူးဆိုတာပါသေး။ ဒီတော့ ဒါတွေ
အနတ္တသဘောတွေပါဗျာ။ ရှု့တတ်ရင် ကုသိုလ်တောင်ရပါသေးတယ် ” ပြောသွားတာကိုမှတ်ထားမိလိုက် သည်။
ကျွန်တော် အက်ဆေးတစ်ပုဒ်မှ
စာစုအချို့ကူးရေးပြချင်ပါသည်။ ဇာတ်ကောင် ကိုဉာဏ်ရှင် အကြောင်းဖြစ်ပါသည်။
“အလုပ်တာဝန်တွေနှင့်
နယ်မြေအသီးသီးသို့ ရောက်ကြတော့လည်း ဉာဏ်ရှင့်သတင်းတွေ မကြာမကြာကြားရတတ်သည်။
သူ့အလုပ်တာဝန် အလျောက်လုပ်ပေးရသည့်ကိစ္စများ၌ “ပြီးမြောက်အောင်မြင်” သူတို့က
ဘယ်လို ဘဲ ကျေးဇူးပြုပြု သူကလုံးဝလက်မခံသလိုပဲ၊ သူ့တပည့်တပန်းတွေ ကိုလည်း လုံးဝ
လက်မခံစေရ။ တိုက်သည့် လက်ဖက်ရည်မသောက်ရဟု တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်ဟုဆိုသည်။
“ဒါဆို
သူဘာနဲ့စားနေသလဲ”ဟု တစ်ယောက်ကမေးခွန်းထုတ်ဖူးသည်။ (သည်တုန်းကလစာတွေမတိုးမြှင့်သေး)။
“သူက
တစ်နပ်ပဲစားတယ်လေ။ ညဘက်ဆို ရေသောက်ဗိုက်မှောက်ပြီး တကယ့်ကိုနေတာ”ဟု
မြို့နီးချုပ်စပ် သူငယ်ချင်းကပြောသည်။
……………………………………………………………………………………… ထိုသို့ကြားမိခဲ့စဉ်က
ကျွန်တော်သည် သီလစောင့်သူ သူငယ်ချင်းအတွက် ဂုဏ်ယူကျေနပ်ခဲ့ဖူးသည်။ ဟုတ်ပါပြီ။
ခုကိုဉာဏ်ရှင် ဘယ်ရောက်နေပြီလဲ။
ကျွန်တော်နံဘေးမှ
သူငယ်ချင်းကို တံတောင်တွတ်၍
“ကိုဉာဏ်ရှင်ဘယ်ရောက်နေပြီလဲ”
……………………………. မသိ။ မသိကြတော့။ နောက်ဆုံးတော့မှ မိုက်ကိုင်ထားသော သူငယ်ချင်းက
ပြောသည်။
“ကြွေသွားပြီ….သူငယ်ချင်း
မောင်ဉာဏ်ရှင် ကြွေသွားတာ ကြာပါပကော”
“ဟုတ်လား….ဘာဖြစ်လို့လဲ”
…………………………………………………………………………………….
“ဘာဆန်းလဲကွာ…….ဒီကောင်
ရေစီးကြောင်းထဲ ရှင်သန်အောင်မှမနေ တတ်ဘဲ”
ဒါက “မျက်လှည့်ဆရာနှင့်သင်္ဘောများ”
မှကောက်နှုတ်ကူးယူခြင်း ဖြစ်ပါသည်။ ဘဘဦးသိန်းညွန့် ကိုလေးစားပါသည်။ ဘဘရေ
ရေစီးကြောင်းကိုပြောင်းပြန်လှော်ဖို့ဆိုရင် Encourage တွေပေးဖို့ လိုမည်ဟုထင်ပါသည်။
ကျွန်တော်တို့တစ်တွေအတွက်လည်း ဦးထုပ်မာတစ်လုံးစီနှင့် ဒိုင်းတစ်ခုစီ လိုပါဦးမည်။
ကျွန်တော့်မှာပြောစရာတွေ များစွာကျန်ပါသည်။ ဒါတွေက အက်ဆေးတွေပဲလို့ စာရေးဆရာ တစ်ဦးက
အားပေးဖူးပါသည်။ ကျွန်တော့်အထင် မရဲဘဲကျွဲတော့ စီးလိုက်မိပြီဟု ထင်ပါသည်။
ရဲအောင်တော့ ကြိုးစားပါဦးမည်။
ပြတ်သား(ရတနာမြေ)
No comments:
Post a Comment