“မကလည်းတီး၊
ကလည်းတီး”
မကလည်းတီး၊
ကလည်းတီး၊ မတီးလည်းက၊ တီးလည်းကဟေ့။
ပြီးခဲ့သည့်
ကထိန်ကာလက ဖြစ်ပါသည်။ သည်တေးကို သူတို့ လမ်းတွေပေါ်မှာ ဆိုနေကြပါသည်။ လူတိုင်း လက်တွေ
လေမှာဝေ့လို့မြှောက်လို့ ကနေကြပါသည်။ အိုးစည်ပုအိုက်အိုက်ကြီး
တစ်ဗိုင်းဗိုင်းထုသည့်ဝိုင်းမှာတော့ တိုက်ပုံတွေဝတ် ခမောက်တွေဆောင်းလို့။ သူတို့ ခြေတွေကလည်း
မြေပေါ်မှာ စိတ်ချလက်ချဖြင့် ခုန်ကြသည်။ ဆယ်ကျော်သက်အရွယ်ကစလို့ လေးဆယ်ကျော်
ငါးနှစ်တွင်းတွေသာမက ပျိုပျိုအိုအို၊ ကိုကိုမမ၊ ဦးကြီးဒေါ်လေး တွေ အကုန်ပါကြသည်။ သည်မြေကို
ဧည့်သည်အဖြစ်လာရင်းက ချစ်လို့အခြေချခဲ့ကြသော ဆရာဝန်၊ ဆရာမ၊ စာတိုက်ဗိုလ်
စသူတွေပါလိုက်ဆိုကြသေးသည်။ သည်တေးက သူတို့၏ရိုးရာတေး၊ ဘ၀ဒဿနတေး၊ ကာလအလျား ပြတေး၊
သမိုင်းတေးလည်း ဖြစ်ပါသည်။
သူတို့သည်မြေပေါ်မှာ
အုပ်လိုက်သင်းလိုက် အခုလိုမထွက်နိုင်ခဲ့တာ လွန်ခဲ့သောနှစ်ဆယ့်သုံးနှစ် အတိတ်ဆိုးနှင့်ကြုံခဲ့ရကတည်းကဖြစ်သည်။
သည်နှစ်ဆယ့်သုံးနှစ်တာမှာ သူတို့ညိုးရော်ခဲ့ကြသည်။ နွမ်းငိုက်ခဲ့ကြ သည်။ အကွက်ကျကျ
ထိုးသိပ်တာခံလိုက်ရတာဟုလည်း သဘောပိုက်ခဲ့ကြသည်။ ဘယ်သူ့ဘယ်သူ့မှ အပြစ်မဖို့ သူတို့
မကလည်းတီး၊ ကလည်းတီး၊ မတီးလည်းက၊ တီးလည်းကရင်း နေခဲ့ကြပါသည်။ အရင်တစ်ခေတ် တစ်ခါက သည်မြေမှာလေလိုဝေ့ခွင့်ရခဲ့ဖူးတာ
သူတို့ဘဲမဟုတ်ပါလား။ အင်္ဂလိပ်အစိုးရက ၁၈၈၇ခုနှစ် အောက်တိုဘာလမှာ
ရူဘီဒရက်ဂူလေးရှင်းထုတ်ပြန်ပြီး ရတနာတူးစားခွင့်ပေးခဲ့ရတာ သူတို့ဂုဏ်မာနဘဲ ဖြစ်သည်။
သူတို့၏သွေးတွေ ထဲတွင် ရတနာပုန်းခိုမည့်နေရာကို တပ်အပ်ဟောနိုင်သည့်
ပုဏ္ဏါးတစ်ပါးရှိလေသည်။
သက္ကရာဇ်၅၇၉ခုနှစ်
မိုးမိတ်စော်ဘွားကြီးသိုဟန်ဖတ်လက်ထက် မုဆိုးသုံဦးတောလည်သွားရာမှ လမ်း ပျောက်ကာ
သဖန်းပင်ကြီးအောက်တွင် အိပ်စက်ခဲ့ရပြီးနောက် နံနက်မိုးသောက်သောအခါ ကျီးများ ၀ဲနေသော
နေရာတွင် သွေးညှိနံ့မရှိ ပကတိသန့်စင်နေသော အနီရောင်အတုံးအတစ်များ တွေ့ခြင်းအစသည် သူတို့သမိုင်းဘဲ
ဖြစ်သည်။
မိုးမိတ်စော်ဘွားသိုဟန်ဖတ်က
