Pages

Monday, January 21, 2013

မြနန္ဒာအတွဲ-၂၊ အမှတ်-၃ပါ သလ္လာဝတီတိုင်းသို့ရောက်ခဲ့စဉ်က



“သလ္လာဝတီတိုင်းက ရင်လှိုင်းခတ်သံ”
          “ဒေါ်ပုတဲ့…အသက်(၆၀)ကျော်ပြီ…ခြေကျင်လာတာ…မောလည်းမောရမှန်းမသိဘူး…စိတ်ထဲကို နေ့ လည်း အိပ်မပျော်ဘူး၊ အိပ်ရင် ဘုန်းကြီးတွေစိတ်..တောင်ကြီးစိတ်ပဲ…မြေတွေသိမ်းတာ…မြေတွေ သိမ်းရင် လုပ်စားစရာမရှိဘူး…လူတွေတော့ခက်တော့မှာပဲဆိုပြီး စိတ်ထဲထမင်းစားလည်း မမြိန်ဘူး…ဘုတောဘုတော… ဘုတောဘုတောနဲ့…စိတ်ထဲနွေး…ပူနေတာ” “ကမ္ဘာတည်ဦးကတည်းကလုပ်စားတဲ့မြေ” “လာပြီးတော့ မေးဒယ်…အရီးမြေဘယ်လောက်တန်ကြေးရှိသလဲတဲ့…မြေတွေများအကျယ်ကြီးလို့ဆိုဒယ်” “ငတို့က ရှေးရှေး ကတည်းက ကမ္ဘာဦးတည်းကလုပ်စားတဲ့ သည်မြေ…နောက်လည်း အဆက်ဆက် လုပ်စားရမယ့်မြေ…တို့က မြေတန်ကြေးဖြတ်လို့မရဘူးကွ” ဆိုတော့ “ဒါဖြင့်ဗျာ…ကားလမ်းဘေးမြေတွေအပုံပဲ…လုပ်စားကြပါလား… ဒီပိတ်ထားတဲ့မြေမှပြောရသလားတဲ့” “ကျုပ်လဲပြန်ပြောလိုက်ဒယ်…ကိုယ့်အပိုင်းနဲ့ကိုယ်လို့…မင်းခါးမင်းတို့ ဘောင်ဘီ ငါ့ခါးငါ့လုံချည်လို့” ပြောပြနေတဲ့အမေအိုက ဒေါသသံတွေ သောကမာန်တွေအပြည့်။ အသက်က (၆၀)ကျော်။ တစ်ချို့(၆၀)ကျော်တွေ လှတုန်းပတုန်း ဖြီးတုန်းလိမ်းတုန်း ကျော့မဆုံး ဘယ်သူငွေတွေသုံးလို့ အလှချင်းပြိုင်နေမှန်းမသိပေမယ့် အမေအိုကတော့ ပိန်လို့ချုံးလို့။ မာနေသောသူ့အရိုးကပျော့တွဲကျနေတဲ့ မည်းညစ်ညစ်အရေပြားကို လျော့ရဲရဲခြုံထားလေရဲ့။ သူတို့သပိတ်စခန်းက လက်ပံတောင်းကြေးနီ စီမံကိန်း(လုံးဝ)ဖျက်သိမ်းရေးသပိတ်စခန်း ၁၂-၁၂-၁၂က စတင်ခဲ့တာတဲ့။ “မတရား အကြမ်းဖက်နှိမ်နှင်းမှုကို အမြန်ဆုံးထိရောက်စွာ အရေးယူပေးဖို့အရေး ဒို့အရေး…ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံတွေလည်း တွေ့ခဲ့ရသည်။
          “လက်ပံတောင်းသွားမယ်၊ လိုက်နိုင်လား”လို့ ရှေ့နေကွန်ရက်အထက်မြန်မာပြည်က ဆက်သွယ် လာတော့ မဆိုင်းမတွ တုန့်ပြန်မိလိုက်သည်။ သည်ခရီးက ရင်ခုန်စရာ။ ခေါ်တာဘဲချက်ချင်း ကျေးဇူးတင်သွားရသည်။ ကျွန်တော်ရင်အခုန်ဆုံးက ရှေ့နေကွန်ရက်ဆိုတော့ လက်ပံတောင်းနယ်သူ နယ်သားတွေနဲ့တွေ့ခွင့်ရမည်။ သူတို့ရင်တွင်းဖြစ်တွေနားဆင်ခွင့်ရမည်။ လက်ပံတောင်းတောင်ဆိုတာ ကြီးလည်း မြင်ဖူးချင်လှသည်။ ကမ္ဘာကျော် တန်ဆောင်မုန်းလပြည့်ကျော် အာရုဏ်တက်ရင်ပြင်နေရာသို့ လည်း သွားရောက်ဂုဏ်ပြုချင်လှသည်။ လက်ပံတောင်နယ်ဆိုတာ ဘယ်လိုလဲ။ ဘာတွေဖြစ်သွားပြီလဲ။ ဘာတွေခံစားနေရကြလဲ မြင်ချင်သိချင်ကြားချင်လှပြီ။ မီဒီယာတွေရိုက်ပြ တင်ပြနေတာတွေနဲ့ မတင်းတိမ်နိုင် သောကျွန်တော့်စိတ်က လက်ပံတောင်နှင့်မုံရွာနယ်တစ်ခွင်က ပြည်သူ့ရင်လှိုင်းသံတွေကို အလောတစ်ကြီး ဆာလောင် မွတ်သိပ်နေပြီ။ သူတို့ ကိုယ်စိတ်နှစ်ပါး ကျန်းခံ့သာလို့မာပါစ။
          မုံရွာရောက်တော့ နယ်သူနယ်သားတွေတွေ့ဖို့ မုံရွာဗကသက ဦးဆောင်လမ်းပြသည်။ ဗကသဆို၍ ကျွန်တော်တော့ နိုင်ငံရေးသမားကြီးတွေများတွေ့ရပြီလားလို့ တွေးထင်ထားတာ တက်တက်စင်အောင် လွဲပါတော့သည်။ တကယ့်ပကတိ ဖြူစင်ပျိုမျစ်နုနယ်နေသော ညီငယ်လေးတွေ။ သူတို့အချင်းချင်း နောက်ပြောင်တွန်းထိုးနေတာများမြင်ရတော့ ကျွန်တော့်ရင်တွင် ဟိုစဉ်အချိန် ချာတိတ်အရွယ်ကျောင်းနေ တုန်းကဘ၀ကို ပြေးလွမ်းလိုက်ရသလို သူတို့ရင်ထဲက သံန္နိဋ္ဌာန်ကိုလှမ်းမြင်လိုက်ရပြန်တော့လည်း ကျွန်တော် တို့လေလွင့်ကုန်ဆုံးခဲ့ရသော ကျောင်းသားဘ၀တွေကို အားမလိုအားမရ။ ... မြန်မာပြည်ဆိုင်ရာ ....ကျောင်းသားသမဂ္ဂသည် ....ရာဇ၀င်တွင်လောက်ပေသည်... .....တော်လှန်ရာတွင် ရှေ့ကပင်ဦးထိပ်တင် .... သက်စွန့်ကျိုးပမ်း … ထမ်းရွက်ခဲ့ပေသည်..
          ရေကြည်ပင်ရွာဆရာတော်အရှင်ကာရုဏ်ညကတော့ ၁၇ ရက်၊ ၂၂ရက်၊ ၂၄ရက်နေ့တွေမှာ မြေတွေ တုန်ဟည်းပြီး တော်လဲသံကြီးတွေမြည်ကာ ဘုရားစေတီတော်နှစ်ဆူ ကြာမှောက်ကြာလှန်တွေ အက်ကွဲကုန် ပါပြီတဲ့။ ၁၇ရက်နေ့က အင်းအားအပြင်းဆုံး လေးလုံးခွဲလိုက်တယ်တဲ့။ ရေကြည်ပင်ရွာကတော့ ကြေးစင် တောင်နဲ့ မလှမ်းမကမ်းနေရာ။ ရေပုတ်ရွာရောက်တော့ မဏီစည်သူတည်ခဲ့သောဘုရား၊ လေးမျက်နှာ ဘုရားတွေအက်ကာ ရေပုတ်ကျောင်းသစ်ကြီးမှာတော့ သံမံသလင်းအခင်းတွေ အက်ကြောင်းထ ကုဋီကကွဲ၊ ကြွေပြားတွေပဲ့ထွက်နေပါပကော။ ရေပုတ်ရွာကတော့ ကြေးစင်တောင်နဲ့မျက်နှာချင်းဆိုင် ချောင်းခြားနေသော ယမားတစ်ဘက်ကမ်း။ ရေပုတ်ရွာကျောင်းကအမေကတော့ “ရက်စက်တယ်…ရက်စက်တယ် မြေလျင်ကြီး တွေလိုလှုပ်နေတာ…ကြောက်စရာ…ကြောက်စရာ” တဲ့။ လူတွေခြောက်ခြား၊ ကလေးတွေလန့်ငို။ နှစ်ဆင့်ကွဲ သုံးဆင့်ကွဲတွေလို့ သူတို့မကြုံဘူးရတာတွေကို တအံ့တသြရှင်းပြကြပါသည်။