သည်နေရာကို ဟိန်းခေါ်အုပ်ချုပ်သူတစ်ဦးနှင့် လွှတ်ကာစောင့်ရှောက် စေသော လူတစ်စုသည် သူတို့၏ဘိုးဘွားများဘဲဖြစ်မည်။
ထို့ကြောင့် သူတို့ရှမ်းစပ်သည်။ ရှမ်းပုံပေါက်သည်။ စကားက၀ဲတဲတဲ။ ပါးအို့ကနီနီရဲရဲ
ပတ္တမြားသွေးလေးတွေစို့လို့။ သူတို့ထံတွင် ရှမ်းဓလေ့တွေရှိသည်။ ပဲပုတ်စားသည်။ နှစ်စဉ်
မျှစ်ချဉ်တည်သည်။ “အမဲချဉ်ချိုစိုး၊ မိန်းမ၀ါးလုံးစီး၊ ပေါက်စီနှစ်ပြားဖိုး”ဟု
ရှမ်းသံလိုလို၊ ဓနုသံလိုလိုနှင့် မြန်မာလိုအော်ကာတိုင်မင်ခေါ်ပြီး ဓနုအိုးစည်၊
တောင်ရိုးအိုးစည်တီးကြသော်လည်း ဓနုလည်းမဟုတ်။ သူတို့ကား မိုးကုတ်သား ဖြစ်ကြပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက်
ပေ၃၈၀၀ကျော်တွင်ရှိသော သူတို့အရပ်က မိုးအလွန်များသည်။ တောက အုပ်သည်။ ခရီးကလှမ်းသည်။
သွားရသောကတ္တရာလမ်းက ကြမ်းသည်။ အင်္ဂလိပ်တို့က သပိတ်ကျင်းမှ မိုးကုတ်သွားနိုင်ရန်
၁၉၁၁ခုနှစ်ရောက်မှငွေ(၁၅)သိန်းခွဲအကုန်ခံကာ ကတ္တရာလမ်းကိုဖောက်သည်ဟု သိရသည်။ နှစ်စဉ်လမ်းပြုပြင်စရိတ်
ငွေတစ်သိန်းသတ်မှတ်သည်။ ၁၉၁၁ခုနှစ် လမ်းပြင်စရိတ်ငွေတစ်သိန်းသည် ယခု၂၀၁၂တွင်
မည်မျှလောက်ဖြစ်မည်ကိုတော့ ကျွန်တော်လည်းမသိ။ သပိတ်ကျင်းကသင်္ဘောဆိပ်မြို့။
သပိတ်ကျင်းရောက်အောင် ရေကြောင်းကလာရသည်။ ယခုမိုးကုတ်-မန္တလေးကားလမ်းတွင်
သပိတ်ကျင်းလမ်းခွဲဖြစ်သောဖော့တောနဲ့လက်ပံလှကို ဆက်သောလမ်းက ၁၉၆၁ခုနှစ်ရောက် မှ ဖောက်ခဲ့ခြင်းဖြစ်သည်ဟု
မှတ်သားထားရသည်။
ဆောင်းတွင်းတွင်
ရေခဲအောင်အေးသည်။ ဆောင်းနှင့်အတူ လူတွေကလည်း အေးသည်။ စရိုက်ကလည်းအေးသည်။
နွေဆိုတာမရှိ။ အချုပ်ခန်းမှာလူဆိုတာမရှိ။ နတ္ထိအခန်း။ “ဥစ္စာကံပေးမရသေး နှောက်နှေးဗျာပါမရှိရာ”ဟု
နှလုံးပိုက်သောသူများလည်းဖြစ်သည်။ သူများနှင့်ယှဉ်မတုသလို ယှဉ်လည်းမလုလိုသူများ ဖြစ်သည်။
ဒါ့ကြောင့် အရာရာ နောက်ကျခဲ့သည်။ ဆက်သွယ်စရာဆိုတာ ကြေးနန်းအပြင်
တကျွီကျွီလှည့်ရသော ဖုန်းခေတ်မှလွတ်သည်မှာ မကြာသေး။ ယခုတော့ ဂျီချပြီဟုသိရသည်။
ဆက်သွယ်မှုဧရိယာ
ပြင်ပနေရတော့လည်း အေးဆေး။ ဆယ်လူလာကို လိုင်းမိတဲ့တောင်ပေါ်တင် ကြိုးမဲ့ ကော့တလက်ဖြင့်
မြို့ထဲချ ဇိမ်နဲ့ပြောခဲ့ကြသည်။ အိမ်တိုင်းက ရေဒီယိုဖွင့်ပြီး
ဖမ်းနားထောင်နိုင်သည်။ ရွှေဈေး၊ ဆီဈေး၊ ဆန်ဈေးသာမက မြို့မှာကျန်ခဲ့တဲ့
ပလီပလာတွေနှင့် အီတာ ကြည်တာတွေလည်း ကြားနိုင်သေးသည်။ သတိမထားဘဲ
ပြောလိုက်မိလို့ကတော့ ရပ်ကျော်ရွာကျော်။ ပတ္တမြားFMအစစ်ဖြစ်သည်။ ပတ္တမြားမြေ၏ ရသစုံ
ကော့တလက်အသံလွှင့်ရုံ ကလေးများသည် ဒေါ်နန်းကြည်တောင်တော်စောင်းတွင် ရတနာပုံ နေပြည်တော်ဘက်
မျှော်လို့ အစီအရီ။
(မယုံမရှိလေနှင့်
လျှပ်စစ်ဓါတ်အားကို ပထမဆုံးပေးခဲ့ဖူးသောမြို့မှာ ပြတ်သားတို့မိုးကုတ်မြို့ဟု
မှတ်သား ထားရသည်။ သို့ရာတွင် ပြတ်သားတို့၁၉၉၅ခု ဆယ်တန်း အောင်တာတော့ အာလာဒင်နှင့် ဖြစ်သည်။)
မဖြစ်သေးတာကံဟု
ယုံကြသည်။ တစ်ချိန်ကဖြစ်ခဲ့ပြီးပြီဟု သဘောထားကြသည်။ ငါ့တို့ဆီမယ် ရုပ်ရှင်ရုံ ဆိုတာနှစ်ရုံ။
ဓါတ်ဆီတိုင်ဆိုတာ နှစ်တိုင်။ စာတိုက်၊
ဆေးရုံစုံခဲ့ပါပကောကွယ်လို့ ဖြေသိမ့်ကြသည်။ ဒါကြောင့် ပတ္တမြားမြေအမတ်ကြီးတွေ ယခုတိုင်
လွှတ်တော်မှာ အေးအေးဆေးဆေး ထိုင်နေနိုင်တာလည်းဖြစ်မည်။
သို့သော် ၁၉၉၅ခုနှစ်၊
စက်တင်ဘာလတွင် ပြဌာန်းလိုက်သော မြန်မာ့ကျောက်မျက်ရတနာဥပဒေနောက်က ခရိုနီလူတစ်သိုက် ငွေထုပ်တွေပိုက်
လိုက်လာသည်ကိုတော့ မျက်စီမှောက်မှား၍ သတိမမူသဖြင့် ဂူဟုမမြင်ခဲ့ကြပေ။ သည်ခရိုနီဂူတွေထဲမှာ
လက်ငုတ်တွေ မြှုပ်နှံလိုက်ရတာကိုလည်းကြမ္မာဟု သူတို့ထင်ခဲ့ကြသေးသည်။ သည်ကြမ္မာ တွေကို
လက်ဖက်တွေပြေးခူးရင်း တံမြက်စည်းတွေယက်ရင်း အံတုခဲ့ကြသည်။ (မိုးကုတ်တံမြက်စည်းက လူကြီးသုံး
သူဌေးသုံးမဟုတ်ပါလား) တယ်သီးတွေထုံးစိမ်သည်။ မက်ခေါက်သီး၊ ချည်စော်ကားသီးတွေ ယိုထိုး။
ကိုးတောင်ဝတ် ကျားတွေက ရမည်းသင်းသွား။ အားကိုးစရာ ယောင်္ကျားဘဲ ခပ်ရှားရှားဖြစ်လာသည်။
တစ်ချိန်တစ်ခါက တွင်းသားလုပ်ရန်
အနောက်ဘက်နယ်တွေက အိပ်ယာလိပ်တွေပိုက်ပြီး မိုးကုတ်မန်းကား၊ ဗဟိုစည်ကား၊
ကျားခေါင်းကား ခေါင်မိုးတွေပေါ်မှ
ချီတက်လာသူများအရပ်ထံတစ်ပြန်ကြော့လို့ ဂလဲ့စားချေရန် ကျွန်တော်တို့မိုးကုတ်သားတွေ
ချီတက်ရပြန်သည်။ နာရီပြင်၊ ခေါက်ဆွဲလာရောင်းသော ဆွေမျိုးပေါက်ဖော်တို့ ထံလည်း
ဟိုတယ်သန့်ရှင်းရေး၊ ထမင်းချက်ပန်းကန်ဆေးရန် ကျွန်တော်တို့အရပ်သမီးတွေ ခြံခုန်ပြေးရပြန်သည်။
ဒါကလည်း ကြမ္မာရဟတ်ပဲဖြစ်မည်။
ပေါက်ပြားတစ်လက်
ဆန်ခါတစ်ချပ်ရှိလျှင် ဘယ်နေရာမဆို ကျောက်ရှာစာလို့ရတယ်ကွ။ ထာတစ်ချပ်ရှိလျှင်
ကုန်သည်ပွဲစားလုပ်စားလို့ရတယ်။ မှတ်တစ်ချပ်၊ ကျောက်သွေးခုံတစ်လုံးရှိရင်
မီးပုံးနှင့်ကျောက်တံ ကျွဲချိုညှပ် ကိုင်ထားနိုင်သေးရင် အသွေးအပ်မယ့်သူကမရှားဘူးကွဆိုတဲ့
မာန်တွေကို ခရိုနီမြှားတွေမှန်ကုန်သည်။ နောက်ပိုင်း ဗလက်ကင်ဝှိုက်တီဗွီမှန်တွေကို ကျောက်တံမှာတပ်လို့
စိတ်ဖြေသွေးလေးသွေးရတာကိုပင် သွေးစရာရှိတာ ဟုတ်သေးတာပဆိုဘဲ။ အင်္ဂလိပ်အစိုးရလက်ထက်က
လစဉ်နယ်ပယ်ရုံးတွေမှာ ရတနာရောင်းပွဲတွေ ကျင်းပ ပေးခဲ့တာ အမှတ်ရဖို့ကောင်းသည်။
အဲ့ဒီအခါက စထရိတာ(Streeter&Co)က လက်ဝါးကြီးအုပ်သည်ထားတော့ မိုးကုတ်သားတွေ
ပြုံးပြုံးနဲ့ လစဉ်ငွေတွေအိတ်ထဲ ထည့်ထည့်ပြန်ကြမှာ သေချာနေသည်။ ရတနာက သူတို့ဘဲ ထုတ်လို့ရတာကိုး။
နယ်ချဲ့အင်္ဂလိပ်ကို
တောင်းတနေခြင်းမဟုတ်ပါ။ နယ်ချဲ့အင်္ဂလိပ်က နယ်သူနယ်သားတွေကို အသိအမှတ် ပြုတာကို
အမှတ်ရနေခြင်းဖြစ်ပါသည်။ ဒီလိုရတနာရောင်းပွဲတွေက
နယ်ချဲ့အင်္ဂလိပ်ပြန်တော့ လိုက်ပြန်သွားကြတာ အယုဒ္ဓယရောက်မှဆင်းနေခဲ့တော့ ယခုထက်တိုင်
မိုးကုတ်ရတနာတွေကို အလောင်းဘုရားရဲ့ကိုလိုနီတွေက သူတို့တွင်းထွက်တွေလို့
ခပ်တည်တည်ဖြီးပြီးရောင်းစားနေကြတာ များကြားရတော့ ရင်နာစရာ။
အခုခါ သူတို့မှာ တူးစရာမြေတွေ
ပျောက်ပြီ။ ငွေကိုလေလိုသုံးတာဟာ မိုးကုတ်သားလို့ ဆရာသော်တာဆွေကသာ မှတ်တမ်းတင်မထားရင်
ဟာသစကားဘဲ ဖြစ်တော့မည်။ မြေတွေကို ဇောက်ထိုးမိုးလှန် သွန်မှောက်ကုန်ပြီ။ စက်ကြီးတွေက
မှုတ်တင်လိုက်သောရေပိုက်ထိပ်မှ ရေပန်းဝါ၀ါကြီးတွေ တဖွားဖွားကျတာ အဝေးကသာငေးခွင့်ရတော့သည်။