          ပုသိမ်-မုံရွာကားလမ်းဘေး သပိတ်စခန်းကတော့ ကော်မရှင်ရဲ့အဆုံးအဖြတ်ကို စောင့်မယ်တဲ့။ ဒါပေမယ့် ကော်မရှင်စုံစမ်းနေတုန်းမှာ လုပ်ငန်းတွေအကုန်ရပ်ထားပေးဖို့ တောင်းဆိုနေကြသည်။ ဘယ်သူမှ မြှောက်မပေးဘူး အဝေးကြီးကလည်း လာကြတာ… ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်လာတာ…အိမ်ကိုမပြန်ဘူး …ဟိုလူကကြွေး သည်လူကကြွေးနဲ့နေတာ…ညဆိုခွက်ထိုးတွေကလည်းအများကြီး…ခွက်ထိုးဆိုတာစေတနာ ရှိသူတွေက ဒါနချကြတာ” လို့ရှင်းပြပြီး သူတို့လုပ်ရပ်ကိုသူတို့ အားရတက်ကြွနေကြသည်။ အမေအိုကတော့ “တို့တွေကတောသူ…စာလည်း မတတ်ဘူးကွ…စက်မှုပညာလည်း မတတ်ဘူးကွ…စာ မတတ်လည်း မြေနဲ့နွား ရှိ ထမင်းစားရဒယ်…ဟောမုံရွာပွဲရုံတွေသွား ပိုက်ဆံသွားလှည့်ယူ…တလင်းပြတ် သီးနှံထွက်တော့ပေးလိုက် ဒယ်…ငါတောသူ အသံကျယ်သွားခွင့်လွှတ်” လို့အားကြိုးမာန်တက် ပြောသွားလိုက်တာ သူမှာ အသက်တောင် စကားဆုံးမှရှုသွားတယ်။ ပြည်သူကြားကအသံတွေကြားရတာ လာရကျိုးနပ်ပြီလို့ ပီတိလေးတော့ လက်သွား ရပါပြီ။
          ရွှေရောင်တ၀င်းဝင်းနဲ့ ဘုရားစေတီဝင်း၊ အုတ်ရေကန်၊ ဆွမ်းစာကျောင်းနဲ့ နှစ်ထပ်စံကျောင်းအောက် မှာဖူးမျှော်ခံတဲ့ ဆည်တည်းရွာအောင်မြေမြင်သာကျောင်းဆရာတော်ကတော့ ရွေ့ပြောင်းရမည့်ထဲပါနေလို့ မျက်နှာတော်မသာယာရှာပါဘူး။ “မုန်တိုင်းဒဏ်ကိုကျောပေးခံမယ့်တောင်၊ မြေလှိုင်းဒဏ်ကို ကျောပိုး ထားတဲ့တောင်၊ ဒါ့ကြောင့်တောင်ပျောက်မယ့်အရေး STOP” စာတမ်းထိုးထားတဲ့အင်္ကျီ ၀တ်ထားတဲ့ တစ်ယောက်ကတော့ အောင်ဌေးနိုင်။ သူကိုတော့ ဆီထုတ်သွားတုန်း မပြောမဆို ဖမ်းခေါ်သွားတာ ဆင်ဖြူရှင်တံတားထိပ် ရောက်မှာ ရွာကလူတွေ စခန်းမှာလာတောင်းလို့ ပြန်လွှတ်ခဲ့တာပါတဲ့။