လက်တံရှည်ရှည်ကြီးတွေနှင့် အကောင်ဝါ၀ါကြီးတွေက သူတို့အသဲတွေ၊ သူတို့နှလုံးတွေ၊ သူတို့အသားတွေကို
ကုတ်ခြစ်နေပြီ။ လွတ်လပ်ရေးကျောက်တိုင်က အကျိုးတူတွင်းကို ဦးညွတ်နေပြီ။
ဘောလုံးကွင်းက ရေအင်းဖြစ်ပြီ။ အရင်က သူတို့ဒါတွေမမြင်ဖူးခဲ့။ ၀ါးဖိုနဲ့ရေစုပ်မယ်။
သစ်သားရေမုံခွက်မှာပေါက်ပြားခုတ်ရင်းဗြုံးဆေးတယ်။ ပုတ်တောနဲ့ခနွှဲဆေးမယ်။
လေးပင်ကျင်းနဲ့တွင်းဖောက်မယ်။ ဒါလောက်ပါဘဲ။ သူတို့ချစ်သောမြေထဲက ရတနာထုတ်ကြတာ အသားထဲကဆူးထွင်တာလို
တကယ့်ကိုမှ တယုတယလေးဖြစ်သည်။ သူတို့ဘိုးဘွားပိုင်မြေ အရေပြားတွေ ပွန်းကုန်မှာမကြည့်ရက်ကြတာလည်းဖြစ်မည်။
ကျွန်တော်
သေချာပြောနိုင်တာကတော့ တွင်းဆိုတာမျိုးက မြေကိုဘယ်လို သွန်လို့မှောက်လို့လှန်လှန်
လေးပင်ခေါ် လေးပေကျယ်တွင်းလေးလောက်နှင့် တစ်တောင်တစ်ဆုတ် ဗြုံးအုပ်ကလေးနောက်သို့
လှိုင်ဖောက် လိုက်တတ်မှသာ ရတနာပါ ပါမည်။ ဒါကအနုပညာဆန်ချင်လည်း ဆန်နေမည်။ ဒါကို
မိုးကုတ်တွင်းဆရာတွေက ဗြုံးကျောမြေကျောရောက်အောင် အုန်း၊ ထုပ်၊ တိုင်ခံဆိုတဲ့ မျှောသားတိုင်များ
သုံးကာဖောက်ပြီး တွင်းမြေသား၊ ရေအနေ အထားတွေအရမြက်သပ် (မြက်ကို ၀ါးနှင့်သပ်)၍ လေးပင်တွင်းဆင်းကြခြင်းဖြစ်သည်။
ဒါတွေအပြင် ဗြုံးမြေလွှာအောက်မှာ အခံဆိုတာရှိသည်။ မိုးကုတ်အခေါ်အခံပေါက်လျှင်
ရတနာရှိရာ မြေလွှာကုန်လေပြီ။ တစ်ခါတစ်ခါ အခံက ပေရာချီနက်တတ်သော်လည်း တစ်ခါတစ်ခါ
ခါးလောက် ရင်ဆုတ်လောက်မှာပင် အခံပေါက် တတ်သည်။ အခံရောက်တာကိုမှ ဇွတ်တွန်းဖောက်လျှင်
စရိတ်ကုန်လူပန်း အကျိုးနတ္ထိပဲဖြစ်မည်။ ခေတ်မီသော အမြင်ဖြင့်ပြောရလျှင် သဘာဝပတ်ဝန်းကျင်ဖြုန်းတီးနေမှု
သက်သက်ပဲဖြစ်သည်။
လူကြီးတွေကတော့ အခုခေတ်ကောင်တွေက
ငတို့လောက် ကျောက်မရကြပါဘူးကွာတဲ့။ သူတို့ပြောလည်း ပြောချင်စရာ ရတနာဆိုတာမျိုးကလည်း
ရှာတတ်သူကိုပင် တူတူပုန်းတတ်သည့်အမျိုး။ တွင်းသားထဲမှာ စည်းဖောက်သူပါရင်
ငတိုငလျှိုပါရင် တိုဖို့လျှိုဖို့ စိတ်ကူးသူပါလျှင် ကိုယ်ကျင့်ပျက်သူ
မယားခိုးပါလျှင် လာဘ်တိတ်၍ တွင်းဆေးရင်းကျောက်မြင်ပါလျှက် ကောက်လိုက်မှပျောက်သွားတတ်တဲ့အမျိုး၊
ရဲခနဲမြင်လိုက်ပါလျှက် ကွယ်သွား တတ်တဲ့အမျိုး။ ဒါကိုပြကျောက်ဟုခေါ်ကြသည်။ ရတနာရှိသည်
မထိုက်လို့ လို့ပြသောကျောက်။ ဒါ့ကြောင့်ရတနာ လာရှာလျှင် ကိုယ်ကျင့်ပါပြင်လာဖို့တော့
လိုလေသည်။ မိုးကုတ်သားတွင်းဖောက်မှ ကျောက်ရမည်ဟုဆိုလျှင် ကျွန်တော်လွန်တော့မည်မထင်။
၁၈၈၉ခုနှစ်တွင်
အင်္ဂလိပ်တို့၏မြန်မာ့ပတ္တမြားတွင်းကုမ္ပဏီသည် ပထမဆုံးမိုးကုတ်တွင် ခေတ်မီစက်ကိရိယာ များဖြင့်တူးခဲ့ပြီး
၁၈၉၆ကစလို့အခြေအနေယိုင်နဲ့လာသဖြင့် ၁၉၃၁ခုနှစ်မှာ သူတို့စက်တွင်းတွေကို
အကုန်ရပ်ဆိုင်း ကာ ကုမ္ပဏီတစ်ခုလုံးဗြိတိန်ပြန်ပြေးကြသည်။ ၁၉၆၂ခုနှစ်
နောက်ပိုင်းတစ်ဝိုက်မှာတော့ နယ်ချဲ့အင်္ဂလိပ်ကပင် တွင်းတူးလိုင်စင်ချပေးခဲ့ရသောမိုးကုတ်သားတို့
ကိုယ့်ရေတွင်းမှာကိုယ် တိတ်တိတ်ကြိတ်ခပ်တတ်လို့ ရေလေးတော့ ရွှင်ရွှင်သုံခဲ့ရသေးသည်။ စည်စည်ဝေေ၀လေးနေခဲ့ရသေးသည်။
ဒါကလည်း ရန်သူမျိုးငါးပါးတတိယနှင့်ပဉ္စမသားတို့ ကြားမှဖြစ်သည်။ ၁၉၉၅ခုနှစ်
နောက်ပိုင်းတွင်တော့ကြမ္မာငင်ကာ မကလည်းတီး ကလည်းတီး မတီးလည်းက တီးလည်းကရင်း နေလာလိုက်ကြတာ
ယခုတိုင်ဘဲဖြစ်သည်။
မိုးကုတ်သူ၊
မိုးကုတ်သားတို့က သူတို့အိမ်လာလည်သောဧည့်သည်ပြန်လျှင် “ဖြည်းဖြည်းနော်”လို့
နှုတ်ဆက်တတ်ကြသည်။ ထိုအခါ နားမလည်ရှာသောဧည့်သည်တို့ ပြန်ဟန်ပြင်မှ ထိုင်ကြပြန်လေသည်။
၂၀၀၈ဖွဲ့စည်းပုံဖြင့် ၂၀၁၀ကစပြီး ပြည်သူ့ဆန္ဒစာမျက်နှာသစ် ခင်းကျင်းဖွင့်လှစ် လိုက်သောအခါ
ခရိုနီ၊ ခရိုပြာနှင့် မြန်မာ့ကျောက်မျက်ရတနာဗျူရိုကရေစီတို့ကို သူတို့“ဖြည်းဖြည်းနော်”ေ နဦးမည်လားမသိ။
မန္တလေးကထိန်ပွဲအငြိမ့်များဆီက
ဆရာမြို့မငြိမ်းရေးသော “လေချိုသွေးတယ်၊ လေ…ချိုသွေးတယ်” တေးသွားကို ကြားနေပြန်သည်။
“လေချိုသွေးကာ အပျော့ဆွဲ
ဆွဲတယ်၊ အားနားတတ်ရင် အားပါလိမ့်မယ်ရှင့်” လို့အမေလေပါတီရဲ့ အသံပဲ ကြားနေမိပြန်သည်။
No comments:
Post a Comment