          တစ်ယောက်ကတော့ ကျွန်တော်တို့ဆီက နဂိုတုန်းက မြေယာနဲ့ထမင်းစားလောက်တယ်… ပညာတတ်စရာမလိုဘူး… မိဘထားခဲ့တဲ့ မြေယာအတိုင်းလုပ်စားတတ်ရင် ထမင်းဝတယ်…အိမ်ကောင်းကောင်း ဆောက်လို့ရတယ်… အ၀တ်အစား ကောင်းကောင်း ၀တ်လို့ရတယ်… ပစ္စည်းကောင်းသုံးလို့ရတယ်ဆိုပြီး သည်အတိုင်းနေလိုက်တာ… အမှတ်မထင်ပဲ စီမံကိန်းက သိမ်းလိုက်တယ်… သိမ်းလိုက်တဲ့အခါမှာ ပညာမှာ လက်ထဲမရှိဘူး… ရှိတဲ့မြေယာ သူတို့က သိမ်းလိုက်တယ်…မြေယာသိမ်းတော့ ပညာမှာ လက်ထဲမရှိအခါမှာ အလုပ်လျှောက်ဆိုတော့…ကျွန်တော်တို့က ပညာတတ်မရှိဘူးဆိုပြီးတော့မခန့်ဘူး…မခန့်တဲ့ နောက်မှာ အလုပ်လက်မဲ့ ဖြစ်လာတယ်… အလုပ်လက်မဲ့ဖြစ်လာတဲ့ အခါမှာ ကိုယ်ဟာကိုယ် ရှာဖွေစားသောက်ရတဲ့ အချိန်မှာ မလုပ်သင့်တဲ့ အလုပ်ကို လုပ်မိတယ်.. ကိုယ့်သေတွင်းကိုယ်တူးတဲ့အလုပ်ကိုလုပ်မိတယ်…ဒါက လုပ်စားတဲ့သူရဲ့အပြစ်မဟုတ်ဘူး” လို့ ဆိုသွားလေသည်။ ကိုယ့်သေတွင်းကိုယ်တူးတဲ့အလုပ်ဆိုတာ ဒုတ္ထာ ချက်တဲ့အလုပ်ပါလို့ဆက်ရှင်းပြသွားပါတယ်။ ဒုတ္ထာမပေါ်ခင် လူတွေရုပ်လက္ခဏါနဲ့ အခုလူတွေရုပ်လက္ခဏါ ယှဉ်ကြည့်ရင်သိနိုင်ပါတယ်တဲ့။ သူတို့မှာ အရင်ကဆူးထောက်တစ်ချောင်း၊ ခွတစ်ချောင်းနဲ့ ဓါးတစ်ချောင်းရှိရင် လုပ်စားလို့ရပါတယ်တဲ့။ ဖြစ်နေရတဲ့ အရင်းခံ ဇစ်မြစ်ကို မြင်သိကြားခွင့်ရခဲ့ပါတော့သည်။
သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။
သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။
                                                                                   မင်းသုဝဏ်
မြို့တော်မုံရွာက စာရေးဆရာဘဘကြီးအင်ဒါဆင်းက ရှင်းပြတာကတော့“ လက်ပံတောင်းတောင်ကြီး မပျောက်ကွယ်စေချင်ဘူးဆိုတဲ့ အဲ့ဒီဒေသခံလူထုရဲ့ဆန္ဒ၊ ကျွန်တော်တို့မုံရွာကလူထုတွေရဲ့ဆန္ဒ အဲ့ဒီလက်ပံ တောင်ကြီးမပျောက်ကွယ်လိုတဲ့ကိစ္စက ကြေးနီလုပ်ငန်းသာလုပ်ရင် ဒီတောင်ကြီးပျောက်မှာပဲ တော်ကြာ တူးလိုက်ဖော်လိုက် ခုတ်လိုက်ထစ်လိုက်နဲ့ အခုကိုပျက်တဲ့အပိုင်းတွေ ကျွန်တော်တို့ကိုယ်တိုင်လည်း မြင်ခဲ့ရ ပါပြီ၊ ဒီကြေးနီစီမံကိန်းကြီးကိုအဆုံးအထိလုပ်ပြီးရင် အခုလက်ပံတောင်းတောင်ကြီးရှိတဲ့ မြေဧက၁၅၀၀နေရာ က အင်မတန်ကြီးတဲ့ချိုင့်ကြီးပဲဖြစ်သွားမှာ ဘယ်လောက်ကြီးမလဲဆိုရင် ဒီချိုင့်ကြီးဟာအောက်ကို ပေ၁၀၀၀ အနက်လောက်အထိ နက်ဆင်းသွားမှာ အင်မတန်ကြီးတဲ့ ကန်ကြီးတစ်ခုလိုဖြစ်သွားမှာ ဒ်ီတော့ဆက်လုပ်ရင် ဒီတောင်ကပျောက်မှာပဲ ဒါ့ကြောင့်ကျွန်တော်တို့က ဒီစီမံကိန်းကိုလုံးဝဖျက်သိမ်းပေးပါ အဲ့ဒါကျွန်တော်တို့ရဲ့ တောင်းဆိုချက်ပဲ” ဘဘကဆက်ပြောသွားတာက“ကော့ပါးကိုးလ်က မိုးရေထိရင် အက်ဆစ်ဖြစ်တာပဲ၊ သုံးတဲ့ပြုတဲ့ကိစ္စတွေမှာလဲ အက်ဆစ်ကပါတယ် တူးထားတဲ့နေရာမှာ အဆိပ်ရည်တွေကစုမယ် လက်ပံ တောင်းတောင်သည် ချင်းတွင်းမြစ်နဲ့တစ်မိုင်ပဲဝေးတယ် ချင်းတွင်းမြစ်က တစ်ခါတစ်ရံရေလျှံလို့တက်လာတဲ့ ချောင်းလေးတွေက လက်ပံတောင်တောင်ခြေထိ ဆိုက်သွားတယ် မြစ်နဲ့တောင်နဲ့ဆက်စပ်မှုရှိပါတယ် အဲ့ဒီတော့ တောင်စောင်းကြီးထဲမှာရှိနေတဲ့ အဆိပ်ရည်တွေသည် တစ်ဖြည်းဖြည်းစိမ့်စိမ့်ပြီးတော့ စီးသွားရင် ချင်းတွင်းမြစ်ထဲကို ဘယ်သူတားလို့မှမရဘူးရောက်မှာ ဘယ်နည်းနဲ့တားလို့မှမရဘူးရောက်တယ် အဲ့ဒီ အဆိပ်ရည်တွေ ချင်းတွင်းမြစ်ထဲရောက်ရင် ချင်းတွင်းမြစ်ပျက်ပြီ၊ ချင်းတွင်းမြစ်ဟာ ဧရာဝတီထဲရောက် သွားမယ် ဧရာဝတီထဲရှိတာတွေပျက်မယ် တစ်လျှောက်လုံး ဒီကနေ ပခုက္ကူ၊ မြင်းခြံ၊ ပုဂံညောင်ဦး၊ မြစ်ဝကျွန်းပေါ်ထိရောက်မယ်၊ ကျွန်တော်တို့အသက်တွေကျော်သွားတဲ့အထိပျက်မယ် ဒါ့ကြောင့် လက်ပံ တောင်ကိစ္စမှာ စေ့စပ်တာဆွေးနွေးတာမရဘူး စီမံကိန်းဖျက်ရင်ဖျက် မဖျက်ရင် အားလုံးပျက်မှာဘဲ” လို့ မာန်တွေတင်းပြီး ရှင်းပြသွားလိုက်တော့ ကျွန်တော်တို့ ကြက်သီးမွေညှင်းထစရတော့တာပါဘဲ။
          ကျွန်တော်တို့ ဂန္တ၀င်ခရီးစဉ်ကြီး သွားခဲ့ကြပြီးပါပြီ။ သလ္လာဝတီတိုင်းရဲ့ရင်လှိုင်းခတ်သံတွေ မှတ်တမ်း တင်ခဲ့နိုင်ပါပြီ။ ဒီခရီးမှာ တနင့်တပိုး သယ်ပိုးမိလာတာလို့လည်း ခံစားလိုက်ရပါသည်။ ကျွန်တော်တို့ ဘာတွေ တုန့်ပြန်နိုင်မှာလဲ။ သူတို့ကျွေးတဲ့ ထမင်းတစ်လုတ် အတွက် ပြန်ပေးဆပ်နိုင်ဖို့တော့ လိုအပ်နေပါပြီ။ အခု လောလောလတ်လတ်တော့ သလ္လာဝတီရဲ့ရင်လှိုင်းခတ်သံကို ပဲ့တင်ပြန်ရင်း ကျေးဇူးဆပ်ခွင့်ပြုပါရန် တောင်းပန်ရင်း……

No comments:

Post a Comment